လွန်ခဲ့သည့်သောကြာနေ့က ရက္ခိုင့်တပ်မတော် AA နှင့်ဖြစ်ပွားသော ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတဦး ကျဆုံးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အတည်ပြုပြောကြားလိုက်သည်။
အဆိုပါနေရာသည် ဇန်နဝါရီလ အစောပိုင်းက ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးသော တိုက်ပွဲ နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျဆုံးသွားသော တပ်မတော်အရာရှိမှာ ဗိုလ်မှူး အောင်ကိုငြိမ်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဒီသတင်းက မှန်ပါတယ် အတည်ပြုပြီးပါပြီ။ ဘူးသီးတောင်က ရဲစခန်းတွေ အတိုက်ခံရတဲ့နေရာနားမှာပဲ ကျသွားတာပါ” ဟု ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် အတည်ပြုပြောဆိုခဲ့ပြီး အသေးစိတ် မေးခွန်းများကို ဖြေဆိုခဲ့ခြင်း မရှိခဲ့ပါ။
တနင်္ဂနွေနေ့တွင် ဗိုလ်မှူး အောင်ကိုငြိမ်း၏ ဇနီး ဒေါ်ဖြိုးပပဝင်းက သူ၏ ဖေ့ဘွတ်တွင် “ အခုတော့ သမီးနှစ်ယောက်နဲ့ထားခဲ့ပြီလား” ဟု ရေးသားခဲ့သည်။ စစ်သားအချို့အပါအဝင် ဖေ့ဘွတ် အသုံးပြုသူ ၂၀၀ ခန့်က ဝမ်းနည်းကြောင်းကို မှတ်ချက်ပေးခဲ့ကြသည်။
ထိုဗိုလ်မှူးနှင့် မောင်နှမတော်စပ်သည်ဟုဆိုသူ မစရိတ ညာဏီ အမည်ရှိ သီလရှင်က သူ၏ မောင်တော်စပ်သူသည် စစ်တက္ကသိုလ် အပါတ်စဉ် ၄၄ မှဖြစ်ပြီး ရခိုင်မြောက်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးကြောင်း ဓါတ်ပုံများနှင့်အတူ တင်ခဲ့ထားခဲ့သည်။ သို့သော် သေဆုံးသည့်နေ့စွဲမှာ သောကြာနေ့မဟုတ်ဘဲ စနေနေ့ဖြစ်နေသည်။ ထိုရေးသားဖေါ်ပြမှုများကို နောက်ပိုင်းတွင် မတွေ့ရတော့ပေ။
AA က ကြာသပတေး၊ သောကြာနှင့် စနေနေ့များတွင် အစိုးရတပ်များနှင့် ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ်ပလက်ဝတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကြေညာထားသည်။ အဆိုပါရက်ပိုင်းအတွင်း ဘူးသီးတောင်တွင် တိုက်ပွဲများ မရှိပေ။ ရက္ခိုင့်တပ်မတော်နှင့် နီးစပ်သူတဦးက ဗိုလ်မှူးအောင်ကိုငြိမ်းသည် မြောက်ဦးမြို့နယ်ရှိ တောင်တန်းများပေါ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကျဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရတပ်သည် ခြေမြန်တပ်ရင်းများစွာကို စစ်ပွဲအတွက် ထုတ်သုံးနေခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်သည်။
ပလက်ဝနှင့်မြောက်ဦးတွင် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးကြောင်း၊ သောကြာနေ့က ကျောက်တော်တွင် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၅ ဦး အပြင်းအထန် ဒဏ်ရာရှိသွားကြောင်း ထုတ်ပြန်သည်။ ပလက်ဝတွင် စနေနေ့ကဖြစ်ပွားသော တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဝင် ၁ ဦးနှင့် အစိုးရတပ်ဖွဲ့ဝင် အများအပြားသေဆုံးကြောင်းလည်း ကြေညာထားသည်။
အစိုးရတပ်များသည် သောကြာနေ့က ၁၀၅ မမ နှင့် ၁၂၀ မမ အထိပါသော လက်နက်ကြီး အကြိမ် ၇၀ ခန့်ကို ပလက်ဝမြို့နယ်ရှိ တောတန်းမျာသို့ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း AA က ကြေညာသည်။ ထိုလက်နက်ကြီးပေါက်ကွဲမှုများသည် သာမန်ကဲ့သို့မဟုတ်ဘဲ မီးခိုးအများအပြား ထွက်ရှိသောကြောင့် ဓာတုလက်နက်များ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း AA ကကြေညာသည်။
ဗိုလ်မှူးအောင်ကိုငြိမ်း ကျဆုံးမှုသည် ဒီဇင်ဘာလနောက်ပိုင်းတွင် AA နှင့် ဖြစ်ပွားသော တိုက်ပွဲများအတွင်း ကျဆုံးကြောင်း တပ်မတော်က အတည်ပြုပေးသော ဒုတိယကြိမ်မြောက် အဆင့်မြင့်စစ်အရာရှိဖြစ်သည်။
( Moe Myint ၏ Myanmar Military Major Killed in Fighting With Arakan Army in Rakhine ကို ဘာသာပြန်ဆိုသည်။)