ဗီယက်နမ်တွင် ကျင်းပမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲတက်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် သံချုပ်ကာရထားဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က တရုတ်နိုင်ငံကို ဖြတ်သန်းထွက်ခွာလာခဲ့သည်။
ကင်ဂျုံအန်းသည် ခေါင်းဆောင်ဘဝက ရထားဖြင့် သမိုင်းဝင်ခရီးများသွားလာခဲ့သည့် ဖခင်နှင့် အဖိုးကိုအတုယူပြီး ပြုံ့ယမ်းမှ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့သည်။
လာမည့် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင်ကျင်းပမည့် ဆွေးနွေးပွဲ မတိုင်မီ သူ၏ အဖွဲ့သည် ဟနွိုင် တွင် ပြင်ဆင်နေချိန် ကင်ဂျုံအန်း၏ လျိုဝှက်ခရီးနှင့် ပတ်သက်ပြီး ခန့်မှန်း ပြောဆိုမှုများ ရက်အတန် ကြာ ပေါ်ပေါက်နေစဉ် သူ၏ရထားသည် တရုတ်နိုင်ငံအတွင်း ဝင်ရောက်သွားခြင်း ဖြစ်သည်။
ပြုံ့ယမ်းဘူတာမှ သူထွက်ခွာသည့် သတင်းကို မြောက်ကိုရီးယား နိုင်ငံ၏ တရားဝင် KCNA သတင်း က အတည်ပြုသော် လည်း ဗီယက်နမ်သို့ နာရီ ၆၀ ကြာမည့် ခရီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက သတင်းဖေါ်ပြခြင်း မရှိသေးပေ။
ကင်ဂျုံအန်း နှင့်အတူ ညာလက်ရုံး ထိပ်တန်းဗိုလ်ချုပ်ကြီး ကင်ယောင်ချူးလည်းလိုက်ပါသွားသည်ဟု KCNA ကဆိုသည်။ သူသည် လွန်ခဲ့သောလက သမ္မတ ထရမ့်နှင့် အခြားအရာရှိအများအပြားကို အိမ်ဖြူတော်တွင် သွားရောက်တွေ့ဆုံခဲ့သူ ဖြစ်သည်။
ဒန်ဒေါင်သို့ ရထားမရောက်မီ လုံခြုံရေး တင်းကျပ်ထားပြီး ရဲတပ်ဖွဲ့က တံတားတခုမှ မီတာ ၁၀၀ ခန့်အကွာအထိ မြစ်ကမ်း ပိုင်းကို အတားအဆီးများဖြင့် ပိတ်ပင်ထားသည်။ AFP သတင်းထောက် တဦးကိုလည်း ထိုနေရာမှ ထွက်သွားစေခဲ့သည်။
ထိုတံတားနှင့် မျက်နှာချင်းဆိုင် ဟိုတယ်မှာလည်း ရုတ်တရက် ပြင်ဆင်ရန် ဟုဆိုကာ ထိုနေ့တွင် ပိတ် ထားလိုက်သည်။ တံတားပေါ်မှဖြတ်သန်းချိန်တွင် ပြတင်းတံခါးများတွင် မှောင်နေပြီး ရထား၏ ရှေ့မီး များကိုသာဖွင့်ထားသည်ဟုဆိုသည်။
ကင်ဂျုံအန်း သည် ယခင်နှစ်က သမ္မတထရမ့်၊ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်တို့နှင့် မတွေ့မီ သမ္မတရှီကျင့်ဖျင်နှင့် တွေ့သည့် အတိုင်း ယခုခရီးတွင် ဘေ့ဂျင်းတွင်ရပ်ကာ တရုတ်သမ္မတနှင့် တွေ့ဆုံ နိုင်သည်။
သို့မဟုတ် အပြန်ခရီးမှသာ တရုတ်သမ္မတနှင့် တွေ့ပြီး မြောက်ကိုရီးယား၏ တနိုင်ငံတည်းသော ထိပ်တန်းမဟာမိတ်ကို အခြေအနေကိုရှင်းပြနိုင်ခြေလည်း ရှိသည်။
အမေရိကန် သမ္မတ ထရမ့်နှင့် ကင်သည် ဇွန်လက စင်္ကာပူတွင် တွေ့ဆုံပြီး နျူကလီးယား ဖျက်သိမ်း ရေးအတွက် မရေရာသော သဘောတူညီမှုကိုသာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ထိုသဘောတူညီချက်ကို ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲ သောကြောင့် ထိုအချိန် နောက်ပိုင်းတွင် တိုးတက်မှုမရှိပေ။
ယခု ဟနွိုင်တွင် တွေ့ဆုံသောအခါ ခိုင်မာသော ရလဒ်မရှိလျှင် လူကြိုက်များအောင် ထွင်လုံးထုတ် သည်ဟု ထိုဆွေးနွေးပွဲကို ပယ်ချကြလိမ့်မည်ဟု လေ့လာသူ အချို့ကပြောသည်။
ယခင်နှစ်က ကင်ဂျုံအန်းသည် တရုတ်နိုင်ငံက ငှားပေးသော လေယာဉ်ဖြင့် စင်္ကာပူသို့ သွားခဲ့ပြီး ယခု မိုင် ၂၅၀၀ ရှည်သော ခရီးကို ရထား သက်သက်ဖြင့် သွားမည်၊ မသွားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အခြားနည်းလမ်းတခုမှာ ဘေ့ဂျင်းအထိရထားစီးပြီး ထိုမှ ဟနွိုင်သို့ လေယာဉ်ဖြင့် သွားရန်ဖြစ်သည်။ သို့သော် ကင်သည် တရုတ်နယ်စပ် ဒေါင်ဒန်တွင် ရပ်နားပြီး ဟနွိုင်သို့ခရီးဆက်ကာ ဗီယက်နမ်သို့ ရထားဖြင့်ရောက်လာမည်ဟု သတင်းရင်းမြစ် များစွာကပြောသည်။
ဒေါင်ဒန်ဘူတာနှင့် ဟနွိုင်သွား ရထားလမ်းတွင် စစ်သားများစွာ ချထားကြောင်း AFP သတင်း ထောက်များ ကပြောသည်။
ဗီယက်နမ်နိုင်ငံ ကလည်း ၁၇၀ ကီလိုမီတာရှည်သော ထိုလမ်းပိုင်းကို အင်္ဂါနေ့တွင် နံနက် ၆ နာရီမှ နေ့လည် ၂ နာရီ အထိပိတ်ထားမည်ဟု မကြုံစဖူးကြေညာထားသဖြင့် ထိုအချိန်အတွင်း ကင် ၏ ခရီးစီစဉ်ထားသကဲ့သို့ဖြစ်နေသည်။