ဘင်္ဂလားဒေ့ရှ် မှ အာရပ် စော်ဘွားများ ပြည်ထောင်စု(UAE)သို့ ပျံသန်းသည့် ဘင်္ဂလားဒေ့ရှ် ဘီမန်း လေကြောင်း လိုင်းမှ ခရီးသည်တင် လေယာဉ်ကို အပိုင်းစီးသူသည် သေနတ်အတုကို ကိုင်ဆောင်ထား ခြင်းသာ ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။
၎င်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညက ဒါကာမှ ဒူဘိုင်းသို့ ပျံသန်းသည် ဘီမန်းလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် BG 147 တွင် လိုက်ပါလာပြီး စစ်တကောင်းမြို့ပေါ်သို့ ဖြတ်ပျံစဉ် လေယာဉ်အမှုထမ်း တဦးကို ဓားစာခံ ခေါ်ယူလျှက် စစ်တကောင်း လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခိုင်းခဲ့ခြင်းပြီး၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်ကွန်မင်ဒိုတပ်ဖွဲ့ဝင်များ အသေပစ်ခတ်ဖမ်းဆီးခြင်း ခံခဲ့ရသည်။
၂၅နှစ်အရွယ်ရှိ လေယာဉ်အပိုင်စီးသူသည် စိတ်ပိုင်းဆိုင်ရာမူမမှန်သူဖြစ်ကြောင်း လေဆိပ် မန်နေဂျာ ပျံသန်းရေးအရာရှိ ဆာဝါအီဂျမန်က ပြောသည်။
“လေယာဉ်အပိုင်စီးဖို့ သူ့အကြောင်းပြချက်ကတော့ သူ့ဇနီးနဲ့ သူနဲ့ ပြဿနာရှိနေလို့ ဝန်ကြီးချုပ် ရှိတ် ဟာစီနာနဲ့ စကားပြောချင်လို့တဲ့” ဟု ဆာဝါက AFP သတင်းဌာနသို့ ပြောသည်။
ဆယ်မိနစ် သာကြာသည့် လေယာဉ်အပိုင်စီးမှုနှိမ်နင်းသည့်စစ်ဆင်ရေးပြီးနောက် ခရီးသည် ၁၃၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၄ ဦးတို့မှာ ထိခိုက်ခြင်းမရှိဘဲ လေယာဉ်ပေါ်မှ ထွက်လာနိုင်ခဲ့သည်။
မဟာဒီ ဟုခေါ်သည့် အဆိုပါအပိုင်စီးသူသည် ခရီးသည်များလိုက်ပါစီးနင်းလာသည့် အခန်းကျယ်ထဲ တွင် သေနတ်တလက် ကိုင်ထားပြီး လေယာဉ်မှူးအခန်းသို့ အကြမ်းဖက်ရန်ကြိုးပမ်းကာ လေယာဉ် အရေးပေါ်ဆင်းသက်စေရန် အတင်းအကျပ် ဖန်တီးခဲ့ကြောင်း သတင်းများက ရေးသားသည်။
၎င်းသည် သေနတ်နှစ်ချက်ဖောက်နိုင်ဖွယ်ရှိသည်ဟု ခရီးသည်တဦးက သတင်းထောက်များကို ပြောကြားခဲ့သော် လေ ကြောင်း ပျံသန်းရေး အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ လေယာဉ် ဒုတိယလုံခြုံရေးမှူး နေယန် ဟာဆန်တို့က ၎င်းကိုင်ဆောင်လာ သော သေနတ်သည် အစစ်မဟုတ်ကြောင်း ဆိုသည်။
“သေနတ်ကို စစ်ဆေးတဲ့လူတွေအဆိုအရတော့ အဲဒီသေနတ်က အတုကြီးဗျ” ဟု ဟာဆန်က ပြောသည်။
သေနတ်ဟုဆိုလျှင်ပင် ဒါကာမြို့ ဟာဇရက်ရှားဂျာလာ နိုင်ငံတကာလေဆိပ်မှ တက်ခဲ့ပြီးနောက် ကျူးလွန်သူအနေဖြင့် လေယာဉ် ပြန်ပေးဆွဲ အပိုင်စီးရန် မည်သို့ ကြိုးစားခဲ့ပုံကို အမျိုးမျိုးသော စုံစမ်းစစ်ဆေးမှုများကြားထဲတွင် အာဏာပိုင်များက အထူးအာရုံစိုက်စူးစမ်းလျက်ရှိသည်။