အိန္ဒိယနိုင်ငံ ဂျမူးနှင့်ကက်ရှ်မီးယား ပြည်နယ်တွင် အကြမ်းဖက်သမားက ကားဗုံးဖြင့် တိုက်ခိုက်မှု ကြောင့် အိန္ဒိယ လုံခြုံရေး အမှုထမ်း ၄၀ သေဆုံးသဖြင့် နှစ်နိုင်ငံ တင်းမာမှု ဖြစ်နေစဉ် အိန္ဒိယလေတပ် က ပါကစ္စတန်အကြမ်းဖက်စခန်းများကို ယနေ့ ဗုံးကြဲ တိုက်ခိုက်ကြောင်း အိန္ဒိယ သတင်းများကဆိုသည်။
အိန္ဒိယ တိုက်လေယာဉ်များသည် ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယား ဘက်ခြမ်းရှိ မာဇဖာရာဘတ် နယ်မြေအတွင်း ပျံသန်း ဝင်ရောက်ကာ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း၊ ထိခိုက်ကျဆုံးမှု မရှိကြောင်း ပါကစ္စတန်စစ်တပ်မှ ပြောခွင့်ရသူ ဗိုလ်ချုပ်အဆစ်ဖ်ဂါဖိုးကလည်း အတည်ပြု ပြောသည်။
ထိုသို့ ဗုံးကြဲပြီးနောက် ပါကစ္စတန်ကလည်း ၎င်း၏ JF- 17 တိုက်လေယာဉ်များကို အရေးပေါ်စေလွှတ်စေခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
“ဗုံးကြဲသွားပြီးတဲ့နောက် မြေပြင်ပေါ်မှာ အသေအပျောက်၊ အပျက်အစီး သိပ်မရှိပါဘူး” ဟု ဘာလာကော့ရဲမှူးချုပ် ဆက်ဟာဟူစိန်ရှားကလည်း ဆိုသည်။
လတ်တလောအနေအထားတွင် အိန္ဒိယဘက်မှ သဘောထားမှတ်ချက်တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယအစိုးရကော်မတီတွင် ဝန်ကြီးချုပ်နရိန္ဒရာမိုဒီက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အင်္ဂါ နေ့တွင် အစည်းအဝေးကျင်းပခဲ့ကြောင်း နယူးဒေလီ ရုပ်သံက သတင်းထုတ်လွှင့်သည်။
ယခုသတင်းတွင်မူ အိန္ဒိယလေတပ်မှ ပြင်သစ်လုပ် မီးရပ်ချ် ၂၀၀၀ အမျိုးအစား ဂျက်တိုက်လေယာဉ် ၁၂စင်းက ကီလီဂရမ် ၁၀၀၀ ရှိ ဗုံးများကို ပါကစ္စတန်ဘက်ခြမ်းရှိ ဂျာအိနှင့် လက်တီ အကြမ်းဖက်သမားမျး၏ စစ်စခန်းများကို ကြဲချကြောင်း၊ ယင်း စစ်ဆင်ရေးမှာ ၁၉ မိနစ်သာ ကြာကြောင်း ရေးသားထားသည်။
ထိုသို့ တိုက်ခိုက်မှုအတွက် ပါကစ္စတန်ဘက်မှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးပေ။
ဆက်စပ်သတင်းလင့်ခ် –
ကက်ရှ်မီးယား လုံခြုံရေး ယာဉ်တန်း ဗုံးခွဲခံရမှု အိန္ဒိယက ပါကစ္စတန်ကို ပြစ်တင်
အိန္ဒိယ ကက်ရှ်မီးယားဒေသ အသေခံဗုံးခွဲမှု မြန်မာအစိုးရ ရှုတ်ချ
ကက်ရှ်မီးယား တိုက်ခိုက်ခံရအပြီး မိုဒီနောက်၌ အိန္ဒိယပြည်သူများစွာတို့ ရပ်တည်ပေးနေ