မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြန်လည်ပြင်ဆင်ထားသော ဥပဒေ (၂၀၁၈) ပါ အမျိုးအစားမြေယာများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုလိုပါက မှတ်ပုံတင်ရန် ခွင့်ပြုထားသည့် သတ်မှတ်ကာလ ၆ လသည် မတ်လ ၁၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က ထိုပြင်ဆင်ချက်ဥပဒေကို ယမန်နှစ် စက်တင်ဘာလက အတည်ပြုခဲ့ပြီးနောက် တလကျော်အကြာတွင် ထိုဥပဒေပြဌာန်းချက်ကို ပြည်သူများ ပိုမိုသိရှိစေရန် အစိုးရသည် နိုင်ငံပိုင်မီဒီယာများမှတဆင့် ဖော်ပြပြီး ပြည်သူများကို မြေယာမှတ်ပုံတင်ရန် တိုက်တွန်းခဲ့သည်။ သို့သော် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ အတိအကျ မရှိသေးပေ။
ထိုဥပဒေပြဌာန်းချက်သည် မျှတမှုမရှိဟု တိုင်းရင်းသားလူနည်းစုများ၏ မြေယာပိုင်ဆိုင်မှုကို ခြိမ်းခြောက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ လူနည်းစုတိုင်းရင်းသားများသည် ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ မြေယာလုပ်ပိုင်ခွင့် ကျင့်သုံးပြီး ဥပဒေအရ မြေယာလုပ်ပိုင်ခွင့် မရှိထားသည်က များသောကြောင့် ၎င်းတို့မြေယာ ဆုံးရှုံးရမည်ကို စိုးရိမ်ကြသည်။
ယခင်အပတ်အတွင်း ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်စလုံးမှ အဖွဲ့ဝင်များပါဝင်သည့် ချင်းမြေယာ ဆိုင်ရာ ကွန်ရက် (CLAN) ကလည်း ထိုဥပဒေသည် ၎င်းတို့ဒေသတွင် ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေမည် ဖြစ်သောကြောင့် ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။
ချင်းတိုင်းရင်းသားများသည် ချင်းပြည်နယ်အတွင်းရှိမြေယာများ၏ မူလပိုင်ရှင်များဖြစ်ကြောင်းနှင့် ဤသည်ကို ဌာနေချင်းတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ပြင်ဆင်ပြောင်းလဲ၍ ရမည်မဟုတ်ကြောင်း CLAN ၏ ပြောခွင့်ရသူ မန်ဇခုပ် ကပြောသည်။ ချင်းတိုင်းရင်းသားများသည် ပြည်နယ်အတွင်းရှိ ဘိုးဘပိုင်မြေပေါ်တွင် နေထိုင်လုပ်ကိုင်နေသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ပြီဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေနှင့် ထိုဥပဒေပြင်ဆင်ချက်ဖြစ်သည့် ၂၀၁၈ ဥပဒေတို့သည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများကို ဆုံးရှုံးရစေမည်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ၎င်းက ပြောဆိုသည်။
အလားတူစွာပင် ကရင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီနှင့် မွန်တိုင်းရင်းသား မြေယာလှုပ်ရှားမှုကွန်ရက်များနှင့် ရာနှင့်ချီသော လူထုအခြေပြုအဖွဲ့အစည်းများကလည်း ထိုဥပဒေအပေါ် စိုးရိမ် ပူပန်မှုများကို ထုတ်ဖော်ပြောဆိုထားကြသည်။
တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ဒီဇင်ဘာလအတွင်းက ထိုဥပဒေကို လူသိရှင်ကြားကန့်ကွက်ပြီး ပြန်လည် ရုတ်သိမ်းရန် တောင်းဆိုသည်။ KNU က ထိုဥပဒေပြဌာန်းချက်သည် NCA ပြဌာန်းချက်များနှင့် မကိုက်ညီဟု ဆိုသည်။ NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်အရ မြေယာဆိုင်ရာမူဝါဒများကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ရေးဆွဲချမှတ်ရမည်ဟု ပြဌာန်းထားသည်။
KNU သစ်တောဌာန တာဝန်ခံ ဖဒိုမန်းဘထွန်းက KNU အနေဖြင့် မြေယာမူဝါဒနှင့်ပတ်သက်၍ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ဆိုသည်။ မြေယာလုပ်ပိုင်ခွင့် သတ်မှတ်ရာတွင် အစိုးရက နိုင်ငံတော်ပိုင် မူဝါဒအတိုင်းဆောင်ရွက်ပြီး KNU က ကရင်တိုင်းရင်းသားလူထုပိုင် မြေယာမူဝါဒအရ ချဉ်းကပ်သောကြောင့် ဖြစ်သည် ဟု ၎င်းကဆိုသည်။
တိုင်းရင်းသားဒေသများမှ ပြည်သူအများအပြားသည် ဘိုးဘွားပိုင်မြေ၊ ရပ်ရွာပိုင်သစ်တောနှင့် ရွှေ့ပြောင်း လယ်ယာပိုင်ဆိုင်မှု အပါအဝင် မြေယာကို အများခွဲဝေပိုင်ဆိုင်မှု နည်းလမ်းအတိုင်းကိုသာ ဆက်လက် ကျင့်သုံးလိုကြသည်။
KNU ထိန်းချုပ်သည့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသများတွင်ပင် လူထုပိုင်မြေယာများဖြစ်သော ကျေးရွာပိုင် သစ်တော၊ သားရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဘေးမဲ့သစ်တောဟု သတ်မှတ်ထားသည့် မြေဧက ၃ သန်းကျော်ရှိသည်ဟု ဖဒို မန်းဘထွန်း၏ အဆိုအရ သိရသည်။
မည်သည့်ဥပဒေပြင်ဆင်ချက်က စိတ်ပူပန်မှု ဖြစ်စေသနည်း။
ဓလေ့ထုံးတမ်းအစဉ်အလာ လုပ်ပိုင်ခွင့်အောက်ရှိ မြေယာများ မှတ်ပုံတင်ရန်မလိုဟု ပြင်ဆင်ချက်ဥပဒေတွင် ပါရှိသည်။ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက် ဥပဒေ အပိုဒ် ၃၀ အရ မှတ်ပုံတင်ရမည့် မြေယာများတွင် “(ခ) ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများ (ဂ) အများပြည်သူ နှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ အတွက် လက်ရှိအသုံးပြုထားသည့် မြေများ” သည် ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ဖော်ပြထားသည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြုံလာရသည့် ရှုပ်ထွေးလှသော ဗျူရိုကရေစီ ယန္တရား အတွေ့အကြုံများအရအပြင် ဥပဒေပြဌာန်းချက်ပါ ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေယာလုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး မည်သို့ ကင်းလွတ်ခွင့်ပေးမည်လဲ ဆိုသည့်အပေါ် အသေးစိတ်အချက်အလက်များ ရှိမနေခြင်းကြောင့် လူနည်းစုတိုင်းရင်းသားများက ဝေဖန်ကြပြီး အများစုက ဥပဒေများကိုလည်း အယုံအကြည် ကင်းမဲ့နေကြသည်။
“ကျနော်တို့လိုချင်တာက ရိုးရာအစဉ်အလာမြေပိုင်ဆိုင်ခွင့်နဲ့ ဘိုးဘွားပိုင်မြေတွေကို ဥပဒေအရ ကာကွယ်ပေးရမယ်။ ဖျက်ဆီးဖို့ မဟုတ်ဘူး” ဟု ချင်းပြည်နယ် တီးတိန်တွင်နေထိုင်သူ မန်ဇခုပ် ပြောသည်။
ချင်းတိုင်းရင်းသားလည်း မဟုတ်၊ ချင်းပြည်နယ်မှလည်း မဟုတ်သော ပြင်ပလူများက ပုဂ္ဂလိက စီးပွားရေး လုပ်ရန် ချင်းပြည်နယ်မှ မြေများကို မြေလွတ် မြေရိုင်းအဖြစ် မှတ်ပုံတင်ရန် ကြိုးစားမှုများလည်းရှိပြီး ထိုကိစ္စများသည် ရိုးရာအစဉ်အလာမြေယာလုပ်ပိုင်ခွင့်ကို ထိခိုက်စေသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် မြေအားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်က ပိုင်ဆိုင်ပြီး မြေအသုံးပြုသူတိုင်းသည် မြေစာရင်းဌာနတွင် မှတ်ပုံတင်ကြရသည်။
နိုင်ငံတွင်းရှိ မြေဧက ၄၅ သန်းမှ သန်း ၅၀ ခန့်အထိသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် ရှိနေသည်ဟု ခန့်မှန်းသတ်မှတ်ထားသည်။ ထိုမြေများ၏ ၈၂ ရာခိုင်နှုန်းခန့်သည် တိုင်းရင်းသားဒေသများတွင် ရှိနေသည်ဟု ဒို့မြေကွန်ရက် အမည်ရှိ မြေယာအခွင့်အရေးလှုပ်ရှားမှုအဖွဲ့က အစိုးရစာရင်းဇယားများကို ကိုးကားပြီး နိုဝင်ဘာလက ထုတ်ပြန်ကြေညာချက်တခုတွင် ဖေါ်ပြသည်။
ဥပဒေအရ နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၊ မြေယာမဲ့နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အရေးများ ဖော်ဆောင်နိုင်ရေးတို့အတွက် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုတူးဖေါ်ထုတ်လုပ်ရေးနှင့် အခြား အစိုးရက ခွင့်ပြုထားသော တရားဝင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရသည် စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး မြေယာမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်း အဓိက စိုက်ပျိုးသီးနှံမှာ ဆန်စပါး ဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်သည်။
မြေလွတ်မြေလပ် မြေရိုင်းများ အသုံးပြုခွင့်အတွက် မှတ်ပုံတင်ရာတွင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၈ ခုနှစ်မေလအထိ တောင်သူ ၅.၉ သန်းအတွက် မြေဧက ၂၄.၈၆ သန်းကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်သည်ဟု သိရသည်။
ပြင်ဆင်ချက်ဥပဒေအရ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် မြေဧက ၃၀၀၀ မှ ၃၀၀၀၀ အထိကို နှစ်ရှည်သီးနှံ၊ ဥယျာဉ်ခြံ နှင့် စက်မှုကုန်ကြမ်းသီးနှံစိုက်ရန် ချထားပေးခွင့်ရှိသည်။ မူလဥပဒေက ဧက ၅၀၀၀ မှ ၅၀၀၀၀ အထိ ခွင့်ပြုထားသည်ကို ပြင်ဆင်ချက်တွင် လျှော့ချလိုက်ခြင်း ဖြစ်သည်။ မြေယာလုပ်ပိုင်ခွင့်ကို နှစ် ၃၀ အထိ ခွင့်ပြုနိုင်သည်။
အသေးစားလုပ်ကွက်ငယ် တောင်သူများအနေဖြင့်လည်း မိသားစု တနိုင်တပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် မြေဧက ၅၀ အထိလျှောက်ထားနိုင်သည်ဟု ဥပဒေတွင် ပြဌာန်ထားသည်။
မှတ်ပုံတင်ရန် ပျက်ကွက်ကာ ခွင့်ပြုမိန့်မရှိဘဲ မြေလွတ် မြေလပ် မြေရိုင်းများတွင် စိုက်ပျိုးလုပ်ကိုင်နေခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်နေသူများကို တွေ့ရှိပါက ကျူးကျော်သူများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ထောင် ၂ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀၀၀ (၅ သိန်း)အထိ ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ထိုဥပဒေတွင် ပြဌာန်းထားသည်။
လက်ရှိ ခွင့်ပြုမိန့်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတူးဖေါ်ရေးလုပ်ကိုင်သူများအနေဖြင့် လိုအပ်ပါက သက်တမ်းတိုးပြီး ဆက်လက်လုပ်ကိုင်နိုင်သည်။ ဥပဒေပြင်ဆင်ချက်အရ မှတ်ပုံတင်ပြီး ၄ နှစ် အတွင်း သတ်မှတ်ထားသော လုပ်ငန်းအတွက်မဟုတ်ဘဲ ပျက်ကွက်ပါက ထိုမြေကို ပြန်လည်သိမ်းဆည်းမည် ဖြစ်သည်။
ပြင်ဆင်ချက် ဥပဒေနှင့်ပတ်သက်ပြီး ကျေးလက်ပြည်သူများ သိရှိမှု အားနည်းသောကြောင့် သတင်းအချက်အလက်ရရှိစေရေးအတွက် ဝန်ကြီးဌာနက အကောင်းဆုံးကြိုးစားလုပ်ကိုင်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ဧရာဝတီ သတင်းဌာနသို့ မကြာသေးမီက ပြောဆိုထားသည်။
နေရပ်စွန့်ခွာနေရသူများ၏မြေကို အလုအယက် မှတ်ပုံတင်လိုကြ
ထိုဥပဒေသည် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ် ပဋိပက္ခဒေသများအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ IDPs များအတွက်လည်း စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ UNOCHA ၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကထုတ်ပြန်သော စာရင်းများအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ပြည်သူ ၁၀၆၂၉၀ ဦးသည် အစိုးရထိန်းချုပ်ဒေသနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လက်ရှိနေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ ၁၂၈၀၀၀ ရှိသည်။ ထိုင်းမြန်မာနယ်စပ်မှ ကာလကြာမြင့်စွာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သိန်းခန့်မှာလည်း ၎င်းတို့၏ မြေကို ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်နေသည်မှာ ၇ နှစ်ကြာသည့်တိုင် ၎င်းတို့ နေရပ်မပြန်နိုင်ကြသေးပေ။
ဦးလဒီးသည် မြန်မာတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ တိုက်ပွဲများပြန်လည်ဖြစ်ပွားချိန်မှစတင်ပြီး ကချင်ပြည်နယ် မိုးမောက်မြိုနယ်ရှိ နှစ်ခြင်းခရစ်ယာန် အသင်းတော်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တဦးဖြစ်သည်။ မိုးမောက်မြို့နယ်မှ သူ၏ကျေးရွာဖြစ်သော တကော်ကျေးရွာမှ မိသားစု ၇၀ သည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး မိုးမောက်ရှိဘုရားကျောင်းများ တွင် ခိုလှုံနေသူ စစ်ဘေးရှောင် ၃၀၀၀ ကျော်နှင့် လာရောက်ပူးပေါင်းခဲ့ကြရသည်။
၎င်းတို့မြေကို တနိုင်တပိုင်စိုက်ပျိုးရေး သို့မဟုတ် စီးပွားရေးလုပ်ငန်းတွင်သုံးနိုင်ရေး ခွင့်ပြုမိန့်အတွက် မှတ်ပုံတင်ရန် လိုအပ်ခြင်းကြောင့် ရွာမှစွန့်ခွာနေရသူ သူ့အတွက် မြေယာလုပ်ပိုင်ခွင့်ဆုံးရှုံးသွားမည်ကို စိုးရိမ်နေသည်။ လွန်ခဲ့သောနှစ်က တစ်ရှူးငှက်ပျောစိုက်ပျိုးရန်အတွက် ဒေသခံများ၏မြေများကို ကုမ္ပဏီများက မြေလွတ်၊မြေလပ်အဖြစ်မှတ်ပုံတင်ရန် စိတ်ဝင်စားနေကြောင်း သိရသောအခါ တကော် ရွာသားများ တားမြစ်ခဲ့ကြရသည်။ ထိုကုမ္ပဏီများသည် ၎င်းရွာအနီးရှိ နမ့်ဆိုင်းကျေးရွာတွင် တစ်ရှူးငှက်ပျော ဧက ၇၀၀ ခန့်စိုက်ပျိုးထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။ တရုတ်ကုမ္ပဏီများသည် ကချင်ပြည်နယ် တဝန်းရှိ မြို့နယ်အများအပြားတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေအသုံးပြုခွင့်ရနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ကချင်စစ်ဘေးရှောင်များ၏ မြေများကို မြေလွတ် မြေလပ်အဖြစ် လုပ်ပိုင်ခွင့်တောင်းသည်ကို သတိထားမိကြောင်းနှင့် ထိုသို့ တောင်းခံမှုများအတွက် မြေအသုံးပြုခွင့် ပေးခွင့်မရှိကြောင်း ကချင်ပြည်နယ်အစိုးရက ပြောသည်။
“ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့တွေ့တဲ့အချိန် အဲဒါတွေ ပြောဖြစ်တယ်။ စစ်ရှောင်တွေရဲ့ နေရာတွေမှာ ပိုက်ဆံရှိတဲ့လူ အာဏာရှိတဲ့လူက ဒီနေရာတွေကို လက်ဦးချင်တဲ့ ယူချင်တဲ့သဘောတွေ ရှိလာတယ်ပြောတယ်။ အဲဒါကြောင့် သူ့အနေနဲ့ ဒီဟာတွေကို လုံး၀ မလုပ်ရဘူး လို့ ပြောထားတယ်လို့ ဆိုတယ်။ အဓိကကတော့ စစ်ရှောင်တွေရဲ့ နေရာတွေပဲပေါ့” ဟု မြစ်ကြီးနားမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ် ကပြောသည်။
“စစ်ရှောင်တွေက မကြာခင် အကယ်၍ (မြောက်ပိုင်းတိုင်းတွင် တပ်မတော်၏ ၄ လကြာ) အပစ်ခတ်ရပ်စဲတာ ရေရှည်ဖြစ်သွားရင် ဒါ သူတို့ ပြန်လုပ်စားရမယ့် နေရာ။ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူးလို့ အဲဒီလိုမျိုး ကျနော်တို့ကို (ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်က) ပြောထားတယ်။ ဒီနယ်မြေ ဒေသတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်အစိုးရက တားမြစ်ထားတာ ရှိတယ်လို့ သူပြောပြတယ်” ဟု ဦးအင်ထုံးခါးနော်ဆမ်က ယခုရက်ပိုင်းတွင် ဧရာဝတီသို့ ပြောဆိုသည်။
နေရပ်ပြန်ရန် စစ်ဘေးရှောင်များ မျှော်လင့်နေသော်လည်း ကျေးရွာများအနီးတွင် စစ်စခန်းများ ရှိနေသောကြောင့် နေရပ်ပြန်ရေးအပြင် မြေယာမှတ်ပုံတင်ရေးမှာ ၎င်းတို့အတွက် မဖြစ်နိုင်သေးပေ။
“ကျနော်တို့က ရွာပြန်ချင်ပါတယ်။ ဒါပေမယ် ရွာနားမှာ တပ်စခန်းချထားသေးတယ်။ အခြေအနေမကောင်းလို့ တိုက်ပွဲပြန်ဖြစ်ရင် ကျနော်တို့ပဲ ဓါးစာခံ ဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့ဒေသမှာ လုံးလုံးငြိမ်မှဖြစ်မယ်။ တည်ငြိမ်ငြိမ်းချမ်းမှုကို လိုချင်တယ်” ဟု ဦးလဒီးကပြောသည်။
(ငြိမ်းငြိမ်းသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ တွဲဘက်အယ်ဒီတာဖြစ်ပြီး ၎င်း၏ Rising Public Concern Over Vacant Land Law Amendment Goes Unaddressed ကို ဘာသာပြန်သည်။)