ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီကို “သူခိုးပါတီ” ဟု စွပ်စွဲ ပြောဆိုနေသူများသည် ပြည်သူများ မဟုတ်ဘဲ နိုင်ငံတကာ အထောက်အပံ့နှင့် ရပ်တည် လှုပ်ရှားနေသူများသာ ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီ ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန က ပါတီကို လူမှုကွန်ရက်များ၌ “သူခိုး ပါတီ” ဟု ပြောဆိုနေမှုများ အပေါ် မေးမြန်းခဲ့ရာ အထက်ပါ အတိုင်း ပြောဆို ခြင်း ဖြစ်သည်။
ဦးသိန်းထွန်းဦး က “အဲဒီလို သူခိုးတွေပါ။ သူခိုး ပါတီ ပါလို့ စွပ်စွဲနေသောသူတွေက ပြည်သူလို့ ကျနော်တို့ သုံးသပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် နိုင်ငံတကာ အထောက်အပံ့တွေနဲ့ လူတဦးကို အကောင့် ၁၀ ခု လောက်နဲ့ ဖြန့်ကျက်ပြီးတော့ Team ဖွဲ့ပြီးတော့ လှုပ်ရှား ဆောင်ရွက်နေမှုပဲ။ တကယ်တမ်း ကျတော့ မီဒီယာ လွှမ်းမိုးမှုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ကြံ့ခိုင်ရေး ပါတီကို စွပ်စွဲ ပြောဆိုနေကြသော်လည်း လက်ရှိ တာဝန် ယူထားသည့် ပုဂ္ဂိုလ်များလည်း မည်မျှ သန့်ရှင်းပါ သလဲ ဟု တုံ့ပြန်လိုက်ပြီး ပြည်သူ လူထုက ဆိုင်းဘုတ် ထောင်၍ ဖြုတ်ချပေးပါဟု အပြောခံနေရသူများပင် မပြုတ် သေးကြောင်း အမရပူရ မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။
၎င်းက “ဒီဟာသည် ပြည်သူက ပြောတာ မဟုတ်ဘဲနဲ့ ကျနော်တို့ကို အနိုင်လိုချင်သော အဖွဲ့အစည်း တခုက ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်နေတယ်လို့ ကျနော်တို့ ရှင်းပြလိုပါတယ်။ နောက်တချက် ကျနော်တို့ကို သူခိုး ပါတီလို့ ပြောနေသော ပုဂ္ဂိုလ်တွေ ကျနော်တို့ ခိုးယူထားတာတွေကို တဦးတယောက်ချင်း ထောက်ပါ။ ကြိုက်တဲ့ ပုဒ်မနဲ့ တရားစွဲပါ” ဟု ပြောသည်။
ဦးသိန်းထွန်းဦးက ဆက်လက်၍ “တချိန်တုန်းက ပြောခဲ့တယ်။ ပြည်သူက လက်မခံရင် အာဏာကို ဆွဲကိုင် မထားပါ ဘူး ဆိုတဲ့ဟာ သူတို့ မဟုတ် သလိုပဲ။ မလုပ်ဖူးသေးတော့ မခိုးဘူး ထင်ကြတယ်။ လုပ်ဖူးတော့ အခု ထင်သာမြင်သာ ရှိပြီ။ ကျနော်တို့က ၅ နှစ် လုပ်ပြီးသွားပြီ။ သူတို့လည်း အခု လုပ်နေပြီ။ သူ ၅ နှစ်၊ ကိုယ် ၅ နှစ် လုပ်ပြီးတဲ့ အချိန်မှာ ပြည်သူလူထုက အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်မှ ထူထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ပေါက်ဖွား လာသော နိုင်ငံရေး ပါတီတခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်များ အရပ်ဝတ်လဲလှယ်ကာ ယင်းပါတီဖြင့် ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့သည်။
သို့သော်၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှုံးနိမ့် သဖြင့် အတိုက်အခံ အဖြစ် ရပ်တည်နေရသည်။
NLD ပါတီသည် တရား ဥပဒေ စိုးမိုးရေးကို ဦးစားပေးသည့် ပါတီ တခု ဖြစ်ပြီး အစိုးရ တာဝန်ယူစဉ် ကာလအတွင်း အဂတိမှုများကို ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့ကြောင်း၊ သို့သော် စွပ်စွဲခံရမှုများ ရှိပါကလည်း ဖြေရှင်းခွင့် ပေးရမည် ဖြစ်ပြီး စွပ်စွဲခံနေရစဉ် အတွင်း အပြစ်မရှိဟု မှတ်ယူရမည် ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုး ညွန့်က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ မျိုးညွှန့် က “ကျနော်တု့ိ ပါတီက တခြား အဖွဲ့အစည်းတွေကို သွားရောက် တိုက်ခိုက်တာမျိုးလည်း မလုပ်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲမှာပဲ ဖြစ်ဖြစ် အကုန်လုံး ဥပဒေနဲ့ အညီပဲ ဆောင်ရွက် ပါတယ်” ဟု ပြောသည်။
ကြံ့ခိုင်ရေးသည် တပ်မတော်အစိုးရ ထူထောင်ခဲ့သည့် ပါတီ ဖြစ်သဖြင့် ယင်းပုံရိပ်ကို ဖျောက်မရကြောင်း၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ယင်းပုံရိပ်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှု အနေဖြင့် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ အပြောင်းအလဲ ပြုလုပ် ခြင်းက သိသာစေကြောင်း သီပေါ မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်း က “လူထုရဲ့အမြင်မှာက အတူတူပဲ။ တထပ်တည်းပဲပေါ့။ အရင် ဖြစ်ရပ်တွေက မပျောက်ဘူး ပေါ့ဗျာ။ ဒီဟာကို တကယ် တမ်း ဖျောက်ဖျက်ချင်ရင် အချိန်တော်တော်ကြာ ကြိုးစားရဦးမယ်”ဟု ဆိုသည်။
ကြံ့ခိုင်ရေး အစိုးရ တာဝန်ယူခဲ့သည့် ၅ နှစ်တာ ကာလနှင့် လက်ရှိ အစိုးရတို့၏ တာဝန်ယူသည့် ကာလကို နှိုင်းယှဉ် ကြည့်ပြီး အဖြေထုတ်နိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီသည့် မကောင်းသည့် ကိစ္စတွေ၊ မမှန်မကန် လုပ်ခဲ့သည့် ကိစ္စများ၊ သင်ခန်းစာ ယူစရာများ အားလုံးကို ပါတီက ကျော်လွှားပြီး ပါတီတွင်း ပြုပြင်ပြောင်းလဲမှု မြောက်မြားစွာ ရှိခဲ့ပြီ ဖြစ် ကြောင်း ယင်းပါတီ တာဝန်ရှိသူများက ပြောသည်။