မြန်မာနိုင်ငံတွင် ဆင်များ တရားမဝင် အသတ်ဖြတ်ခံနေမှုများကို အသိပညာ ပေးရန် အတွက် ဆင်ပြ တိုက်ကို ရန်ကုန် တိရစ္ဆာန်ရုံတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
ဆင်ပြတိုက်ကို မတ်လ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်းရှိ သဘာဝ သမိုင်း ပြတိုက်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
ယင်းပြတိုက်၌ ဆင် အရိုးစုနှင့် အစိတ်အပိုင်းများ၊ ဆင်များ အကြောင်းအရာ များစွာကို ရုပ်သံ ပြကွက်များဖြင့် ပြသခြင်း၊ ကိုင်တွယ် ထိတွေ့ ကြည့်ရှုနိုင်သည့် ပြကွက်များလည်း ပါဝင် ပြသမည် ဖြစ်သည်။
သစ်တော ဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က “ဖမ်းဆီးရမိတဲ့ အစိတ်အပိုင်းတွေကို ဒီလိုမျိုး မီးရှို့ ဖျက်ဆီးရတာ အင်မတန်မှ နှမြောဖို့ ကောင်းပါတယ်။ ကျနော်တို့ အနေ နဲ့ ကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကို အခုလို ဆင်ပြ တိုက်မှာ သစ်တော ဦးစီးဌာနဲ့ ပညာပေး ပြခန်းတွေမှာ ထားရှိပြီးတော့ အများပြည်သူ လေ့လာနိုင် အောင် ပြသမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ကျန်ရှိသည့် အစိတ်အပိုင်းများကို မီးရှို့ ဖျက်ဆီးမှာ ဖြစ်ပါ တယ်” ဟု ရှင်းပြသည်။
ဆင်ပြတိုက် ဖွင့်လှစ်ခြင်းနှင့် အတူ ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင် အစိတ်အပိုင်းနှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်း များကို မီးရှို့ဖျက်စီးခြင်း အခမ်းအနားကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးရခြင်းသည် မြန်မာနိုင်ငံ အနေဖြင့် တောရိုင်း တိရစ္ဆာန် ဆိုင်ရာ ရာဇဝတ်မှုများကို တားဆီး နှိမ်နှင်းရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း အသိပေးလိုခြင်းနှင့် ပြည်သူများ ပူးပေါင်း ပါဝင်လာစေရန် ရည် ရွယ်ခြင်း ဖြစ်ဟုလည်း ဆိုထားသည်။
ယင်းပြတိုက်ကို သစ်တော ဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်း၍ ဖွင့်လှစ်သွားမည် ဖြစ်ကာ ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ (WWF-Myanmar)မှ ငွေကြေး ပံ့ပိုးထားခြင်း ဖြစ်ကြောင်း သိရသည်။
သစ်တော နယ်မြေအတွင်း ကျက်စားနေသော တောရိုင်းဆင်များအား ထိန်းသိမ်း ကာကွယ်နိုင်ရန်၊ ဆင်နှင့် လူ ပဋိပက္ခ ဖြစ်ပွားမှုများကို လျော့နည်းစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု၊ ဆင်နှင့် ဆင် အစိတ်အပိုင်းများအား တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများ တားဆီး နှိမ်နင်းရေး လုပ်ငန်း များတွင် လူထု ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ် ဖွင့် လှစ်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။
ထို့ပြင် အိမ်မွေး ဆင်များကို ထိန်းသိမ်း စီမံ အုပ်ချုပ်နေမှုအား ပိုမို သိရှိစေရန်နှင့် ဆင်တို့၏ မူလ သဘာဝ အလေ့အထနှင့် လူသားတို့နှင့် ဆင်တို့ကြား ဆက်နွယ်မှုများကို သိရှိစေရန်လည်း ရည်ရွယ် ကြောင်းလည်း ၎င်းက ဆိုသည်။
ဦးသိန်းတိုးက “ဆင်ပြတိုက် ဖွင့်လှစ်တာ အားလုံးကို ပညာပေးချင်တာ။ ဒါကြောင့်မို့ ကျနော်တို့က ပထမဆုံး ဖွင့်တဲ့ ၃ လ တာ ကာလမှာပဲ ဝင်ကြေး ကောက်ခြင်း မရှိပါဘူး။ နောက်ပိုင်းတော့ ပြတိုက် ရေရှည် ထိမ်းသိမ်းဖို့ အတွက်ကြောင့် ဒါကို လည်း ကျနော်တို့ စဉ်းစားနေပါတယ်” ဟု ပြောသည်။
လက်ရှိ တောရိုင်းဆင်များကို အဓိက ခြိမ်းခြောက်နေသည့် အကြောင်းအရင်းမှာ တရားမဝင် ကုန်သွယ်မှု အတွက် သတ် ဖြတ်ခံရခြင်း ဖြစ်ပြီး ဆင်စွယ်နှင့် အရေခွံ အပါအဝင် အစိတ်အပိုင်းများ အား တရားမဝင် ရောင်းဝယ်နေသည့် ဈေးကွက် သည် တဖြည်းဖြည်း ကြီးထွားလျက် ရှိနေကြောင်း နှင့် လူမှုကွန်ရက်များမှ တဆင့်လည်း ရောင်းဝယ်ကြသည်ဟု သဘာဝ ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ဆိုထားသည်။
မြန်မာနိုင်ငံရှိ တရားမဝင် ရောင်းဝယ် ဖောက်ကားသည့် ဈေးကွက်သည် တရုတ် နိုင်ငံ နယ်စပ်ရှိ မိုင်းလားမြို့တွင် ရှိပြီး ဆင် အပါအဝင် တောရိုင်း တိရစ္ဆာန်များ၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားသည့် အကြီးဆုံး ဈေး ကွက် ဖြစ်ကြောင်း သိရသည်။
တောဆင်ရိုင်းများ ထပ်မံ သတ်ဖြတ်ခံရခြင်း မရှိစေရေး တိုင်း ဒေသကြီး/ပြည်နယ် အချို့တွင် ဆက်စပ် ဌာနများ၊ INGO/ NGO များနှင့် ပူးပေါင်း၍ တောဆင်ရိုင်း ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ အတွင်း သဘာဝ သစ်တော နယ်မြေများ၌ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့် ရှိကာ အစိုး ရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ သုံးထောင်မှ ငါးထောင်ခန့် အထိ ရှိကြောင်း WWF ၏ မိတ်ဖက် ဖွဲ့ရေး ညွှန်ကြားရေးမှူး ဒေါ်မေမိုးဝါ က ပြောသည်။
ဆင်သတ် ဖြတ်ခံရမှု ပမာဏ အနေဖြင့် တပတ်လျှင် အနည်းဆုံး ဆင်တကောင်နှုန်း အသတ်ခံ ခဲ့ရကြောင်း ၎င်းက ဆို သည်။
ဆင်ပြတိုက် အနေဖြင့် ကျောင်းများရှိ ကလေးငယ်များ လာရောက် လေ့လာနိုင်ရန်နှင့် ဆင်နှင့် ပတ်သက်ပြီး သုတေသန စာတမ်းများ လုပ်နိုင်ရန် အထိ ရည်ရွယ်ထားသည်ဟု ဆင်ပြတိုက် အကြံပေး ဒေါ်နုမရဇံက ပြောသည်။
ဆင်ပြတိုက်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ် ပြသခြင်း ဖြစ်ကာ မြန်မာ့ သမိုင်းတွင် တောရိုင်း ဆင်နှင့် အိမ်မွေး ဆင်များ၏ အရေးပါသော အခန်းကဏ္ဍကို ပြသသွားမည် ဖြစ်သည်။
ထို့ပြင် အရှည် ၇ ပေ ၃ လက်မ ရှိသည့် ဆင်ဖြူတော် ဆင်စွယ် တစုံနှင့် ဆင်များ ရင်ဆိုင် ကြုံတွေ့နေ ရသော ခြိမ်းခြောက်မှုများ၊ ရေရှည် ရှင်သန် ရပ်တည်နိုင်ရန် ဆောင်ရွက်နေသော အစီအစဉ်များကို ထည့်သွင်းပြသ သွားမည် ဖြစ်သည်။
ဆင်ပြတိုက်သို့ လာရောက်လေ့လာမည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အတွက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စီစဉ်ထားရှိပြီး မည်သူမဆို လာရောက် လေ့လာနိုင်ရန် ပိတ်ရက် မရှိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။