မြန်မာ့တပ်မတော်သည် အတူယှဉ်တွဲ နေထိုင်နိုင်ရေး မူကြီး ၅ ရပ်ကို လေးစား လိုက်နာ လျက်ရှိရာ မြန်မာနိုင်ငံအား အခြေခံပြီး အိမ်နီးချင်းနိုင်ငံ၏ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်သည့်အပေါ် လက်ခံမည် မဟုတ်ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရတနာသီရိဂေါက်ကလပ်ခန်းမတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်က သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်စဉ် ဗိုလ်ချုပ်စိုးနိုင်ဦးက အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်စိုးနိုင်ဦးက “ ကျနော်တို့ တပ်မတော်ရဲ့ မူဝါဒက အိမ်နီးချင်း နိုင်ငံတွေရဲ့ တည်ငြိမ်မှု ထိခိုက် စေတဲ့ လုပ်ဆောင်မှု တွေကို ကျနော်တို့ မြန်မာနိုင်ငံမှာ အခြေခံပြီးတော့ လုပ်ဆောင်လာတာတွေကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေအောင် လုပ်ဆောင်တာတွေကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ကျနော်တို့ မူဝါဒ အနေနဲ့ ပြောကြားလိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ နယ်စပ်ဒေသ တလျောက်မှာရှိတဲ့ ဒေသတွေကို ထာဝရ တည်ငြိမ် အေးချမ်းဖို့ ကြိုးစားလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရေး မူဝါဒဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး မူကြီး ၅ ရပ်ကိုလည်း ကျနော်တို့ တပ်မတော်အနေနဲ့ လေးစားလိုက်နာကြောင်း ပြောကြားလိုပါတယ်”ဟု ဆိုသည်။
တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေမှု ကိစ္စ အပါအဝင် NSCN-K နာဂလက်နက်ကိုင် အဖွဲ့ ၏ ဌာနချုပ်ကို ထိန်းချုပ်ထားခြင်းကိစ္စနှင့် တပ်မတော်က အပစ်အခတ် ရပ်စဲရေး ကြေညာထားမှု ၂ လပြည့် အခြေအနေတို့အပေါ် အခြေခံပြီး ရှင်းလင်း သွားခဲ့သည်။
ထိုအရေးကိစ္စ ၃ ချက်အနက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)၏ ဌာနချုပ်ဖြစ်သည့် တကားစခန်း ကို မိမိတို့ ထိန်းချုပ်လိုက်ရခြင်းက NSCN-K သည် အိန္ဒိယနိုင်ငံကို တိုက်ခိုက်နေသည့် တရားမဝင် လက်နက်ကိုင် အဖွဲ့များ ကို လက်ခံထားခြင်း အပါအဝင် ၎င်းတို့ အသွင်ဆောင်၍ စစ်သင်တန်းများ ပေးအပ်နေခြင်းနှင့် တိုင်းဒေသကြီးအဆင့် အပစ် ရပ်စဲရေး သဘောတူ ညီချက်ကို ချိုးဖောက်ခြင်း တို့ကြောင့် ဖြစ်သည်ဟု တပ်မတော်ဘက်က ဆိုသည်။
ဗိုလ်ချုပ်စိုးနိုင်ဦးက “စစ်ကိုင်တိုင်းဒေသကြီး အစိုး ရ နဲ့ ၂၀၁၂ ခုနှစ်၊ဧပြီလ ၉ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး တည် ဆောက်ရန် ပဏာမ သဘောတူညီချက်စာချုပ်ကို ချိုးဖောက်လို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ယခု ဖြစ်စဉ်မှာတော့ အိန္ဒိယ နိုင်ငံကို ဆန့်ကျင်နေတဲ့ တရားမဝင် လက်နက် ကိုင် အဖွဲ့အစည်းဝင် တွေကို ၎င်းတို့ အသွင်ရယူ စေပြီးတော့ အဲဒီ NSCN-K စခန်းအနီးမှာပဲ နေထိုင်ခွင့်ပြုထားကြောင်း သိရတယ်၊ ဒါ့အပြင် ဒီအဖွဲ့ကို စစ်သင်တန်းပေးဖို့ သင်တန်းဖွင့်လှစ်တာတွေ ရှိတယ်။ ဒါကြောင့် အခုလို ဆောင်ရွက်တာ ပါ”ဟု ပြောသည်။
NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်ကတော့ မိမိတို့အနေနဲ့ တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ခြင်း မရှိကြောင်းနှင့် အိန္ဒိယ သူပုန်များကို လက်ခံ ထားခြင်းမှာလည်း နယ်မြေ ဆက်စပ်မှု အရ လာရောက် လှုပ်ရှားကြခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
“ဒီနာဂတောင်တန်းကြီးက အိန္ဒိယနဲ့ တလျောက်လုံး နယ်စပ်ဖြစ်တာ၊ အနည်းနဲ့ အများပဲ လာခိုလှုံကြမှာပဲ။ နာဂနယ်မြေမှာ လာခိုလှုံတာတော့ ကိုယ့်ဘက်ကတော့ ဝန်ခံတာပေါ့၊ နယ်မြေချင်း ထိစပ်လို့ လာခိုလှုံသွားတာတော့ ကျနော်တို့ဆီမှာပဲ မဟုတ်ဘဲနဲ့ တခြားသော အဖွဲ့အစည်းဆီမှာ လည်း ခိုလှုံတာလည်း ရှိရင် ရှိမှာပေါ့နော်၊ ဒီအပိုင်းနဲ့ ပြောတာတော့ အစိုးရ ဘက်က ပြောတာတော့ ဒါတော့ မမှားပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ တာဂါဒေသရှိ NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းတွင် အိန္ဒိယကို ဆန့်ကျင်နေသည့် အာသံနှင့် ကသည်းသူပုန်များ ခိုအောင်း နေခြင်းကြောင့် တပ်မတော်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် အင်အား ၄၀၀ ကျော်ဖြင့် ဝင်ရောက်၍ နယ်မြေရှင်းလင်းရေးလုပ်ကာ ထိန်းချုပ် ထားသည်မှာ ယနေ့ထိ တိုင်ဖြစ်သည်။
အဆိုပါ တကားစခန်းကို ထိန်းချုပ်ထားခြင်းနှင့် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သည့် အခြေအနေနှင့်ပတ်သက် ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်၊ ၉ ရက် ၁၆ ရက်တို့က စုစုပေါင်း ၃ ကြိမ် တိတိ သတင်းထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူ ၁၄ ဦးရှိပြီး အလောင်း ၁ လောင်း ရရှိကြောင်း၊ လက်နက်မျိုးစုံ ၈၀ လက် နှင့် ကျည်မျိုး စုံ ၁၇၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း၊ ဗုံးသီးမျိုးစုံ ၂၉၀ ကျော်နှင့် လေ့ကျင့်ရန် လုပ်ထားသည့် တုတ်-ဓါး-လက်နက် ၁၈ လက် သိမ်းဆည်းရမိကြောင်း၊ လူနေ တဲနှင့်အဆောက်အအုံ ၆၅ လုံး ထိန်းသိမ်းထား ပြီး စစ်သင်တန်း လေ့ကျင့်ရေး ကွင်းများ လည်း တွေ့ရှိထားကြောင်း၊ ငွေ ၁၃ သိန်းကျော်လည်း သိမ်းဆည်းရမိ ထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
NSCN-K သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက် တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် အစိုးရနှင့် တပ်မတော်ဘက် က ကမ်းလှမ်းခံ ထား ရသည့် နာဂလက်နက်ကိုင် အဖွဲ့ဖြစ်သည်။
ထိုအဖွဲ့သည် အိန္ဒိယနိုင်ငံကို ဆန့်ကျင် တိုက်ခိုက်နေသည့် အာသံသူပုန် များနှင့် ကသည်း သူပုန်တို့ အပါအဝင် သူပုန်အဖွဲ့ စုစုပေါင်း ၉ ဖွဲ့ ပါဝင်သည့် United National Liberation Front of Western South East Asia (UNLFWSEA)ဆိုမှာ အဖွဲ့ဝင် ဖြစ်ကြောင်း သိရသည်။
တပ်မတော်က တကားစခန်းကို ထိန်းချုပ်ထားခြင်းကြောင့် ဖေဖော်ဝါရီလအတွင်းမှာ NSCN-K မှ ထိပ်သီး ခေါင်း ဆောင် များ NCA ထိုးရေး မထိုးရေး အကြိတ်အနယ် ဆွေးနွေးမည့် အစည်းအဝေးများ ရပ်ဆိုင်းထားရသလို နေပြည်တော်သို့ သွားရောက်၍ အစိုးရ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန် စီစဉ်ထားမှုများလည်း ရပ်ဆိုင်းထားရသည်ဟု NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောသည်။