ချင်းပြည်နယ် ပလက်ဝမြို့နယ် ဖုန်းလောင်းဒေသ သံထောင်ကျေးရွာအုပ်ချုပ်ရေးနှင့် စခန်းမှူးတို့ ကို ရက္ခိုင့်တပ်မတော် ( AA ) က ဖမ်းဆီးသွားခြင်းနှင့် ပတ်သက်ပြီး ပြန်လွှတ်ပေးရန် မိသားစုဝင်များ က တောင်းဆိုလိုက်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၎င်းတို့ နှစ်ဦး ပြန်လည်လွှတ်လာစေရေးအတွက် သံထောင် ကျေးရွာတွင် မိသားစုဝင်များနှင့်အတူ ရွာသူ ရွာသားများကလည်း ဆုတောင်ပွဲ တခုကို ပြုလုပ်ခဲ့ ကြသည်။
ဖမ်းဆီးခံ သံထောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချင်းဟော်၏ တူဖြစ်သူ ဦးအောင်သိန်းက “ မနေ့က ရွာသားတွေ ဆုတောင်းပွဲ တခုလုပ်တယ်။ ခေါ်သွားတဲ့ ပုံစံကတော့ ဘာအကြောင်းပြချက်မှ မရှိဘူး ။ ဝက်ချောင်းဝ ရွာသား တယောက်ကို အုပ်ချုပ်ရေးမှူး အိမ်လိုက်ပြပေးပါ ဆိုပြီး လမ်းပြ အဖြစ် ခေါ်လာတယ်။ သူက အုပ်ချုပ်ရေးမှူး အိမ်ကို လိုက်ပြတယ်။ ဒီအတိုင်းပဲ အကြောင်းပြချက် မရှိပဲ ခေါ်သွားတာ ” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၃ နာရီ အချိန်ခန့်က AA အဖွဲ့မှ လာရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်ကို ဖမ်းဆီး ခေါ်ဆောင် သွားသလို စခန်းမှူး ရဲအုပ် ဆလိုင်းဘီးဗာကို စခန်းအပြင်သို့ ခေါ်ထုတ်ကာ တစုံတရာ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
စခန်းမှူး ရဲအုပ် ဆလိုင်း ဘီးဗား၏ ဇနီးဖြစ်သူ ဒေါ် စီစီလှိုင် “ကျမ အနေနဲ့ကတော့ ဒီ အဖမ်းခံရ တာနဲ့ ပတ်သက်ပြီး တအား စိတ်ပူတယ်။ ထမင်းလည်း မစားနိုင်ဘူး။ သူတို့ လက်ထဲမှာ တခုခု ဖြစ်မှာကိုလည်း စိုးရိမ်တယ်။ သူတို့ လက်ထဲကနေ လွတ်လာပြီး မိသားစုနဲ့ အတူတူ နေချင်တယ်။ လောလောဆယ်တော့ ကျမ သူ့ကိုပဲ ပြန်တွေ့ချင်ပါတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့ကို AA က ခေါ်ဆောင်သွားရတွင် အပြန်အလှန် ပစ်ခတ်မှုမျိုး မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကျေးရွာသားများ ပြောကြသည်။
ယင်းနောက် မနက် ၈ နာရီကျော် အချိန်တွင် ရွာချောင်း တဘက်ကမ်းမှနေ တဖန် လက်နက် ပစ်ခတ် သံများကို ကြား ရသည့် အတွက် စခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း ပြန်လည် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် များ ရှိကြောင်း ရွာသားများက ဆိုသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ယင်းတို့ နှစ်ဦး ဖမ်းဆီးခံရ ခြင်းနှင့် ပတ်သက်ပြီး တပ်မတော်က စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများကို လုပ်ဆောင်နေ ကြောင်းလည်း ဧရာဝတီသို့ ပြောဆိုထား သည်။
သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများကတော့ ယင်းတို့ နှစ်ဦး အဖမ်းခံရခြင်းနှင့် ပတ်သက်ပြီး နယ်မြေ ရှင်းလင်းရေး များကို မြေပြင်တွင် မတွေ့ရဟု ကျေးရွာသားများနှင့် မိသားစုဝင်များက ဆိုသည်။
“ကျနော်တို့ ရွာကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ လာတွေ့တာ ။ လာရောက်မေးမြန်းတာတို့ ဘာတို့ လုံခြုံရေး လုပ်ပေး တာတွေလည်း ဘာမှ မရှိပါဘူး။ ကျနော်တို့ ရွာကို လုံခြုံရေး လာလုပ်ပေးတာ လည်း ဘာမှ မရှိပါဘူး။ ဒီအတိုင်း ပစ်ထား တယ်လို့ပဲ ခံစားရတယ်၊ မြို့နယ်တွေကိုလည်း ဖုန်းဆက် ထားတယ်။ ပြည်နယ်တွေကိုလည်း ဖုန်းဆက်ထားတယ်။ ဒါပ မယ့် လာနေတယ်။ ခင်များတို့ မသိလို့ ပဲလို့ ခဏခဏပြောတယ်။ ” အုပ်ချုပ်ရေးမှူး၏ တူဖြစ်သူ ဦးအောင်သိန်း က ဆက် လက်ပြောကြား သည်။
ဖမ်းဆီးခံပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မိသားစုဝင်များနှင့် ကျေးရွာသားများ AA တပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွားသည့် ချောင်းတဘက်ကမ်း တောတောင်များသို့ သွားရောက် ရှာဖွေခဲ့ သော်လည်း သတင်းအစ အန မရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
သို့သော်လည်း ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သံထောင်ကျေးရွာနှင့် တမိုင်ခန့်ဝေးသည့် တောထဲတနေရာတွင် AA အဖွဲ့နှင့်အတူ စခန်းမှူး ရဲအုပ်ဆလိုင်း ဘီးဗားနှင့် အုပ်ချုပ်ရေးမှူး ဦးချင်းဟော်တို့ကို ဒေသခံ ခရီးသွား တချို့က တွေ့မြင်ခဲ့ရကြောင်းလည်း ကျေးရွာသားများဆီမှ စုံစမ်းသိရှိရသည်။
“အပြစ်မဲ့တဲ့ ပြည်သူလူထုတွေ ဖြစ်တဲ့ ကျနော်တို့ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကြီးကို ချက်ချင်း ပြန် လွတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အသက်ရှင်လျှက်နဲ့ ရှိနေတာကို တွေ့တဲ့ လူတွေကလည်း တွေ့ခဲ့ တယ်ဆိုပေမဲ့ ကျနော်တို့ သူတို့ကို လက်တွေ့ မမြင်တဲ့ အတွက် လုံးဝ စိတ်မချတဲ့ အနေအထား ဖြစ်နေပါတယ်။ ” ဟု မိသားစုဝင် တဦး ဖြစ်သူ ဦးအောင်သိန်းက ပြောသည်။
ရက္ခိုင့်တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေးဝန်တာဝန်ခံ ခိုင်သုခက သံထောင် ကျေးရွာ အုပ်ချုပ်ရေးနှင့် စခန်းမှူး တို့ကို ဖမ်းဆီးထားသည့် သတင်းနှင့် ပတ်သက်၍ လက်ရှိ အခြေအ နေနှင့် ဖြစ်စဉ် အသေးစိတ်ကို မသိရှိကြောင်း ပြော သည်။
“ဒီကိစ္စကတော့ ကျနော်နဲ့လည်း နည်းနည်းဝေးတော့ အသေးစိတ်မသိဘူး။ ပြီးရင် ရုံးချုပ်ကလည်း ကျနော်ကို အဲဒီကိစ္စ အပေါ်မှာ ပြောဆိုတာ မရှိသေးဘူး” ဟု ယနေ့ မွန်းလွဲပိုင်းက ဧရာဝတီသို့ ဖြေကြားသည်။
သို့သော်လည်း AA ၏ လုပ်ငန်းဆောင်ရွက် ချက်များကို အကောင်အထည်ဖော်ရာတွင် အနှောင့် အယှက်ပေး သည့် လူများကို တော့ အောက်ခြေ တပ်မှူးများက ခေါ်ယူ ဆုံးမသည့် ဖြစ်စဉ်များ ရှိနိုင်သည်ဟုဆိုသည်။