ဆရာတော် ဦးဥတ္တမ ပျံလွန်သည့် ရက်ကို အစိုးရ ရုံးပိတ်ရက် (သို့) ရခိုင်ပြည်နယ် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရန် မရှိ သေးကြောင်း တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှမော်ဦး က ပြောသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က မြန်မာနိုင်ငံ လွတ်လပ် ရေး မီးရှူး တန်ဆောင် ဆရာတော် တပါး ဖြစ်သော ဦးဥတ္တမ ပျံလွန်တော်မူသည့် စက်တင်ဘာ ၉ ရက်ကို အစိုးရ ရုံးပိတ် ရက် အဖြစ် သတ်မှတ်ပေးရန် (သို့မဟုတ်) ရခိုင်ပြည်နယ် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ရာ အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒု ဝန်ကြီး ဦးလှမော်ဦးက လက်ရှိ မြန်မာ နိုင်ငံတွင် တရားဝင် ရုံးပိတ်ရက်များ၊ မဟာသြင်္ကန် ကာလ ရုံးပိတ်ရက်များ နှင့် အခြားသော ပြန်တမ်းဝင် ရုံးပိတ်ရက်များမှာ တနှစ်လျှင် ရက်ပေါင်း ၁၃၀ ခန့် ရှိသည့်အတွက် ရုံးပိတ်ရက်များ ထပ်မံ များ ပြားလာလျှင် အစိုးရ ယန္တရား လည်ပတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ဘဏ်လုပ်ငန်းများနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည့် အချိန်တွင် ရုံးပိတ်ရက် ထပ်တိုးလာမည် ဆိုပါက နိုင်ငံတော် ဖွံ့ဖြိုး တိုး တက်ရေးကို အနည်းနှင့် အများ ထိခိုက်နိုင်မည် ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းပြသည်။
၎င်းက“ဆရာတော် ပျံလွန်တော် မူခဲ့သည့် စက်တင်ဘာ ၉ ရက်ကို ဆရာတော် ဦးဥတ္တမ နေ့အဖြစ် အစိုးရ ရုံးပိတ်ရက် (သို့) ရခိုင်ပြည်နယ် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပါက အခြားသော တိုင်းရင်းသားများကလည်း အလားတူ တောင်းဆိုမှုများ ရှိ လာနိုင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း“ပြည်နယ်ထဲမှာ အမျိုးသားနေ့ ရှိမယ်။ ပြည်နယ်နေ့ ရှိမယ်။ အဲဒီလို အထင်ကရနေ့တွေကို အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရမှာပေါ့။ အဲ့ဒါမှလည်း ဖက်ထရယ် ပုံစံမျိုး ပြည်နယ်ထဲမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ မြင်မှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် တတိယ အကြိမ် လွှတ်တော် သက်တမ်းတွင် ထိုကဲ့သို့ ရုံးပိတ်ရက် သတ်မှတ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်း ခဲ့ဖူးကြောင်း၊ ထိုသို့ မေးမြန်းစဉ်ကလည်း ယင်းနေ့ကို ပြည်နယ် အတွင်း ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပနိုင်သည်ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း တရားဝင် ရုံးပိတ်ရက် သတ်မှတ်ခြင်း မဟုတ်သည့် အတွက် စည်ကား သိုက်မြိုက်စွာ မကျင်းပနိုင် ကြောင်း ဦးဖေသန်းက ဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်း တဦးဖြစ်သူ ဒေါ်ဟေမန်စိုးကလည်း“အခု ရုံးပိတ်ရက်တွေက လုံ လောက်ပါတယ်။ တပတ်၂ ရက်လည်း ပိတ်နေတာပဲလေ။ အခါကြီး ရက်ကြီး ဆိုလည်း ပိတ်ရက်ရှည် ရှိလို့ ရုံးပိတ်ရက် ထပ်တောင်းဖို့ မလိုတော့ဘူးလို့ မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဦးဆောင် ဦးရွက် ပြုခဲ့သော ရဟန်း တပါး ဖြစ်ကာ ရခိုင် ပြည်နယ် စစ်တွေ မြို့တွင် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။
၁၀ နှစ်သား အရွယ်တွင် ဆွေမျိုးတော်စပ်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်း ဒါယကာ ပြုလျက် စစ်တွေမြို့ ရွှေစေတီကျောင်း ဆရာတော် ဦးဘဒ္ဒန္တတေဇရာမ ဥပဇ္ဈာယ် ခံယူ၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။
ဆရာတော်သည် အိန္ဒိယ၊ ပြင်သစ်၊ ဂျပန် စသည့် နိုင်ငံတို့၌ ပညာ သင်ကြားခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ ဗုဒ္ဓသိပ္ပံ ကျောင်း တွင် သင်္သကရိုက်နှင့် ပါဠိဘာသာ ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် အပြင် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း စသည့် ပြည်ပနိုင်ငံများသို့ ကြွရောက် လေ့လာသော ဆရာတော် တပါးလည်း ဖြစ်သည်။
ဆရာတော်သည် ပထမ တက္ကသိုလ် ကျောင်းသား သပိတ် အပြီးတွင် နိုင်ငံရေး နိုးကြားလာစေရန် အတွက် စည်းရုံး လှုံ့ ဆော်မှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတရားများ ဟောကြားခဲ့သည့် အတွက် အင်္ဂလိပ် အစိုးရက ၁၉၂၁ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၂၃ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၂၈ ခုနှစ်တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၁၉၃၅ ခုနှစ်တွင် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်ပေါက်လာသည့် အတွက် နိုင်ငံရေး အယူအဆ မတူသူများ ရှိလာပြီး ဆရာ တော်အား အမျိုးမျိုး စွပ်စွဲ ပြောဆိုမှုများ ရှိလာကြသည်။
ထိုသို့ နိုင်ငံရေး အရှုပ်အထွေး များတွင် ဆရာတော် ပါဝင်မှု မရှိတော့ဘဲ ယင်းကာလတွင် ကျန်းမာရေး ဆိုးရွားလာကာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်၊ သက်တော် ၆၀ ၊ သိက္ခာတော် ၄၁ ဝါ တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ပျံလွန်တော် မူခဲ့သည်။