ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူးငှက်ပျော စိုက်ခင်းများအား ဒေသခံများက ကန့်ကွက်သည့် သတင်းကို ရေးသားဖော် ပြဖြင့် မြစ်ကြီးနား ဂျာနယ်တိုက်မှ သတင်းသမား ၂ ဦးကို ငှက်ပျောစိုက် သည့် သခင်စစ် ကုမ္ပဏီမှ ယနေ့ နံနက်ပိုင်းက ချုပ်နှောင် ရိုက်နှက်ခဲ့ကြောင်း သတင်းရသည်။
ချုပ်နှောင် ရိုက်နှက်ခံခဲ့ရသည့် သတင်းထောက်နှစ်ဦးမှာ မမွန်းမွန်းပန်နှင့် ကိုအာ့ဂျယ်တို့ ဖြစ်ပြီး၊ ယနေ့ နံနက် ၉ နာရီ ဝန်းကျင်က သခင်စစ် ကုမ္ပဏီမှ ဝန်ထမ်းများက ဂျာနယ်တိုက်သို့ ရောက်လာပြီး သတင်းရေးသားခြင်းနှင့် ပတ်သက်၍ ၎င်းတို့ သူဌေးက တွေ့လိုကြောင်း၊ ကုမ္ပဏီသို့ လိုက်ခဲ့ရန် ခေါ် ရာ သတင်းထောက်၂ဦးက လိုက်သွားခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနားဂျာနယ်တိုက်မှ အမှုဆောင်အရာရှိ (၂) ဖြစ်သူ ဦးဇော်ခွန်းက ” ယောင်္ကျားလေးကို ထိုင်ထ အခါတသိန်းလုပ် ခိုင်းတယ်။ အခါ ၃၀၀ မှာတင် မရတော့ဘူး။ အခု လမ်းမလျှောက် နိုင်တော့ပါဘူး။ အမျိုးသမီးကို ကျတော့ ရောက်ရောက် ချင်း အိမ်ထဲ ဖမ်းချုပ်ပြီး ဆွဲလားရမ်းလားနဲ့ လုပ်တာ အကျီ ကြယ်သီးတွေတောင် ပြုတ်တယ်။ သူက ဂျာနယ်နဲ့ ပါးရိုက်ခံရပါ တယ်ဗျ”ဟု ပြောသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်း ကုမ္ပဏီများ ဝင်ရောက်ကာ တစ်သျှူးငှက်ပျောစိုက်ခင်းများ စိုက်သဖြင့် မြေဆီလွှာ ပျက်စီးခြင်း၊ အခြားသီးနှံများ စိုက်ပျိုးမရတော့ကြောင်းနှင့် ငှက်ပျောစိုက်ခင်း တွင် လာရောက် အလုပ်လုပ်ကိုင် သည့် အလုပ်သမားများနှင့် ဒေသခံများအကြား လူမှုရေးပြဿနာ များ တတ်သဖြင့် တစ်သျှူးငှက်ပျောစိုက်ခင်းများ မစိုက်ရန် အာဏာပိုင်များထံ ကန့်ကွက်စာ တင် သည့် အကြောင်းကို မြစ်ကြီးနား ဂျာနယ်တိုက်မှ သတင်းထောက်နှစ်ဦးက သတင်းရေးသားပြီး ဖေဖော်ဝါရီလ ၂၅ ရက်ထုတ် ဂျာနယ် တွင် ဖော်ပြခဲ့သည်။
မြစ်ကြီးနားဂျာနယ်တိုက်မှ အယ်ဒီတာချုပ် ဒေါ်ဆိုင်းမိုင်က “ရုံးမှာလာတော့ ကောင်းကောင်းမွန်မွန် ဖြေရှင်းပေးဖို့ လုပ်တယ်။ သတင်းက မမှားဘူး။ မှန်တယ်။ ဒါကို သူတို့က မဟုတ်ဘူး။ ကုမ္ပဏီကို လိုက်လာပြီး သူဌေးနဲ့ လာဖြေရှင်းပေးပါလို့ ပြောတယ်။ ခါတိုင်းက ၅နှစ်လုံးလုံး သတင်းမှာ တခုခုဖြစ်ရင် ရုံးမှာပဲ ရှင်းဖို့ မူဝါဒ ချပြီးသား”ဟု ပြောသည်။
သခင်စစ် ကုမ္ပဏီ ဝန်ထမ်းများက မည်သည့်ပြဿနာမှ မဖြစ်ကြောင်း ၊ ကုမ္ပဏီသို့ လိုက်ပြီး သူဌေးနှင့် တွေ့ကာ စကား ပြောရန်သာ ဖြစ်သည်ဟု အာမခံပြောဆိုသဖြင့် သတင်းထောက် နှစ်ဦးက လိုက်သွား ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သခင်စစ်ကုမ္ပဏီသို့ အရောက်တွင် ဝန်ထမ်းတဦးက “ဘယ်သူက သတင်းရေးတဲ့ သူလဲ”ဟု မေးမြန်း ပြီး သတင်း ရေးသား သည့် မမွန်းမွန်းပန်ကို ကုမ္ပဏီဝန်ထမ်း အမျိုးသား ၃ဦးခန့်က အိမ်ခြံဝင်းတခု အတွင်း ဆွဲခေါ်ကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
မမွန်းမွန်းပန်နှင့် အတူ လိုက်သွားသည့် ကိုအာ့ဂျယ်က ဖုန်းဖြင့် ဓါတ်ပုံများ ရိုက်ယူကာ ဂျာနယ်တိုက် မှ အယ်ဒီတာများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဓါတ်ပုံရိုက်ပို့နေသည်ကို မပို့ရန် ကုမ္ပဏီဝန်ထမ်းများက တားမြစ်ကာ ဖုန်းကိုလည်း သိမ်းယူလိုက်ပြီး ကိုအာ့ဂျယ်ကို အခြားအိမ်တလုံးတွင် ချုပ်နှောင်ကာ ထိုင်ထ အခါတသိန်း လုပ်ရန် ဝိုင်းဝန်း ခိုင်းစေခဲ့ ခြင်း ဖြစ်သည်ဟု ဦးဇော်ခွန်းက ပြောသည်။
ကိုအာ့ဂျယ်မှ လှမ်းအကြောင်းကြားသဖြင့် ဂျာနယ်တိုက်မှ တာဝန်ရှိသူများ လိုက်သွားပြီး ဝိုင်းမော်မြို့ နယ်ရဲစခန်းသို့လည်း တိုင်ကြားခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ဝင်များ ရောက်လာမှ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဦးဇော်ခွန်းက “နာကျင်စေမှုနဲ့ ခြိမ်းခြောက်မှုတွေ ပါတယ်။ ဒါတွေကို အဓိကထားပြီးတော့ တရားစွဲ သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ သခင်စစ် ကုမ္ပဏီကို စွဲမှာပါ”ဟု ပြောသည်။
ဧရာဝတီမှ သခင်စစ် ကုမ္ပဏီကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသကဲ့သို့ အလားတူ ဝိုင်းမော်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်သော်လည်း အမှုနှင့် ပတ်သက်၍ ဖြေကြားခြင်း မရှိပေ။
ပြည်ထောင်စုလွှတ်တော်၌ ၂၀၁၄ ခုနှစ်၊ မတ်လက ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ အခန်း (၃) သတင်းမီဒီယာ သမားများ၏ ရပိုင်ခွင့်များပါ ပုဒ်မများအရ သတင်းထောက်များသည် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ လွတ်လပ်စွာ ဝေဖန်၊ထောက်ပြ ရေးသားခွင့် ရှိသည်။
နိုင်ငံသားတဦးချင်းစီ၏ အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများကို ဖော်ထုတ်ရေးသားခွင့်ရှိပြီး လူမှုစီးပွား ဆိုင်ရာ မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရန်အတွက်လည်း စုံစမ်းဆောင်ရွက် နိုင်သည်။
သတင်းမီဒီယာများမှ ရေးသား ဖော်ပြချက် များကြောင့် နစ်နာပါက နစ်နာသည့် ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့က သတင်း မီဒီယာ ကောင်စီသို့ တိုင်ကြားနိုင်ပြီး ကောင်စီက နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းပြဌာန်းချက်များနှင့် အညီ ဆောင်ရွက် ရမည်ဖြစ်သည်။
ကောင်စီတွင် ပြေလည်မှု မရှိပါက တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်မည် ဖြစ်သည်ဟု သတင်းမီဒီယာဥပဒေတွင် ပြဌာန်းထားသည်။