မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ အသုံးပြုနိုင်ရန် အတွက် ဓာတ်အားသွင်းရုံ (Charging Station) များကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မည့် PPP (Public Private Partnership) စနစ်နှင့် လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။
ဦးခင်မောင်ချိုက“ရန်ကုန်မှာ လျှပ်စစ်ကား ရောက်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် သုံးတဲ့အခါ အဝေးသွားရင် အခက် အခဲ ရှိပါတယ်။ ဒါကို ပြေလည်စေဖို့ အတွက် ရန်ကုန်မြို့မှာ ရှိတဲ့ စက်မှုဝန်ကြီး ဌာနပိုင်မြေ ဖြစ်တဲ့ နေရာများမှာ လျှပ်စစ် အားသွင်းတဲ့ Charging Station တွေကို ပုဂ္ဂလိကကို ပေးပြီး တည်ဆောက်ဖို့ ရှိပါတယ်” ဟု ပြော သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရုံး၌ ဖေဖော်ဝါရီလ ၂၂ ရက်က ပြုလုပ် သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ ရန်ကုန်၌ ရောက်ရှိနေသော Nissan လျှပ်စစ်ကားမှာ ဈေးကွက် ရှိသော်လည်း ဓာတ်အားသွင်းသည့် နေရာ မရှိ သောကြောင့် အသုံးပြုရာ၌ အဆင်မပြေမှုများ ရှိနေကြောင်း ဦးခင်မောင်ချိုက ပြောသည်။
ဆက်လက်၍ ၎င်းက“လျှပ်စစ်ကားတွေကိုပါ ထုတ်လုပ်ဖို့က လုပ်ကိုလုပ်ရမှာ ဖြစ်တာကြောင့် လျှပ်စစ်ရရှိဖို့ သက်ဆိုင် ရာ ဝန်ကြီး ဌာနနဲ့ ညိုနှိုင်းထားပြီး ဖြစ်ပါတယ်။ ယခု လျှပ်စစ် ထုတ်တဲ့ အခါမှာ သာမန်ပြည်သူတွေ အနေနဲ့ စိုးရိမ် ပူပန် မှု ရှိကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လျှပ်စစ် မရှိဘဲနဲ့ လျှပ်စစ် ကားမောင်းဖို့ အခက်အခဲ ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်”ဟု ရှင်းပြသည်။
လျှပ်စစ်ကားများ တွင်ကျယ်စွာ အသုံးပြုနိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သည့် ဓာတ်အား ပြန်လည် ဖြည့်တင်းရန် အား သွင်းရုံ (EV Charging Station) များကို ရန်ကုန်- မန္တလေးအမြန် လမ်းမကြီး တလျှောက်၌ ၈ နေရာ၊ ရန်ကုန် တိုင်း အတွင်း ၃၆ နေရာနှင့် နေပြည်တော်၌ ၅ နေရာ တည်ဆောက် သွားမည် ဖြစ်ကာ အမြန်လမ်းတွင် တည်ဆောက် မည့် Charging Station များ၌ နာရီဝက် အတွင်း လျှပ်စစ်ဓာတ်အား ပြန်လည် ဖြည့်သွင်းနိုင်သော စနစ်ကို ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း စက်မှု ဝန်ကြီးဌာနက ပြောဆိုထားသည်။
အဆိုပါ ဓာတ်အားသွင်းရုံများ တည်ဆောက်ရာ၌ သာမန်အိမ်သုံး လျှပ်စစ်ဖြင့် အားသွင်းနိုင်သော Charging ပစ္စည်း၊ တရုတ် နိုင်ငံထုတ်နှင့် ဥရောပ နိုင်ငံသုံး လျှပ်စစ် အားသွင်းခေါင်း ပစ္စည်း ဟူ၍ ၃ မျိုးကို တပ်ဆင် အသုံးပြုသွားမည် ဟုလည်း ဆိုသည်။
ထို့ပြင် ပြည်တွင်း၌ လျှပ်စစ်ကားများ တပ်ဆင် ထုတ်လုပ်ရာတွင် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်ခြင်း မရှိသော် လည်း ဝန်ကြီးဌာန၏ စက်ရုံများကို အသုံးပြုခွင့်ပေးပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လျှပ်စစ် ကား များကို ထုတ်လုပ် တပ်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က “နိုင်ငံတကာမှာလည်း လျှပ်စစ်ကားကို အားပေးတယ်။ သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်မှု နည်းတယ်။ ဒါကို အား ပေးတဲ့ အနေနဲ့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ သူတွေ၊ တင်သွင်းတဲ့သူတွေ အတွက် အခွန် သက်သာခွင့်တွေ ပေးရင်တော့ ပိုပြီး တိုးတက်လာမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
လက်ရှိ ပြည်တွင်း၌ Nissan ကုမ္ပဏီမှ ထုတ်လုပ်သည့် Nissan Leaf အမျိုးအစား လျှပ်စစ်ကားကို အသုံးပြုမှုများ ရှိနေ ပြီး ဈေးနှုန်းအနေနှင့် မော်ဒယ် အလိုက် ငွေကျပ်သိန်း ၁၀၀ ဝန်းကျင်မှ သိန်း ၁၆၀ ဝန်းကျင်တွင် ရှိကြောင်း လျှပ်စစ် ကား ရောင်းဝယ်သူ တချို့က ပြောပြသည်။
ပြည်တွင်း၌ လျှပ်စစ်ကား အသုံးပြုမှု အနေနှင့် Nissan ကုမ္ပဏီက ထုတ်လုပ်သည့် အမျိုးအစားကို အသုံးပြုမှု များပြီး ပြည်တွင်း သုံးသည့် အစီးရေပေါင်း ၂၀၀ နီးပါး ရှိနိုင်ကြောင်းလည်း အရောင်းအဝယ် လုပ်ကိုင်သူများက ပြောဆိုသည်။
Nissan leaf အမျိုးအစား လျှပ်စစ်ကား အသုံးပြုနေသူ ရန်ကုန်မြို့နေ ဦးဇော်အောင်က“အခုလို ဓာတ်အားသွင်းရုံတွေ လုပ်ပေးတာ အရမ်းကောင်းပါတယ်။ အခုတော့ လျှပ်စစ်ကားတွေ အတွက် အားသွင်းဖို့က အိမ်သုံး ခေါင်းဆိုတော့ သူ့ ဘက်ထရီ အတိုင်းအတာနဲ့ ၄၊ ၅ နာရီ၊ ၆နာရီ ၉ နာရီအထိ သွင်းရတယ်။ Charging Station တွေမှာဆိုရင် ခေါင်း အကြီး တွေနဲ့ ဆိုတော့ နာရီဝက် တနာရီလောက်ဆို ပြည့်နိုင်တယ်။ ကီလို ၇၀ (မိုင် ၄၀) လောက်မှာ စတေရှင် တခု ဆိုရင် အဆင် ပြေမယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် လျှပ်စစ်ကားမှာ မြို့တွင်းသုံးရန် အတွက် အဆင်ပြေပြီး မီးခိုးမထွက်ခြင်း၊ ဆူညံမှု မရှိခြင်း တို့ကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေသည့် အပြင် ဆီဖိုး သက်သာခြင်းနှင့် ပြင်ဆင်မှု အပိုင်းတွင်လည်း ပျက်ခဲသည့် အတွက် ကုန်ကျစရိတ် သက်သာကြောင်း ၎င်းက ဆိုသည်။
“သူ့ ဖွဲ့စည်းပုံကလည်း ရိုးရှင်းတယ်။ မော်တာက ဘီးမှာ ဒဲ့ထိုင်ထားတာ။ ကျနော် ဆိုလည်း လျှစ်စစ်ကား သုံးနေတာ ၄ နှစ် လောက် ရှိပြီ။ တခါမှ မပြင်ရသေးဘူး။ သုံးသူ အတွက် ကုန်ကျစရိတ် သက်သာတယ်။ ဒါပေမယ့် ဗြုန်းစားကြီး တအိမ် ၁ စီးနှုန်းနဲ့ လျှပ်စစ်ကားတွေ ဝိုင်းသုံးကြမယ် ဆိုရင်တော့ သူ့ဆွဲအားက လျှပ်စစ် ထမင်းအိုးကို တောက် လျှောက် ၅ နာရီ ဆက်တိုက် သုံးတဲ့ အနေအထားလောက် ရှိနေတာဆိုတော့ မီးအားတွေ ကျသွားမလား၊ မီးတွေ ပျက် မလားပေါ့။ နောက်ပိုင်း ဆိုရင်တော့ အဆင်ပြေသွားမှာပါ”ဟု ဦးဇော်အောင်က ပြောဆိုသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်က ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ်ရှိ သာဂရ စက်မှုနယ်မြေတွင် လျှပ်စစ် ဘတ်စ်ကားများကို၂၀၁၈ နှစ်ကုန်ပိုင်းတွင် စတင် ထုတ်လုပ်ရန် စက်မှု ဝန်ကြီး ဌာနနှင့် Green Power Myanmar ကုမ္ပဏီတို့ ပူးပါင်းပြီး မြန်မာနိုင်ငံ၌ လျှပ်စစ်ကား ထုတ်လုပ်ရေးနှင့် ဓာတ်အားဖြည့် စခန်းများ တည်ဆောက်ရေး ဆိုင်ရာ ဆွေးနွေးမှု သဘောတူညီမှု စာချွန်လွှာ (AoD) လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူညီမှု အရ မြန်မာနိုင်ငံရှိ အဝေးပြေး ယာဉ်လိုင်းများ အတွက် အစီး ၃၀၀ နှင့် သီရိ လင်္ကာ၊ အိန္ဒိယ နှင့် စင်ကာပူ နိုင်ငံများသို့ တင်ပို့ရန် အစီး ၇၀၀၀ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနက သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ပြည်တွင်းမှာ ရောက်ရှိနေပြီဖြစ်တဲ့ လျှပ်စစ်ကား Nissan Leaf