တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ တည်ဆောက်ရန်ကြိုးစားမှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် အယုံအကြည်ကင်းမဲ့ခြင်းသည် ကြီးထွားလာသည်။
ထိုအားထုတ်မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံအားပေးနေသည်ဟု အများက စွပ်စွဲကြသည်။ ထိုလုပ်ရပ်ကို ဆန့်ကျင်မှုသည် ကယားပြည်နယ်တွင် လွန်စွာပြင်းထန်လှသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာလူမျိုးစု၏ သူရဲကောင်း ဖြစ်သော်လည်း တိုင်းရင်းသားများတွင်လည်း ၎င်းတို့၏ သူရဲကောင်းများရှိကြသည်။ တိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူများက ထိုရုပ်တုများသည် ၎င်းတို့ ဒေသ သမိုင်းကို ဖျောက်ဖျက်မှုဖြစ်သည်ဟု မြင်ပြီး ဆက်လက်ဆန့်ကျင်နေကြသည်။
NLD သည် လွတ်လပ်ရေးသူရဲကောင်းကို အမြတ်ထုတ်အသုံးချနေသည်ဟု လွိုင်ကော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဆန့်ကျင်ရေးကို ဦးဆောင်သော တက်ကြွလှုပ်ရှားသူ ခွန်းဘီထူး ကပြောသည်။
ခွန်းဘီထူးသည် ကယန်းတိုင်းရင်းသား (ကရင်နီ)ဖြစ်ပြီး ကယန်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ သူ၏ဒေသတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဦးဆောင်သောကြောင့် စစ်အစိုးရက သူ့ကို ဖမ်းဆီးပြီး ထောင် ၄ နှစ်ချခဲ့သည်။
“ဗိုလ်ချုပ်အောင်ဆန်းက သူရဲကောင်းပဲ။ ဒီတော့ NLD က ရုပ်တုတွေတည်ဆောက်ပြီး သူတို့ကိုယ်သူတို့ သူရဲကောင်းပုံဖမ်းနေတာ” ဟု သူက ဝေဖန်သည်။
NLD သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားအုပ်စုများ၏ နိုင်ငံရေးသဘောတူညီချက်ကို လေးစားလိုက်နာခြင်းမရှိကြောင်း သူက ပြောသည်။
ခွန်းဘီထူးက “ဒီသဘောတူညီချက်ဟာ သမိုင်းရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒါကြောင့် သူတို့ ဒါကို ဂရုမစိုက်ကြဘူး။ ဒီနေ့က သူတို့ခေတ်ဆိုတော့ သူတို့အမှား မလုပ်ဘူးလို့ထင်နေကြတာ” ဟုလည်း သုံးသပ်သည်။
NLD ၏လုပ်ရပ်များသည် ပါတီအတွက် မည်သည့်ကောင်းကျိုးမျှ မရဘဲ တိုင်းရင်းသားအုပ်စုများ၏ ယုံကြည်မှုကိုသာ ထိခိုက်စေသောကြောင့် ကံမကောင်း အကြောင်းမလှကြောင်း သူက ဆက်ပြောသည်။
ဒေသခံပြည်သူများ၏ ဆန့်ကျင်မှုများ ရှိနေသော်လည်း ထိုရုပ်ထုကို ဆက်လက်တည်ဆောက်ခဲ့သောကြောင့် NLD သည် လူအများကြားတွင် ကြီးမားသော မနှစ်မြို့စိတ်များ ဖြစ်စေသည်ဟုလည်း သူပြောသည်။
ထိုရုပ်တုများတည်ဆောက်ခြင်းသည် ပါတီ၏ မူဝါဒမဟုတ်သကဲ့သို့ ပါတီဗဟိုခေါင်းဆောင်မှုက ကိုယ်စားလှယ်များအား ရုပ်တုများ တည်ဆောက်ရန် ညွှန်ကြားခြင်းလည်း မရှိကြောင်း NLD ပါတီ အဆင့်မြင့်ခေါင်းဆောင်များက ပြောသည်။
ထိုသို့ပြောကြားခြင်းကို ခွန်းဘီထူးက ပယ်ချသည်။ ထိုလုပ်ရပ်သည် ပါတီမူဝါဒဖြစ်ကြောင်းနှင့် ရုပ်တုလှုပ်ရှားမှုသည် NLD ၏ နိုင်ငံရေး ကစားကွက်ဖြစ်ကြောင်း သုံးသပ်သည်။
လက်ရှိအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်နယ်များတွင် တည်ဆောက်ထားပြီးဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့် တိုင်းရင်းသားအသိုင်းအဝန်းများအကြားတွင် အမျိုးသားရေးစိတ်ဓာတ်များကို မီးထိုးပေးသကဲ့သို့ ဖြစ်ခဲ့ရသည်။
မွန်ပြည်နယ်မှ စတင်ခဲ့သော ရုပ်တုဆန့်ကျင်ရေး လှုပ်ရှားမှုများသည် ပိုမိုပြင်းထန်လာသည်။
လွိုင်ကော်တွင် မကြာသေးမီကဖြစ်ပွားသော ကန့်ကွက်ပွဲသည် လွန်ခဲ့သော ၂ နှစ်က လူထောင်ပေါင်းများစွာ ပါဝင်သော မွန်ပြည်နယ်မှ ကန့်ကွက်ပွဲနှင့် အလားသဏ္ဍန်တူသည်။
ရုပ်တုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများသည် ဆန့်ကျင်ကန့်ကွက်လေ့ မရှိသော မွန်တိုင်းရင်းသားများအတွက် နှိုင်းယှဉ်ချက်အားဖြင့် အသစ်အဆန်းဖြစ်သည်ဟု မွန်တိုင်ရင်းသားအရေးတက်ကြွလှုပ်ရှားသူ နိုင်ဝဏ္ဏ ပြောသည်။
သို့သော် ကယားပြည်နယ်မှ ကန့်ကွက်ပွဲသည် အမျိုးသားရေးအားဖြင့် အထူးပြင်းထန်ပြီး ပြင်းထန်သော အကြမ်းနည်း တုန့်ပြန်မှုများ ဖြစ်လာနိုင်သည်ဟု သူပြောသည်။
NLD အစိုးရက ဒေသခံမွန်တိုင်းရင်းသားများ ဆန့်ကျင်သည့်ကြားမှ တံတားသစ်တခုကို ဗိုလ်ချုပ်အောင်ဆန်းအမည် အစွဲပြုပြီး အမည်ပေးရန် ကြိုးစားသောအခါ ဗိုလ်ချုပ်အောင်ဆန်းကို အများပြည်သူကြားတွင် ရည်စူးခြင်းနှင့် ပတ်သက်သော စိတ်ခံစားမှု စတင်ပေါ်ပေါက်လာသည်။
ထို့နောက် မွန်တိုင်းရင်းသား အသိုင်းအဝန်းခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာ သံဃာတော်များက ဆန့်ကျင်သည့်ကြားမှ မုဒုံမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို တည်ဆောက်လိုက်သည်။
NLD အစိုးရသည် မွန်တိုင်းရင်းသားတို့၏ အသံကို လျစ်လျှူရှုပြီး မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် ဆန့်ကျင်ကန့်ကွက်ပွဲများသည်လည်း အောင်မြင်ခြင်းမရှိပါ။
သို့သော် မွန်တိုင်းရင်းသားများသည် ထိုပြဿနာနှင့် ပတ်သက်ပြီး NLD အစိုးရကို မည်သို့တိုက်ခိုက်ရမည်ကို ပြသသည့် ပထမဆုံးတိုင်းရင်းသားဖြစ်ကြောင်း အခြားတက်ကြွလှုပ်ရှားသူတဦးဖြစ်သော ကိုမင်းလတ်ပြောသည်။
နိုင်ငံတကာ အသိုင်းအဝန်းနှင့် နိုင်ငံရှိပြည်သူအများစုသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီကို လွန်စွာလေးစားကြသည်။
ထို့ကြောင့် နိုင်ငံရှိလူအများအပြားသည် သူ၏ အစိုးရကို ဆန့်ကျင်ရဲခြင်း မရှိကြပါ။ သို့သော် မွန်တိုင်းရင်းသားများသည် ထိုသို့လုပ်သော ပထမဆုံးတိုင်းရင်းသားများဖြစ်သည်ဟု ကိုမင်းလတ်ပြောသည်။
မွန်တိုင်းရင်းသားတို့၏ NLD ကို ဆန့်ကျင်သောလှုပ်ရှားမှုသည် အောင်မြင်ခြင်း မရှိခဲ့သော်လည်း NLD ကို ဆန့်ကျင်လိုသော အခြားတိုင်းရင်းသားများကို စိတ်အားတက်ကြွစေခဲ့သည်ဟု ကိုမင်းလတ်က ပြောသည်။
NLD အတွက်အမှတ်တရများ
သူသည် ထိုင်းနိုင်ငံတွင် အဝေးရောက်အဖြစ် နေထိုင်လုပ်ကိုင်စဉ်က NLD အဖွဲ့ဝင်အများအပြားနှင့်အတူ လုပ်ကိုင်ခဲ့ပြီး ၎င်းတို့ကိုလေးစားကြောင်း ခွန်ဘဲဒူပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို ကျနော်တို့တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သာ ဦးဆောင်လျှင် နိုင်ငံသည် နိုင်ငံရေးအရပြောင်းလဲသွားမည်ဟု ၂၀၀၄ ခုနှစ်က သူယုံကြည်ခဲ့ကြောင်း သူပြန်ပြောပြသည်။
“ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေလိုနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို သူကောင်းကောင်းအုတ်မြစ်ချနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ခဲ့တယ်” ဟု သူပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ပါတီ မနိုင်မည်ကို စိုးရိမ်သောကြောင့် တိုင်းရင်းသားဒေသများတွင် NLD အမတ်လောင်းများအတွက် နေရာပေးရန် တိုင်းရင်းသားပါတီခေါင်းဆောင်များကို ပြောသောအခါ သူမအပေါ် အယုံအကြည် မရှိတော့ကြောင်း သူပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီများ၏ စိုးရိမ်ပူပန်မှုများအကြောင်းကို မပြောသောကြောင့် သူ့အပေါ်ယုံကြည်မှု ကုန်ခမ်းသွားသည်ဟု သူပြောသည်။
NLD အာဏာရလာသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် သူနှင့်သူ၏ ပါတီအပေါ် ဝေဖန်မှုများကို သည်းမခံသလောက်ပင် ဖြစ်လာသည်ဟု ခွန်းဘီထူး ပြောသည်။
ဥပမာ ဒေါက်တာအေးမောင်သည် လေးစားခံရသော တိုင်းရင်းသားခေါင်းဆောင်ဖြစ်သော်လည်း NLD အစိုးရခေတ်တွင် အဖမ်းခံရကြောင်း သူထောက်ပြသည်။
NLD အစိုးရဖွဲ့စည်းသောအခါ တိုင်းရင်းသားဝန်ကြီးများ ခန့်အပ်ခဲ့သော်လည်း ထိုဝန်ကြီးများသည် အာဏာမရှိကြောင်းနှင့် အပြသဘော သက်သက်သာဖြစ်ကြောင်း သူပြောသည်။ NLD သည် အာဏာရပြီးနောက် တိုင်းရင်းသားများကိုယ်စား မည်သည်ကိုမျှ လုပ်ဆောင်ခြင်းမရှိကြောင်းလည်း သူပြောသည်။
NLD ၏ လက်ရှိလုပ်ရပ်များသည် တိုင်းပြည်၏ ၎င်းတို့ တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောခဲ့သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုကို မည်သို့မျှ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ခွန်းဘီထူး ပြောသည်။ ထို့ကြောင့် NLD သည် တိုင်းရင်းသားများ၏ နိုင်ငံရေးထောက်ခံမှုကို ဆုံးရှုံးရကြောင်း သူပြောသည်။
ကရင်နီတိုင်းရင်းသားများသည် NLD ကို ဆန့်ကျင်ရန်မှတပါး အခြားရွေးစရာ မရှိတော့ကြောင်း ခွန်းဘီထူးပြောသည်။ “ကျနော်တို့က သူတို့ကို ရင်ဆိုင်ရမှာပဲ။ ဒါ ကျနော်တို့အတွက် တခုတည်းသော ရွေးစရာပဲ” ဟု သူပြောသည်။
NLD သည် လူများစု စိတ်ထားရှိကြောင်းနှင့် လူနည်းစုများကို ဂရုမစိုက်ကြောင်း သူပြောသည်။
(Lawi Weng ၏ Gen. Aung San Statues Are Costing NLD Political Support in Ethnic States ကို ဆီလျော်အောင် ဘာသာပြန်သည်။)