သတင်း

ဧရာဝတီမြစ် အတွင်း စက်ယန္တရား သုံး၍ သဲကျောက်ထုတ် နေခြင်း စိစစ်ရန် တိုင်ကြား

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် ဧရာဝတီ မြစ်လယ်ကျွန်း၌ စက်ယန္တရားကြီးများ သုံးကာ သဲ ကျောက် ထုတ်လုပ်နေသည့် ကုမ္ပဏီများ ပြန်လည် စိစစ်ပေးရန် ဒေသခံ ၆၀၀ ခန့်က ကချင် ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်ကြားထားကြောင်း သတင်း ရရှိသည်။

တိုင်ကြားသည့် ဒေသခံ ၆၀၀ ခန့်မှာ မြစ်ကမ်း တလျှောက်ရှိ ကျေးရွာ ၆ ရွာမှ ဖြစ်ကာ မြစ်ကြီးနား မြို့နယ် နောင်နန်း ကျေး ရွာ အုပ်စုရှိ ရိုစနာ ကျေးရွာ၊ နောင်နန်း ကျေးရွာ၊ လမြန် ကျေးရွာ၊ မော်တောင်း ကျေးရွာ၊ ဂေ့ါနန် ကျေးရွာ၊ ဝိုင်းမော် မြို့ နယ် မိုင်းနား ကျေးရွာ အုပ်စု၊ လဘန် ကထောင် ကျေးရွာတို့မှ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်က စာပို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောင်နန်း ကျေးရွာမှ ဦးတန်ခမ်းက“တိုင်တဲ့ နေရာမှာ အချက် ၃ ချက် ကျနော်တို့ ထည့်ထားပါတယ်။ နံပါတ် ၁ က ကတတ် ကျွန်းမှာ သဲ ကျောက် ထုတ်တာ၊ သူ့အနေအထား ကြည့်ရင် ရွှေလို့လည်း ကျနော်တို့ ထင်တယ်။ ၂ အချက်က စက်ဖောင်၊ ရွှေဖောင်နဲ့ ဆက်စပ်တာပေါ့။ အဲဒီ ၃ ချက် တိုင်ထားပါတယ်”ဟု ပြောသည်။

တိုင်ကြားစာထဲတွင် ဧရာဝတီမြစ်လယ်ရှိ ကတတ်ကျွန်းပေါ်၌ ရွှေစွန်သိုက် ကုမ္ပဏီနှင့် Green Mountain ကုမ္ပဏီတို့ သဲနှင့် ကျောက်များကို စက်ယန္တရားကြီးများဖြင့် တူးဖော်နေခြင်းကြောင့် မြစ်ကမ်း တလျှောက်ရွာ များရှိ ဒေသခံများ၏ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်သည်ဟု ရေးသားထားသည်။

မြစ်လယ်ရှိ ကတတ်ကျွန်းသည် ဒေသခံများ၏ သီးပင်စားပင်များ သွားရောက် စိုက်ပျိုးလေ့ ရှိသည့် နေရာ ဖြစ်သည့် အပြင် ကချင် ရိုးရာပွဲများ၊ ခရစ်စမတ် ကာလများတွင် ကျွန်းပေါ်၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသလို နွေရာသီ ရေကျချိန်တွင် ကျွန်း တဝိုက်ရှိ အင်းများ၌ ငါးဖမ်းခြင်း၊ တနိုင်တပိုင် ရွှေကျင်ခြင်း များလည်း ပြုလုပ်လျက် ရှိသည့် ကျွန်းတခု ဖြစ်သည်။

မြစ်ကမ်း တလျှောက်ရှိ ကျေးရွာများ ရပ်ရွာတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် သဲနှင့် ကျောက်များ လိုအပ်ပါကလည်း ကတတ်ကျွန်းကပင် စက်လှေဖြင့် သယ်ယူ သုံးစွဲလေ့ ရှိကြောင်း သိရသည်။

ကတတ်ကျွန်းတွင် ကုမ္ပဏီများ လာရောက် အခြေချ နေသည်မှာ ၃လခန့် ရှိပြီ ဖြစ်ပြီး ဒေသခံများကိုလည်း ကျွန်းပေါ်သို့ လာရောက် လုပ်ကိုင် စားသောက်ခွင့် မပြုတော့ကြောင်း ဦးတန်ခမ်းက ပြောသည်။

“ဒီနေရာကို ကျနော်တို့က လေလံဆွဲလိုက်ပြီ။ မင်းတို့ မလာရဘူး။ မလုပ်စားရဘူး ဆိုတော့ ကျနော်တို့ ဒေသခံတွေက ပတ်ဝန်းကျင်မှာ ရှာစားလို့ မရတော့ နီးစပ်ရာ နယ်စပ်ကို သွားရှာရတာတွေ များလာပါတယ်။ ဒေသတွင်းမှာ လူမှုရေးပြ ဿနာ တွေ ဖြစ်လာပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

စက်ယန္တရားကြီးများဖြင့် သဲ၊ ကျောက်များကို နေ့ရောညပါ မနားဘဲ တူးဖော်နေသဖြင့် မြစ်ကြောင်း စီးဆင်းမှု ထိခိုက်ခြင်း၊ ကမ်းပါး ပြိုကာ မြစ်တလျှောက်ရှိ ကျေးရွာများ၊ အိမ်ခြံများ ပျက်စီးခြင်းများ ဖြစ်မည်ကိုလည်း စိုးရိမ်ကြောင်း တိုင်စာထဲတွင် ထည့်ရေး ထားသည်။

တိုင်ကြားစာနှင့် အတူ ဒေသခံ ၆၀၀ ခန့်၏ အမည်နှင့်လက်မှတ်များ၊ ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်နေသည့် ဓာတ်ပုံ မှတ် တမ်းများကိုလည်း ပူးတွဲ ပေးပို့ထားသည်ကို တွေ့ရသည်။

ထို သဲကျောက် တူးဖော်ရေး လုပ်ငန်းများမှာ သဲ ကျောက် တူးရင်း တရားမဝင် ရွှေတူးဖော်နေသည်ဟု ဒေသခံများ အနေဖြင့် သံသယ ရှိနေကြောင်းလည်း တိုင်ကြားစာထဲတွင် ထည့်ရေးထားသည်။

ဦးတန်ခမ်းက“ဒီနှစ် ခဏလေး အတော်အတွင်းမှာတောင် အများအပြား အလွန်အကျွံ ထုတ်နေရင် နောက်နှစ် နောက်နှစ် တွေမှာ ကျနော်တို့ မတွေးဝံ့စရာပဲ။ ကျနော်တို့လို မြစ်ကမ်းဘေးက ရွာတွေက ဒီကျွန်းကို မှီခိုပြီး နေကြတာ”ဟု ပြော သည်။

မြစ်ကမ်း တလျှောက်နေ ဒေသခံများ အနေဖြင့် ကျွန်းပေါ်တွင် စိုက်ခင်းများ စိုက်ခြင်းနှင့် ငါးဖမ်းခြင်း ဆိုင်ရာ အသက် မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်လိုပြီး ဒေသခံများ၏ နေထိုင်မှုများကို မပျက်စီးသည့် လုပ်ငန်းများကိုသာ အစိုးရ က ခွင့်ပြုပေးစေလိုသည်ဟုလည်း ၎င်းက ဆိုသည်။

လဘန်ကထောင် ကျေးရွာမှ ဦးနော်ဂရောင်ကလည်း“ကျနော်တို့ လဘန်ကျေးရွာနဲ့ ကတတ်ကျွန်းက အနီးကပ်ဆုံးပါ။ ကျနော် တို့ လုပ်ကိုင် စားသောက်နေတဲ့ ခြံတွေ မြစ်ကမ်း တလျှောက်က ရွာတွေက ဒီကျွန်းသာ မရှိရင် ရေလမ်းကြောင်း လွဲပြီး ရွာတွေ ပျက်မယ်။ မြေပြို နိုင်ပါတယ်။ လုပ်ကိုင် စားသောက်တာတွေလည်း ပျောက်မှာကို ကျနော်တို့ စိုးရိမ် နေကြ တာပါ”ဟု ပြောသည်။

သဲကျောက် ထုတ်လုပ်ရေး လုပ်ငန်း ဟုဆိုသော်လည်း ဒေသခံများ၏ မျက်မြင်တွင် ကုမ္ပဏီများ အသုံးပြုနေသည့် ဖောင် များမှာ ရွှေကျင်သည့် စက်ဖောင်များနှင့် တူနေသည်ဟုလည်း ဦးနော်ဂရောင် က ပြောသည်။

“အခု ကုမ္ပဏီတွေ ဝင်လာတော့ ကျနော်တို့ ဒေသခံတွေက ထင်းကောက်တာ၊ ငါးရှာစားတာတောင် လုပ်လို့ မရတော့ဘူး။ ဝင်လို့ ထွက်လို့တောင် မရတော့ဘူး”ဟုလည်း ၎င်းက ဆိုသည်။

ဒေသခံများ၏ တိုင်ကြားစာတွင် မိတ္တူ တွဲပို့ထားသည့် ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးကို ဆက်သွယ်မေးမြန်းရာ ဝန်ကြီး ဦးဒါရှီလဆိုင်းက“သဲထုတ်လုပ်ရေးက ခရိုင် ထွေအုပ်က ပေးတာ ဆိုတော့ ကျနော်တို့နဲ့ ဆိုင်တာက သဲထုတ်တဲ့ နေရာမှာ ရွှေသတ္တု တူး မတူး၊ ထုတ် မထုတ်ဆိုတာပဲ ဆိုင်တာ။ အကယ်၍ သဲ ထုတ် တဲ့ နေရာမှာ ရွှေသတ္တု တူးနေရင်တော့ ကျနော့် ဌာနတွေကို လမ်းညွှန်ပြီး သူတို့ကလည်း လမ်းညွှန်တဲ့ အတိုင်း ဆောင် ရွက်တာတွေ ရှိပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ကတတ်ကျွန်း၌ လုပ်ပိုင်ခွင့်ရထားသည့် သဲထုတ်လုပ်ရေး ကုမ္ပဏီများမှာ ရွှေခိုးထုတ်နေကြောင်း တိကျ ခိုင်မာ သည့် အချက်များလည်း မရှိသဖြင့် ဝန်ကြီး ဦးဒါရှီလဆိုင်း အနေဖြင့် မသိရှိကြောင်း၊ ထွေအုပ်နှင့်သာ သက်ဆိုင်သည် ဟုလည်း ဆိုသည်။

ဦးဒါရှီလဆိုင်းက“ကျနော်တို့ အနေနဲ့ကိုယ်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းကိုသာ ညွှန်ကြား ပိုင်ခွင့် ရှိတာလေ။ အခုက ထွေအုပ် က သူ့အနေနဲ့ လုပ်တာဆိုတော့ သူ့သက်ဆိုင်တဲ့ သူတွေက လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားထားတာ ဖြစ်ပါလိမ့်မယ်။ ကျ နော့် အနေနဲ့တော့ ထွေထွေထူးထူး မပြောလိုပါဘူး”ဟု ပြောသည်။

ဒေသခံ ပြည်သူများ တင်ပြလာသည့် ကိစ္စများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ ကွင်းဆင်း စစ်ဆေးလေ့ ရှိပြီး ယခု တိုင်ကြားစာမှာလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို လိပ်မူထား သဖြင့် ဝန်ကြီးချုပ်က သက်ဆိုင်သူများကို လုပ်ထုံးလုပ်နည်း အရ ညွှန်ကြားလိမ့်မည် ဟုလည်း ဦးဒါရှီလဆိုင်းက ဆိုသည်။

ဧရာဝတီက မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါန်လန်ဒီကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ နေပြည်တော်သို့ ရောက်နေ သဖြင့် မဖြေနိုင်ကြောင်း ၎င်း၏ ဦးစီးအရာရှိ ဦးကျော်ထင်ကိုအား မေးမြန်းရန် ဖုန်းလွှဲပေးသည်။

ဦးကျော်ထင်ကိုက ကတတ်ကျွန်းတွင် သဲကျောက်တူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီ ၂ ခုကို လုပ်ပိုင်ခွင့် ပေးရမည့် ခရိုင် အုပ်ချုပ်ရေးမှူးမှ လုပ်ပိုင်ခွင့် ချထားပေးခြင်း မရှိကြောင်း ယခင်က သိရပြီး ယခုအခါ လုပ်ပိုင်ခွင့် ချပေးသည့် လက် မှတ်ထိုးပေးထားခြင်း ရှိ မရှိကို ၎င်းအနေဖြင့် မသိရှိသဖြင့် ဦးခေါန်လန်ဒီကိုသာ ပြန်လည် ဆက်သွယ် မေးမြန်းရန် ပြော ဆိုသည်။

ဧရာဝတီက ဦးခေါန်လန်ဒီကို ထပ်မံ ဆက်သွယ်သော်လည်း အစည်းအဝေးတွင်း ရောက်နေသဖြင့် မေးမြန်း၍ မရပါ။

ဧရာဝတီက ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ရွှေစွန်သိုက် ကုမ္ပဏီနှင့် Green Mountaion ကုမ္ပဏီတို့မှ မန်နေဂျာများကို မေးမြန်း ရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading