သတင်း

အစ္စရေး၏ ပထမဆုံး “လ”စူးစမ်းရေး အာကာသယာဉ် လွှတ်တင်

Want create site? Find Free WordPress Themes and plugins.

အစ္စရေး၏ Beresheet အာကာယာဉ်ကို သယ်ဆောင်လျက် ဒုံးပျံတစင်းကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကိတ် ကနေဗာရယ်မှ ကြာသပတေးညက လွှတ်တင်လိုက်သည်။ အဆိုပါ ပစ်လွှတ်မှုသည် အစ္စရေး၏ ပထမဆုံး အကြိမ် လသို့ ရောက်ရှိရန် သီးသန့်ကြိုးပမ်းမှုဖြစ်ပြီး ဂျူးနိုင်ငံတော်၏ ပထမဆုံး ပစ်လွှတ်မှုလည်း ဖြစ်သည်။

၅၈၅ ကီလိုဂရမ်(၁၂၉၀ ပေါင်) အလေးချိန်ရှိသည့် Beresheet အာကာသယာဉ်သည် ဟီဗရူးဘာသာစကားအရ ဇာစ်မြစ်ဟု အဓိပ္ပါယ်ရပြီး ၎င်းကို ဒေသစံတော်ချိန် ည ၈း၄၅ နာရီ(ဂရင်းနစ် စံတော်ချိန် သောကြာ နံနက် ၁း၄၅ နာရီ) တွင် အမေရိကန်အခြေစိုက် SpaceX ကုမ္ပဏီ၏ စွန့်ဦးတီထွင် Elon Musk မြေပြင်စခန်းမှ ဒုံးပျံဖြင့် လွှတ်တင်လိုက်ခြင်းဖြစ် သည်။

ယင်းသို့ လပေါ် စူးစမ်းရေးဒုံးပျံလွှတ်တင်နေခြင်းကို အစ္စရေးနိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသနေခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးအာကာသစက်မှုလုပ်ငန်း(IAI) ထိန်းချုပ်ဌာနမှ အင်ဂျင်နီယာများနှင့်အတူ တောက် လျှောက်ကြည့်ရှုနေခဲ့သည်။

အစ္စရေးအာကာသယာဉ်သည် ကမ္ဘာပတ်လမ်းကြောင်းထဲတွင် နေရာယူနိုင်ခဲ့ကာ ထိုလမ်းကြောင်းထဲမှ ၎င်း၏ ကိုယ်ပိုင် အင်ဂျင်ဖြင့် လဆီသို့ ချဉ်းကပ်နိုင်ရန် ရက်သတ္တ ၇ ပတ်အချိန်ယူပြီးနောက် လမျက်နှာပြင်ရှိ ကျယ်ပြန့်သောလွင်ပြင်ထံ လာမည့် ဧပြီလ ၁၁ ရက်တွင် ထိတွေ့နိုင်ဖွယ်ရှိသည်။

ယခုပစ်လွှတ်လိုက်သောဒုံးပျံတွင် အင်ဒိုနီးရှားဂြိုဟ်တုတလုံးနှင့် အမေရိကန်လေတပ်သုတေသနဓာတ်ခွဲခန်းမှ ဂြိုဟ်တု တလုံးတို့ ပါဝင်ထားသည်။

ယခုလွှတ်တင်ခြင်းသည် လဆီသို့ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွား သက်တမ်းတိုး လိုက်သည့် အစိတ်အပိုင်းဖြစ်ပြီး လကို တခါတရံ ကမ္ဘာ၏ အဋ္ဌမမြောက်တိုက်ကြီးဟု တင်စားခေါ်ဝေါ်ကြသည်။ အမေရိကန်က လမျက်နှာပြင်ပေါ်သို့ လူသား ခြေချ၍ လျှောက်လှမ်းခဲ့ပြီးနောက် နှစ် ၅၀ အကြာတွင် ယခုတဖန် လစူးစမ်းရေးဖြစ်ပေါ်လာခြင်းဟု ဆိုသည်။

“ဒါဟာ သမိုင်းမှတ်တိုင် တခု စိုက်ထူလိုက်တာပါပဲ။ အဲဒါကို အခု တိုက်ရိုက ်ထုတ်လွှင့်ပြသနေပါတယ်။ အစ္စရေးဟာ လဆီကို ဦးတည်သွားနေတာကို အားလုံးက ဝိုင်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု အစ္စရေးအာကာသယာဉ်ဖြစ်မြောက်ရေး အဖွဲ့အစည်း SpaceIL က တွီတာလူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းအာကာသယာဉ်အတွက် ကုန်ကျစရိတ်များကို စီးပွားရေးသမားနှင့်ပရဟိတသမားတဦးဖြစ်သူ မောရစ်ကန်က ထုတ်ပေးခဲ့သည်။ “ကျနော်တို့အတွက် ဂုဏ်ယူစရာပါ” ဟု သူက ကြာသပတေးနေ့တွင် ပြောကြားသည်။

အစိုးရ အာကာသဌာန မဟုတ်သည့် စွန့်ဦးတီထွင် သမားတစုတို့က ယင်းစီမံကိန်းအတွက် ကနဦးက ဒေါ်လာ ၁၀ သန်း မှန်းထားခဲ့သော်လည်း နောက်ဆုံးတွင် ဒေါ်လာ သန်း ၁၀၀ အထိ ဖြစ်သွားခဲ့သည်။

အစ္စရေး အာကာသ စက်မှုလုပ်ငန်း(IAI) ၏ အခြားမိတ်ဖက်များအဖြစ် ပါဝင် အကောင်အထည် ဖော်ခဲ့သော အဖွဲ့အစည်း များမှာ အစ္စရေး အာကာသဌာနနှင့် အစ္စရေး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

ယခုအချိန်အထိ လပေါ်သို့ ၃၈၄,၀၀၀ ကီလိုမီတာ(၂၃၉,၀၀၀ မိုင်) အကွာအဝေးခရီးရှည်ကို ဖြတ်သန်းလျက် အာကာသ ယာဉ်ဖြင့် ရောက်ရှိနိုင်သော နိုင်ငံများမှာ ရုရှား၊ အမေရိကန်နှင့် တရုတ်တို့သာ ရှိသေးသည်။

တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်ကတည်းက လပေါ်သို့ ဆင်းရန် ကြိုးစားခဲ့ရာ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၃ရက်နေ့တွင် တရုတ်လုပ် Chang’e-4 သည် ပထမဆုံးအကြိမ် အစမ်းသဘော ဆင်းသက်နိုင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading