သတင်း

SSPP နှင့် တပ်မတော် ပဋိပက္ခ လျှော့ချရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)နှင့် တပ်မတော်တို့ သဘောတူညီမှု ရရှိခဲ့သည်ဟု SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က ဧရာဝတီသို့ ပြောသည်။

SSPP မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါ အတိုင်း သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင် ပါဝင်သည့် SSPP မှ ဗိုလ်မှူး စိုင်းဖုန်းဟန် က “ပထမဆုံး အနေနဲ့ကတော့ ကျနော်တို့ အောက်ခြေမှာ တလတကြိမ် အနည်းဆုံး တွေ့ဆုံနိုင်ဖို့ နည်းလမ်းကို သဘောတူခဲ့တယ်၊ ဒုတိယကတော့ မြောက်ပိုင်း ပဋိပက္ခတွေ အပါအဝင် ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဘယ်လို လျှော့ချမလဲဆိုတဲ့ သဘောတူညီချက်ကိုလည်း သဘောတူညီခဲ့ပါတယ်။ နောက်တခုက ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုကို တည်ဆောက်ပြီးတော့ ဆွေးနွေးပွဲတွေကို ဘယ်လို ဆက်လုပ်ကြမလဲဆိုတာကို သဘော တူညီခဲ့ပါတယ်၊ ခြုံပြောရရင်တော့ ဒီ ၃ ချက်ပါပဲ”ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် SSPP ကြားလည်းကောင်း၊ SSPP-TNLA ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများလည်း တိုက်ပွဲရှောင်များအဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံမှုတွင် SSPP ဘက်က  အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတွင် ပါဝင် ဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့သည့်အပေါ် တင်ပြ ဆွေးနွေးခဲ့သလို SSPP တပ်ဖွဲ့ဝင် ၁၇ ဦး ပြန်လွှတ် ပေးရန်လည်း တောင်းဆို ခဲ့ကြောင်း၊ ထိုအပေါ် တပ်မတော်ဘက်က စိစစ်၍ ဆောင်ရွက်ပေးသွား မည်ဟုလည်း ပြန်လည် ပြောဆိုခဲ့ကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

“ကျနေ်ာတို့ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က NRPC နဲ့ တွေ့တုန်းကလည်း ဒီကိစ္စကို တင်ပြဖြစ်ပါတယ်၊ ဒီနေ့လည်း ကျနော်တို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့တွေ့တာမှာလည်း ထက်ပြီးတော့ တင်ပြဖြစ်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင် ၁၇ ယောက်ကို လူသားချင်း စာနာတဲ့အနေနဲ့ ပြန်လည် လွတ်ပေးဖို့ ထပ်ပြီးတော့ တောင်းဆိုတာပေါ့လေ” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

၎င်းကဆက်၍ “NRPC မှာ တင်ပြထားပြီးဖြစ်တဲ့အတွက် သူတို့က ဒီဟာကို ပြန်ပြီး တော့ ညှိနှိုင်းပြီးတော့ စိစစ်ပြီးတော့ ဆောင်ရွက် ပေးမယ်ဆိုတဲ့ ဆွေးနွေးချက် ရှိပါတယ်။ NRPC မှာ ဆွေးနွေး တုန်းကတော့ သူတို့က ၁၇(၁) နဲ့ဆိုရင်တော့ ပြန်လွတ်ပေးမယ်ပြောတာ ဒါပေမယ့် တခြား အမှုနဲ့ပါရင်တော့ ဒါက သက်ဆိုင်ရာတွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းမှုတွေလိုတယ်ဆိုတဲ့ ဆွေးနွေးမှုတွေ ရှိပါတယ်”ဟု ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်းမရှိသဖြင့် တပ်မတော်ဘက်မှ သဘောထားကို သီးခြားဖော်ပြနိုင်ခြင်း မရှိပါ။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူချုပ်၊ ဦးဇော်ဌေးက “NCA ထိုးနိုင်ဖို့ အတွက်ကြားထဲမှာ ဘာတွေ အခက်အခဲရှိလဲ။ တဆင့်တဆင့် ဘယ်လိုတွေသွားကြမလဲဆိုတာ ကျနော်တို့ ဆွေးနွေးတယ်။ သို့သော် သူတို့ ဘက်ကလည်း ဟိုဘက်မှာ တင်ပြရမဲ့ ကိစ္စတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပြီး တင်ပြပြီး လုပ်ရမှာ တွေရှိတယ်။ နောက်ထပ်လည်း ထပ်ပြီး အမြန်ဆုံးတွေ့ဆုံသွားဖို့ရှိပါတယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက် SSPP နှင့် NRPC တွေ့ဆုံ ဆွေးနွေးမှုအပြီး ပြောသည်။

SSPP ဘက်ကတော့ ဖေဖော်ဝါရီ ၂၂ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ဖြင့် လည်းကောင်း အသီးသီး တွေ့ဆုံ ဆွေးနွေးခဲ့ရာ အားရကျေနပ်မှုရှိကြောင်း ဆိုသည်။

ထိုဆွေးနွေးချက်များကို ဗဟိုကော်မတီသို့ ပြန်လည် တင်ပြ၍ ဆွေးနွေးကြမည်ဖြစ်ပြီး နောက်ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ ပါဝင်ဆောင်ရွက်မည်နည်း အဖြေရှာမည်ဖြစ်ကာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ ်(NCA) ထိုးနိုင်ရေး နည်းလမ်းရှာဖွေသွားမည်ဟု SSPP ဘက်က ပြော သည်။

SSPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၂ ခုနှစ်က လက်မှတ် ရေးထိုးထားပြီး NCA ထိုးရန် အစိုးရနှင့်တပ်မတော်ဘက်က ကမ်းလှမ်းခံထားရသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading