သတင်း

လွှတ်တော်တွင်း တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကြံ့ခိုင်ရေး ကာကွယ်ပြောဆို

Want create site? Find Free WordPress Themes and plugins.

ပြည်သူက ရွေးချယ်ခြင်းမဟုတ်ဘဲ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုမှာ ပြည်ထောင်စုမပြိုကွဲရန်၊ အချုပ်အခြာ အာဏာမဆုံးရှုံးရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရန် အတွက် အတွက်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) က ပြောသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီ ရုံးချုပ်၌ ဖေဖော်ဝါရီ ၂၅ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက မြန်မာ့ နိုင်ငံရေးတွင် တပ်မတော်၏ အခန်း ကဏ္ဍကို လျော့ချနိုင်ရေး ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင် လိုခြင်း ရှိ/မရှိ မေးမြန်းစဉ် ကြံ့ခိုင်ရေး ပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး က အထက်ပါ အတိုင်း တုန့်ပြန် ပြောဆိုခြင်း ဖြစ်သည်။

ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က “၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရပ်တည် နေတာဟာ ဘယ်ပြည်သူတွေ၊ ဘယ်ပုဂ္ဂိုလ်တွေ အတွက် ဘာတွေ ထိခိုက် နစ်နာနေလို့လဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ရော၊ ဒီ ၂၀၁၅ ရော လွှတ်တော်ထဲက လှုပ်ရှားမှုတွေ အားလုံး ကြည့်လိုက်ရင် တပ်မတော်သား ဒီရာခိုင်နှုန်း တခု ပါနေတာ ဟာ နိုင်ငံတော်ရဲ့ ပြည်ထောင်စု မပြိုကွဲဖို့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲဖို့၊ အချုပ်အခြာ အာဏာ မဆုံးရှုံး သွားစေဖို့ အတွက် ရပ်တည်နေတာ” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “နိုင်ငံတော်ရဲ့ အတိတ် သမိုင်းမှာ လွတ်လပ်ရေး ရခဲ့တဲ့ အချိန်ကစပြီးတော့ နိုင်ငံရေး သမားတွေ ကမောက်ကမ လုပ်လို့ အကြိမ်ကြိမ် တိုင်းပြည် ချောက်ထဲ ကျခဲ့ပါတယ်။ ရိုးရိုးလွယ်လွယ် ရှင်းရှင်းပြောရရင် အဲဒီ အချိန်တိုင်းမှာ တပ်မတော်က နိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ရတယ်။ ဒါ သမိုင်းမှာ ဘယ်လိုမှ ပယ်ဖျက်လို့ မရတဲ့ တပ်မတော်ရဲ့သမိုင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်မှ ထူထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ပေါက်ဖွား လာသော နိုင်ငံရေး ပါတီ တခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်များ အရပ်ဝတ် လဲလှယ်ကာ ယင်းပါတီဖြင့် ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့သည်။

သို့သော်၂၀၁၅ ရွေးကောက်ပွဲ၌ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရှုံးနိမ့်သဖြင့် အတိုက်အခံ အဖြစ် ရပ်တည် နေလျက် ရှိသည်။

မန္တလေးမြို့မှ တရား လွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး ပြည်တွင်းစစ် ဖြစ်သည့် အချိန်မှစ၍ ၁၉၆၂ ခုနှစ် အထိ တပ်မတော်က နိုင်ငံကို အကြိမ်ကြိမ် ကယ်တင်ခဲ့ရသည်မှာ မှန်ကန်သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ပြီး အာဏာသိမ်း က တည်းမှ ၁၉၈၈ ခုနှစ်သို့ ရောက်သည့် အခါ ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည် ဘဝကို ရောက်သွားရသည်ဟု ပြောသည်။

ဦးသိန်းသန်းဦး က “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ တခုမှ အဆင့် မရှိဘဲနဲ့ ဘုံးဘုံး လဲကျတယ်။ အဲဒါ နိုင်ငံရေး သမားတွေ လုပ်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်က လုပ်ခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

၎င်းကဆက်၍ “၈၈ မှာ လူထုက အုံကြွ ပုန်ကန်မှု ဖြစ်ပြီးတော့ ဂုဏ်သိက္ခာ ရှိတဲ့ တိုင်းပြည်တပြည် ဖြစ်အောင် လက်မခံဘဲနဲ့ အာဏာ သိမ်းပြီးတော့ ၂၀၁၁ အထိ လုပ်ခဲ့တာလည်း စစ်တပ်ပဲ။ အဲဒါ နိုင်ငံရေး သမား မဟုတ်ဘူး။ သမ္မတကြီး ဦးသိန်းစိန်ကလည်း စစ်တပ်ကပဲ။ သူတို့ လုပ်တာပဲ။ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ နိုင်ငံရေး သမားလက်ထဲ အခုမှ ရောက်တာ” ဟု ပြောဆိုသည်။

စစ်ခေါင်းဆောင် တချို့၏ ကိုယ်ကျိုး ကြည့်မှု၊ အာဏာ မက်မောမှုကြောင့် တပ်မတော်လည်း နာမည်ပျက်ခဲ့ရပြီး တိုင်း ပြည် ဒုက္ခ ရောက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၏ အကျိုးစီးပွားကို ထောက်ထားပြီး ဂုဏ်သိက္ခာရှိသည့် ဒီမိုကရေစီ နှင့် ပြည်ထောင်စု စစ်စစ် ဖြစ်ချင်ပါက စစ်တပ်သည် နိုင်ငံရေးတွင် ပါရန် မသင့်တော်ဘဲ ယခုအချိန်တွင် မဆုတ်ခွာနိုင် ပါက သင့်တော်သည့် ညှိနှိုင်းမှုများ  ပြုလုပ်ပြီး ဆုတ်ခွာပေးသင့်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

ဦးသိန်းသန်းဦးက “၂၅ ရာခိုင်နှုန်းသော ရွေးချယ် တင်မြောက်ရမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ခွင့် မရဘဲနဲ့ သူတို့ Automatic ဝင်ထိုင်တဲ့ အတွက် ပြည်သူ တရပ်လုံးမှာ အကြီးအကျယ် ထိခိုက်သွားတယ်။ ပြည်သူ့ ဆန္ဒ ၂၅ ရာခိုင်နှုန်းလည်း  ဓားပြတိုက် ခံလိုက်ရတယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အရ လက်ရှိ အနေအထားတွင် တပ်မတော်သည် နိုင်ငံရေးမှ ဆုတ်ခွာချင်သည့် သဘော မရှိသေး ကြောင်း၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတွင် တပ်မတော်သည် နိုင်ငံရေး နယ်ပယ်မှ ဆုတ်သွားသင့်ပြီး ချက်ချင်း မဆုတ်ခွာနိုင်ပါက တဖြည်းဖြည်း ဆုတ်ခွာသွားသင့်ကြောင်း မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အဖွဲ့မှ ဒါရိုက်တာ တဦး ဖြစ်သူ ဦးအောင်သူငြိမ်းက ဆိုသည်။

ဦးအောင်သူငြိမ်း က “အရေးကြီးတာက အရပ်ဘက်က နိုင်ငံရေး ခေါင်းဆောင်တွေ ဦးဆောင်တဲ့ သူတွေနဲ့ တပ်မတော်ကြားထဲမှာ ညှိနှိုင်း မှုတွေ အများကြီး လုပ်ဖို့ လိုဦးမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၃ ရက်က ရန်ကုန်မြို့တွင် တပ်မတော်မှ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌လည်း တိုင်းရင်းသား လက်နက်ကိုင်များ ရှိနေသရွေ့ တပ်မတော်က နိုင်ငံရေးတွင် ပါဝင်နေဦးမည် ဖြစ်ကြောင်း ဗိုလ်ချုပ် တချို့က ပြောဆိုထားသည်။

နိုင်ငံတွင် နိုင်ငံရေး သမား အချင်းချင်း မညီညွတ်ဘဲ အာဏာ လုသည့် အချိန်တိုင်း၊ တိုင်းပြည် ကမောက်ကမ ဖြစ် သည့် အချိန်တိုင်းတွင် တိုင်းပြည် မပြိုကွဲစေရန် တပ်မတော်က အာဏာသိမ်းရကြောင်း၊ တပ်မတော်က အာဏာသိမ်း သည့် အခါတိုင်းတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီမှ ပြောခွင့် ရ ပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဒေါက်တာ နန္ဒာလှမြင့် က “ထစ်ကနဲ့ရှိ တပ်မတော်က အာဏာသိမ်းရတဲ့ ဖြစ်စဉ်မျိုး ဖြစ်နေလို့ရှိရင် ဒီတိုင်းပြည်ဘယ်တော့မှ တိုးတက်မှာ မဟုတ် ဘူး။ ဒါကြောင့် နောက်တချိန်မှာ နိုင်ငံရေး သမားတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို တာဝန်ယူနိုင်ဖို့ အတွက် ခိုင် မာတောင့်တင်းတဲ့ နိုင်ငံရေး အင်အားစုတွေ ပေါ်ထွက်လာဖို့ လိုတယ်” ဟု ဆိုသည်။

သို့သော် ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်တို့ကြား တချို့ ကိစ္စရပ်များတွင် ရပ်တည်ချက် တူညီနေကြသည်မှာ ကြိုတင် တိုင်ပင်ထား၍ မဟုတ်ဘဲ နိုင်ငံတကာ ဖိအားများ၊ တိုင်းပြည် ပြိုကွဲမည့် အခြေအနေ၊ အချုပ်အခြာ အာဏာ ဆုံးရှုံးမည့် အခြေအနေ၊ တရား ဥပဒေ ဆုံးရှုံးမည့် အခြေအနေ၊ ပြည်သူလူထု၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ် လာသည့် အခြေအနေများတွင် တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် ပါတီကြား၌ အမြင်တူနေ၍ ဖြစ်ကြောင်း ယင်းပါတီ တာဝန်ရှိသူများက ပြောသည်။

ဒေါက်တာ နန္ဒာလှမြင့်က “တိုင်ပင် ဆွေးနွေးထားလို့ မဟုတ်ဘူး။ တပ်က လုပ်တာကို ပြည်ခိုင်ဖြိုး က နောက်က လိုက် နေတာ မဟုတ်ဘူး။ ပြည်ခိုင်ဖြိုး လုပ်နေတာကို တပ်က နောက်ကလိုက် ထောက်ခံနေတာ မဟုတ်ဘူး။ ဒါကို ကျနော် တို့ ကွဲကွဲပြားပြား သိဖို့ လိုတယ်။ ပြည်ခိုင်ဖြိုးဟာ တပ်မတော်ရဲ့နောက်မြီးဆွဲ မဟုတ်ဘူး” ဟု ပြောသည်။

တပ်မတော်က တိုင်းပြည်တွင် အနည်းဆုံး အာဏာ ၄ ကြိမ် ရယူခဲ့ရပြီး နောက်တကြိမ် မဖြစ်ချင်တော့သည့် အတွက် ပြည်သူ လူထု၏ အသိအမြင်၊ နိုင်ငံရေးကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ် အဖွဲ့အစည်း၊ ပါတီ အသီးသီး၏ နိုင်ငံနှင့် လူမျိုး အပေါ် ခံယူချက်၊ ယုံကြည်ချက်၊ အမျိုးသားရေး မျှော်မှန်းချက် စသည့် အတိမ်အနက် အပေါ် မူတည်ပြီး ယခု ၂၅ ရာ ခိုင်နှုန်း ရှိနေရခြင်း ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ရှင်းပြသည်။

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက “အဲဒီလို ပုဂ္ဂိုလ်စွဲတွေ၊ ဝါဒ စွဲတွေ၊ ပါတီစွဲတွေ၊ အာဏာစွဲတွေ အဲဒီ အစွဲတွေ တဖြည်းဖြည်း ဝေးသွားပြီးတော့မှ ပြည်သူ လူထု အကျိုး စီးပွားကို တကယ် မျက်နှာမူတဲ့ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေ ဖြစ်လာမယ် ဆိုရင် ကျနော် တောင်းဆိုစရာ မလိုပါဘူး။ သူ့ဘာသူ ရာခိုင်နှုန်း အချိုးဟာ လျော့ပါးသွားမယ်” ဟု ဆိုသည်။

နိုင်ငံရေး လက်နက်ကိုင် အင်အားစုများ၊ နိုင်ငံရေး ပါတီ အများအပြား ရှိသည့် တိုင်းပြည်၊ တိုင်းရင်းသား လူမျိုးအများ အပြား ရှိသည့် တိုင်းပြည်၊ လက်နက်ကိုင်ထားသည့် တိုင်းရင်းသား အများစု ရှိသည့် တိုင်းပြည်တွင် နိုင်ငံကို တာဝန် ယူသည့် အတွေ့အကြုံ ရှိသည့် ပုဂ္ဂိုလ်များမှာ ယနေ့ တပ်မတော်မှ အများစု ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဒေါက်တာ နန္ဒာလှမြင့် က “တပ်မတော်ကို ဘာဖြစ်တယ်။ ညာဖြစ်တယ် ဝေဖန်နေတဲ့ အဖွဲ့အစည်းထဲမှာရော ထိပ်ပိုင်းမှာ တာဝန်ယူပြီး စီမံနေတာ တပ်ကပဲ မဟုတ်ဘူးလား။ တပ်က အငြိမ်းစားတွေပဲ မဟုတ်ဘူးလား။ ဒါကို ပုံဖျက်တာက နိုင်ငံရေး အရ အောက်လုံး ထိုးတာပဲ။ အဲ့ဒီလို လူမျိုးတွေ ရှိနေမျှ ဒီ တိုင်းပြည်လည်း မတိုးတက်နိုင် ဘူး။ မညီညွတ်နိုင်ဘူး။ မငြိမ်းချမ်းနိုင်ဘူး” ဟု ပြောဆိုခဲ့သည်။

ယခု အချိန်တွင် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူး ပေါင်း ကော်မတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁ မှ စ၍ ပြင်ဆင်သင့်သည့် အချက်များကို စတင် ဆွေးနွေး တော့မည် ဖြစ်ရာ ကြံ့ခိုင်ရေး ပါတီက တပ်မတော်၏ အခန်းကဏ္ဍ လျော့ချမည့် ကိစ္စကို သဘောမတူကြောင်း စတင် ထုတ်ဖော်လာခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေး ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ် တော်များကသာ တိုက်ရိုက် ရွေးချယ်ခွင့် ရရှိမည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ် တော်သို့ တင်သွင်းထားပြီး တပ်မတော်ကလည်း သဘောတူကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading