အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အကြောင်းပြ၍ ပြည်သူများကို လမ်းပေါ် ရောက်အောင် ဆွဲခေါ်နေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မှပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာ လှမြင့်က စွပ်စွဲပြောဆိုသည်။
ဒေါက်တာ နန္ဒာလှမြင့် က “ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဘယ်လို ကာကွယ်မလဲလို့ စဉ်းစားနေရတဲ့ အချိန်မှာ ပြည်သူကို လမ်းပေါ် ဆွဲတင်ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ စလှုပ်ရှားလာတာဟာ ရိုးသားတဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ကျနော်တို့က ပြောချင်တယ်”ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP) ဌာနချုပ်တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ နန္ဒာလှမြင့် က “ဒီကနေ့ ပြည်သူလူထုထဲမှာ ထင်ရောင် ထင်မှားနဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက အခြေခံ ဥပဒေ ပြင်ရေးကို ကန့်လန့်တိုက် နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တချို့ ပုဂ္ဂိုလ်တွေကိုက စကားလုံးတွေ အဆင်မခြင် နဲ့ စွပ်စွဲပြောဆိုလာတာ တွေ့ရတယ်။ နိုင်ငံရေးမှာ ရိုးသားဖို့ လိုတယ်။ မိမိပါတီ အောင်နိုင်ငံရေး အတွက် နိုင်ငံရေး ကစားကွက်ဖော်တာဟာ အောက်တန်းကျတဲ့ နိုင်ငံရေး လို့ပဲ ကျနော် ပြောချင် တယ်” ဟု ပြောသည်။
NLD ပါတီမှ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က ထိုသို့ ပြောဆိုခြင်းမှာ မဟုတ်မမှန် စွပ်စွဲ ပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥပဒေ ပြင်ဆင်ရေး ဖြစ်စေ၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်စေ ဥပဒေ နှင့် အညီ လုပ်ထုံး ၊ လုပ်နည်း အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြည်သူကို လမ်းပေါ် ရောက်အောင် ခေါ်တင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ အဆင့်ဆင့် တွင် ဘာသာရေး၊ လူမျိူးရေးကို အခြေခံ၍ အောင်နိုင်ရေး အတွက် မည်သူများ ဆောင်ရွက် ခဲ့သည်ကို ပြည်သူများ သိရှိပြီး ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်မမှန် စွပ်စွဲမှုများကိုလည်း ပြည်သူများ နားယောင်သွားမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ မျိုးညွှန့် က “ကျနော်တို့က ပြည်သူကို လမ်းပေါ်ရောက်အောင် လုပ်တာ မဟုတ်ပါဘူး။ သက်သေ အထောက်အထားရှိရင် ပြောပါ။ ကျနော် တို့ဟာ ပြည်သူကို ဘယ်တော့မှ လမ်းပေါ် ဆွဲမတင်ဘူးဆိုတာ ကျနော်တို့ရဲ့ မူပါ။ ပြည်သူတွေက ထောက်ခံလို့ သူတို့ ဆန္ဒထုတ်ဖော် မယ်ဆိုရင် ဥပဒေ နဲ့အညီ ခွင့်ပြုမှာပဲ ရှိတယ်။ အဲ့ဒါကို ကျနော်တို့က ပြည်သူကို လမ်းပေါ် ဆွဲတင်တာဆိုတာတော့ အင်မတန်ကို အစွန်း တဖက်ရောက်အောင် တွေးခေါ်ထားတာပါ” ဟု ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်မည်ဆိုပါက နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ် ဖြစ်သော်လည်း အာဏာရ ပါတီ အနေဖြင့် ကြိုတင် ညှိနှိုင်း ဆွေးနွေးမှု မရှိဘဲ ရုတ်တရက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အရေးကြီး အဆိုတရပ် အနေဖြင့် တက်၍ ကော်မတီ တရပ် ဖွဲ့စည်းခြင်း သည် ဥပဒေနှင့် မညီသည့် ဖွဲ့စည်းမှု တရပ် ဖြစ်သည်ကိုသာ ကန့်ကွက်ကြောင်း ဒေါက်တာ နန္ဒာ လှမြင့်က ဆိုသည်။
ဒေါက်တာ မျိုးညွှန့် က “ဦးသိန်းစိန် လက်ထက်မှာ ပြင်ဆင်ေရေး အတွက် ကော်မရှင် တခု ဖွဲ့တယ်။ ဒါကို လက်ခံ အတည်ပြုခဲ့လို့ အထင် အရှားရှိပြီးသား ဖြစ်တယ်။ အခုလည်း ကျနော်တို့က ဒီလို ကော်မရှင်မျိုး ပဲ ဖွဲ့တယ်။ အဲ့ဒါကို နာမည်လေး ကွဲတာကို ဥပဒေနဲ့ မညီပါဘူး။ ဥပဒေကို လက်တလုံးကြား လုပ်ပါတယ်ဆိုပြီး စွပ်စွဲတာကတော့ ကျနော် တို့ လက်မခံ နိုင်ပါဘူး” ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါတီပေါင်းစုံ၊ လူပေါင်းစုံ စုဝေးတိုင်ပင် အဖြေရှာပြီး ၊ ပြည်သူလူထု၏ ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်၍ လုပ်ထုံး လုပ်နည်း အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေ ဥပဒေပြင်ဆင်ရေး ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲများကို နိုင်ငံတဝှမ်းရှိ မြို့ကြီးများတွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဥပဒေကြောင့် လူ့အခွင့် အရေး ဆုံးရှုံးနေရကြောင်း၊ တရားမျှတမှုတွေ ဆုံးရှုံနေရကြောင်း၊ တိုင်း ပြည်ငြိမ်းချမ်းပြီး ဒီမိုကရေစီဖော် ဆောင်နိုင်ရန် အတွက် ယင်းကဲ့သို့ ထောက်ခံပွဲများ ပြုလုပ်ရကြောင်း ဆန္ဒ ထုတ်ဖော်သူ အများစုက ပြောဆိုကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေ ဥပဒေပြင်ဆင်ရေး ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲကို စစ်ကိုင်းမြို့ တွင် ဖေဖော်ဝါရီ ၂၄ ရက်က ဆန္ဒထုတ်ဖော်သူ ၅၀၀ ခန့်သည် အခြေခံဥပဒေပြင်ရေး တို့အရေး ကြွေးကြော်သံများ၊ ဗီနိုင်းများကိုင်ဆောင်၍ ချီတက်လမ်းလျှောက်ခဲ့ကြသည်။