ဆက်သွယ်ရေး ဝန်ဆောင်မှုသုံးစွဲသူ ပြည်သူများ၏ သဘောဆန္ဒမပါဘဲ နည်းအမျိုးမျိုးဖြင့် ငွေဖြတ်တောက်ခြင်းများ ပြုလုပ်နေသော ဖုန်းအော်ပရေတာ ကုမ္ပဏီများကို ဝန်ကြီးဌာနက တာဝန်ယူ တရားစွဲရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
သုံးစွဲသူများအပေါ် စားသုံးသူ အခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားသည့် ကုမ္ပဏီများအား ပြဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေ တို့နှင့် ကြပ်မတ် စစ်ဆေးပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၅ ရက်က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
ဒေါက်တာလှမိုးက ၎င်းနှင့် မိသားစုဝင်များ အသုံးပြုနေသော ဖုန်းများတွင် ၎င်းတို့၏ သဘောတူညီချက်မပါသကဲ့သို့ အသုံးမပြုသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် ဖုန်းအော်ပရေတာ ကုမ္ပဏီ၏ ငွေဖြတ်တောက်မှုကို ခံနေရကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များ ပတ်ဝန်းကျင်ရှိ ဖုန်းသုံးစွဲသူများတွင်လည်း အလားတူ ကြုံတွေ့နေရပြီး ၎င်းတို့ပေးပို့သည့် ငွေပိုဖြတ်ခံရခြင်း အထောက်အထားများကိုလည်း ရရှိထားကြောင်း ပြောသည်။
ဒေါက်တာလှမိုး က “ဒီမေးခွန်းတင်တာ တလကျော်ကြာတယ်။ တလအတွင်းမှာ တို့တွေ ဘယ်လောက် ဆုံးရှုံးသွားပြီလဲ၊ သုံးတဲ့သူ သန်း ၆၀ ရှိတယ်။ တသန်းပဲ ဝန်ဆောင်မှုတခု တပတ် မှားဖြတ်တယ်ထား သန်း ၅၀၀၊ တလဆိုရင် သန်း ၂ ထောင်၊ တနှစ်ဆိုရင် ၂၅ ဘီလီယံလောက် နစ်နာသွားပြီ။ နိုင်ငံသူ နိုင်ငံသားတွေ နစ်နာခြင်းဟာ နိုင်ငံ နစ်နာတာပဲ၊ နိုင်ငံသူ နိုင်ငံသားများရဲ့ ပညာနည်းပါးမှု အသိဉာဏ် နည်းပါးမှုကို အခွင့်ကောင်းယူပြီး မလျော်မကန် ပြုမူခြင်းဟာ ကုမ္ပဏီကြီးတွေရဲ့ ကျင့်ဝတ်နဲ့ ကိုက်ညီရဲ့လား၊ သိပ်ရှက်စရာကောင်းတယ်။ နိုင်ငံတော်ကို မထီမဲ့မြင်လုပ်တယ်လို့ ခံစားရတယ်” ဟု လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။
ထိုသို့ ငွေပိုဖြတ်တောက်မှုအတွက် အော်ပရေတာကုမ္ပဏီကို စောဒကတက်ရာတွင်လည်း အသုံးပြုသူ၏ မှားယွင်းမှုကြောင့် အဆိုပါ ဝန်ဆောင်မှုကို ရွေးချယ်မိခြင်းဖြစ်ပြီး အသုံးမပြုလိုလျှင် ပြန်လည်ပယ်ဖျက်ရန်သာ အကြောင်းပြန်ကြောင်း၊ အသုံးပြုသူဘက်မှ မမှားဘဲ ကုမ္ပဏီဘက်မှ မှားခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ပြောဆိုမှ ငွေပြန်ပေးမည်ဟု အကြောင်း ပြန်ခဲ့ကြောင်း ဒေါက်တာလှမိုးက ဆိုသည်။
၎င်း ရရှိထားသည့် အချက်အလက်များအရ ပိုမိုဖြတ်တောက်ခြင်းများကို တယ်လီနော၊ အမ်ပီတီနှင့် အော်ရီဒူးတို့တွင် ကြုံတွေ့နေရပြီး မိုင်တဲတွင် အလားတူဖြစ်စဉ်မျိုး မတွေ့ရသေးဟု ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ငွေကြေး ခိုးယူခြင်း၊ လိမ်လည်ခြင်း အကျိုးစီးပွား ပျက်အောင် ဆောင်ရွက်ခြင်းအတွက် ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဂ) ရှိပြီး ယင်းပုဒ်မဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တရားလိုပြုလုပ်ကာ တရားစွဲဆိုအရေးယူပေးစေလိုသည်ဟု ဆိုသည်။
ဒေါက်တာလှမိုး က “နိုင်ငံသူ နိုင်ငံသား အားလုံးကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ခံပြီး တရားစွဲပေးဖို့ မေးခွန်းမေးတာ၊ နစ်နာသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရချင်တယ်။ ဒါတွေကို ပညာရေး ကျန်းမာရေးမှာ သုံးစေချင်တာ” ဟု ပြောသည်။
ဆက်သွယ်ရေး ဥပဒေအရ ဖုန်းဝန်ဆောင်မှု ကုမ္ပဏီများကို အရေးယူရန်မှာ သတိပေးခြင်း၊ အော်ပရေတာများ၏ လိုင်စင်ကို သတ်မှတ်အချိန် ကာလတခုအတွင်း ခေတ္တရပ်ဆိုင်းခြင်း၊ လိုင်စင်အပြီး ပိတ်သိမ်းခြင်းစသည့် နည်းလမ်း ၃ ခုသာရှိကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲသူမှာ MPT တွင် သုံးစွဲသူ ၂၁ သန်း၊ တယ်လီနောတွင် ၁၉ သန်း၊ အော်ရီဒူးတွင် ၁၀ သန်း၊ မိုင်တဲတွင် ၅ သန်းခန့်စီ ရှိကြပြီး ၎င်းတို့ကို တနာရီခန့် ပိတ်လျှင်ပင် အဆက်အသွယ် ပြတ်တောက်ပြီး သုံးစွဲသူအားလုံးကို ထိခိုက်မည်ဖြစ်၍ လိုင်စင်ပိတ်သိမ်းသည့် နည်းလမ်းဖြင့် အရေးယူ၍ မရကြောင်း ဒုတိယဝန်ကြီး ဦးသာဦးက ပြောသည်။
သို့သော်လည်း နည်းဥပဒေအရ ၎င်းတို့၏ နှစ်ရက်ဝင်ငွေမှ ၅ ရာခိုင်နှုန်းကို ဒဏ်ရိုက်နိုင်သည်ဟု ပြဌာန်းထား၍ ယင်းနည်းလမ်းဖြင့် အရေးယူနေရသည်ဟု ဆိုသည်။
ဒုတိယဝန်ကြီး ဦးသာဦး က “ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်လို့ ဝန်ဆောင်မှုပေးနေတဲ့ ဆာဗစ်ပရိုဗိုက်ဒါတွေ မလျော်မကန် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တရားစွဲလို့ရတဲ့ အခြေအနေမရှိပါဘူး၊ ဒါပေမယ့် အခုနက ပြောသလို ၆၆ (ဂ) နဲ့ဆိုရင်တော့ တမျိုးဖြစ်နိုင်မယ်၊ ဒါကိုအသုံးချပြီး လုပ်မယ်ဆိုရင် တော့ရနိုင်ပါတယ်၊ ဒါကိုအလေးထားပြီး ပြန်လည် ဆောင်ရွက် သွားပါမှာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးအော်ပရေတာများ၏ မမှန်မကန်ဖြတ်တောက်မှုများကို ဝန်ကြီးဌာနက ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် အလျင်အမြန်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း တိုက်တွန်း ပြောဆိုခဲ့သည်။
ဦးတီခွန်မြတ် က “အခုကတော့ မလျော်မကန် ဖြတ်တောက်မှုတွေဟာ ဖြစ်ပေါ်နေပြီဆိုတာ ပေါ်ပေါက်နေပါတယ်၊ အဲ့ဒီအတွက်ကြောင့် ဝန်ကြီးဌာနအနေနဲ့ ဒါကိုဘယ်လို ဖိဖိစီးစီး အရေးယူဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းကိုလည်း ဝန်ကြီးဌာန အနေနဲ့ အလျင်အမြန် ဆောင်ရွက်ပေးဖို့ လိုမှာဖြစ်ပါတယ်” ဟု ဆိုသည်။
ဆယ်သွယ်ရေးဥပဒေသည် ဖုန်းအော်ပရေတာများကို ထိန်းကျောင်းရန်သာ ရေးဆွဲထားခြင်းဖြစ်ပြီး သုံးစွဲသူများကို အကာအကွယ် ပေးနိုင်ခြင်းမရှိသဖြင့် ဆက်သွယ်ရေး ဥပဒေ နည်းဥပဒေများကို ပြင်ဆင်ရေးဆွဲသင့်ကြောင်းလည်း ဒေါက်တာလှမိုးက ဝေဖန်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မိုဘိုင်းအော်ပရေတာ ကုမ္ပဏီအချို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများထံ မေးမြန်ပြီးမှ ဖြေကြားပေးနိုင်မည်ဖြစ်သည့်အတွက် လတ်တလောတွင် ဖြေဆိုနိုင်ခြင်း မရှိကြောင်း တုန့်ပြန်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သာဦးက ဆက်သွယ်ရေး ကုမ္ပဏီအချို့က ကြေငြာစဉ်နှင့် အမှန်တကယ် ဝန်ဆောင်မှုပေးစဉ် မတူညီခြင်း၊ ငွေမှားယွင်းဖြတ်တောက်ခြင်းများကြောင့် အရေးယူဒဏ်ရိုက်ခံရခြင်းနှင့် ဘီလီယံနှင့် ချီကာ ပေးလျော်ခြင်းများ ပြုလုပ်ခဲ့ရသည်များရှိကြောင်း၊ ထို့အတွက် ဝန်ကြီးဌာနက ဖြေရှင်း အရေးယူပေးနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့် နစ်နာမှုများကို ဆက်သွယ်ရေးကုမ္ပဏီကို စောဒကတက်သကဲသို့ ဝန်ကြီးဌာနကို တိုင်ကြားပေးရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် ဆက်သွယ်ရေးဥပဒေ ၊ နည်းဥပဒေတို့ကို ပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟုလည်း ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – တိုင်ကြားမှုများရှိ၍ တယ်လီနော တာဝန်ရှိသူများကို စားသုံးသူရေးရာ ဦးစီးဌာနမှ ခေါ်တွေ့မည်