သတင်း

တရားမမှုများတွင် တရားရုံးက ကြားဝင် ညှိနှိုင်းသည့် ပုံစံ စမ်းသပ်မည်

Want create site? Find Free WordPress Themes and plugins.

တရားရုံးသို့ ရောက်ရှိလာသော တရားမမှုများတွင် အမှု စစ်ဆေးခြင်း မပြုမီ စေ့စပ် ညှိနှိုင်းရေး အရာရှိက နှစ်ဘက် အငြင်း ပွားသူများကြား စေ့စပ် ဖြေရှင်းပေးသည့် နည်းလမ်းကို ကျင့်သုံးနိုင်ရန် မတ်လ ၁ ရက်က စတင် စမ်းသပ်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် MICC-2 ခန်းမ၌ ဖေဖော်ဝါရီလ၂၆ ရက်တွင် “တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီ အစဉ်” ကို မိတ်ဆက်သည့် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က အထက်ပါ အတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က “၂၀၁၉ ခုနှစ်မှာ နိုင်ငံတဝှမ်း မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် တိုးချဲ့ အကောင်အထည် ဖော်ခြင်းနဲ့ တရားမ မှုခင်းတွေမှာ တရားရုံးက ဦးဆောင်တဲ့ စေ့စပ် ဖြေရှင်းရေး စမ်းသပ် အကောင် အထည်ဖော်ခြင်း တို့ကို ဦးစားပေး လုပ်ငန်းများ အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “လက်ရှိ ကမ္ဘာ့နိုင်ငံများမှာလည်း တရားစီရင်ရေး စနစ်နဲ့ မှုခင်း ဆောင်ရွက်မှု အရည်အသွေး ပိုမို တိုး တက်စေဖို့ အတွက် မှုခင်း စီမံခန့်ခွဲမှု စနစ် အသုံးပြုခြင်း၊ မှုခင်းများကို အချိန်တို အတွင်း ကုန်ကျ စရိတ် သက်သာစွာနဲ့ အမှုသည်များ ကိုယ်တိုင် ပါဝင် ဖြေရှင်းနိုင်တဲ့ စနစ် ထားရှိခြင်း တို့ဖြင့် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်” ဟု ပြောဆို သည်။

အဆိုပါ နည်းလမ်းကို နေပြည်တော်နှင့် တောင်ငူမြို့ရှိ ခရိုင် တရားရုံး၊ မြို့နယ် တရားရုံး အချို့တွင် စမ်းသပ်ကာလ ၁ နှစ် သတ်မှတ် ဆောင်ရွက်မည် ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် စစ်တမ်း ကောက်ယူခြင်းများကိုလည်း လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

အဆိုပါ နည်းလမ်းကို နိုင်ငံတကာတွင် ကျင့်သုံးနေပြီး မြန်မာနိုင်ငံတွင်လည်း ဆွေးနွေး ညှိနှိုင်းခြင်းကို ယဉ်ကျေးမှု အရ လက်ခံကြ၍ အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့ပြီး တရား စီရင်ရေး မဟာဗျူဟာ စီမံကိန်း၊ လုပ်ငန်း အစီအစဉ်များတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စေ့စပ် ညှိနှိုင်းခြင်း နည်းလမ်းကို မိသားစု ပြဿနာ၊ ငွေကြေး ဆိုင်ရာ ပြဿနာ၊ စီးပွားရေး ရောင်းဝယ်ရေး ပြဿနာ စ သည့် တရားရုံးတွင် စတင် တရားစွဲသော တရားမမှုများတွင် စေ့စပ် ညှိနှိုင်းရေး အရာရှိက အငြင်းပွားသူ နှစ်ဘက် ကြား ညှိနှိုင်းပေးမည် ဖြစ်ပြီး စေ့စပ်ပေးမည့် အချိန်ကာလကို ၁ လ သတ်မှတ်ထားကြောင်း ပြည်ထောင်စု တရားလွှတ် တော်ချုပ်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက ပြောသည်။

ယင်းသို့ ဖြေရှင်းရေးမှာ အချို့အမှုများတွင် အမှုသည်များ ဆန္ဒရှိမှ ဆောင်ရွက်ပေးမည် ဖြစ်သော်လည်း တချို့အမှုများ တွင် စေ့စပ် ဖြေရှင်းရေး မဖြစ်မနေ လုပ်ရမည် ဖြစ်ကြောင်း ထို့သို့ ဆောင်ရွက်နေစဉ် တရားမမှု တရားစီရင်ရေး လုပ်ထုံး လုပ်နည်းများကို ရပ်ဆိုင်းမည် မဟုတ်ကြောင်း ဟု ၎င်းက ဆိုသည်။

စေ့စပ် ညှိနှိုင်း၍ အဆင်ပြေပါက နှစ်ဘက် သဘောတူညီချက် တခု ရေးရမည် ဖြစ်ပြီး ယင်းသဘောတူညီချက်ကို အခြေခံ ကာ စေ့စပ်ပေးသူက တရားသူကြီးထံ တင်ပြရမည် ဖြစ်ကြောင်း၊  တရားသူကြီးက အမှု ရုပ်သိမ်းခြင်း၊ ဝန်ခံ ဒီကရီ ချမှတ်ခြင်း၊ ပြေငြိမ်း ဒီကရီချမှတ် ခြင်းတို့ ပြုလုပ်မည် ဖြစ်သည်။

ယင်းသို့ ညှိနှိုင်းမှု အဆင်မပြေပါက တရားမ ကျင့်ထုံး ဥပဒေ အရ စစ် ဆေးကြားနာခြင်းများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်မီမီထွေးက “ဥပမာ-ကွာလိုမှုမှာ စေ့စပ် ညှိနှိုင်းသူရှေ့မှာ စေ့စပ် ဖြေရှင်းတယ်။ အဆင်ပြေ သွားတယ်။ အမျိုးသမီး ကလည်း ကွာချင်တယ်။ အမျိုးသားကလည်း ကွာပေးမယ် ပြောတယ် ဆိုရင် လုပ်ငန်း အစီအစဉ်အရ သူတို့က သဘော တူညီချက် တခု ရေးရပါမယ်။ အဲဒီ သဘောတူညီချက်ကို အခြေခံပြီး စေ့စပ် ဖြေရှင်းသူက တရားရုံးကို တင်ပေးလိုက်မှာပါ။ မူလ အမှုက တရားသူကြီးဆီမှာ ရှိတာလေ။ သဘော တူညီချက်ရသွားတော့ တရားသူကြီးဆီ ပြန်တင်တယ်။ တရားသူ ကြီးက အမိန့်ချပေးလိုက်မှာပါ” ဟု ပြောသည်။

ထိုသို့ စေ့စပ် ညှိနှိုင်းခြင်း နည်းလမ်းကြောင့် အချိန်ကုန် ငွေကုန် သက်သာ သကဲ့သို့ မိမိတို့၏ အတွင်းရေးကို အများမသိ အောင် ထိန်းသိမ်းနိုင်ခြင်း၊ မရိုးသော သဘောဖြင့် အဆင့်ဆင့် အယူခံတက်ခြင်းများကို ရှောင်လွှဲနိုင်မည် ဖြစ်ကြောင်း ၎င်း က ဆက်လက် ပြောသည်။

စေ့စပ် ဖြေရှင်းရေး နည်းလမ်းကို နိုင်ငံတကာတွင် တရားရုံးသို့  မရောက်မီတွင် ဆောင်ရွက်လေ့ရှိပြီး ကြားဝင် စေ့စပ်သူ အဖြစ် တရားရုံးနှင့် သက်ဆိုင်ခြင်း မရှိသော ပြင်ပမှ ဥပဒေ ပညာရှင်များ၊ ဥပဒေ အရာရှိဟောင်းများက ဆောင်ရွက်လေ့ ရှိကြောင်း၊ လက်ရှိ ဆောင်ရွက်မည့် နည်းလမ်းသည် မူဝါဒ အရ သုံးသပ်ပါက ကောင်းမွန်ပြီး တရားမမှုများ အချိန် မကြန့် ကြာပဲ ပြီးဆုံးသွားနိုင်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်ပြောဆိုသည်။

ဦးခင်မောင်ဇော် က “တရားမမှုတွေ ကြာနေတာ မဖြစ်ဘဲ ရပ်သွားနိုင်တာပေါ့။ ဒါပေမယ့် မကိုင်တွယ်တတ်ရင်တော့ အန္တရာယ်ကြီးတယ်။ ညှိ မရဘဲ တဘက်နဲ့ တဘက် ပိုပြီး တင်းသွားတာ ဖြစ်နိုင်တယ်။ ကြားဝင် စေ့စပ်သူက ဘယ်လိုပင် ထိန်းပေမယ့် ဟိုဘက် ပါတာ ဒီဘက်ပါတာ ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

အဆိုပါ နည်းလမ်းကို ကျင့်သုံးမည် ဆိုပါက စေ့စပ် ညှိနှိုင်းသူ အပါအဝင် နှစ်ဘက် အမှုသည်များ၊ နှစ်ဘက် ရှေ့နေများက ကျင့်ဝတ်ကို လိုက်နာရမည် ဖြစ်ကြောင်း တရားမျှတမှု စတင်တာ (မန္တလေးမြို့)မှ ဥပဒေ အကြံပေး၊ တရားလွှတ်တော် ရှေ့ နေ ဦးထိန်ဝင်းက ပြောသည်။

တိုင်းနှင့် ပြည်နယ် တရားသူကြီးဟောင်းလည်း ဖြစ်သူ ဦးထိန်ဝင်းက “အမှုသည်တွေ ကိုယ်တိုင်ရော၊ ရှေ့နေတွေရော၊ စေ့စပ် ညှိနှိုင်းသူတွေရော ကျင့်ဝတ်ကို ထိန်းနိုင်ရင် မြန်သွားမှာပါ” ဟု ပြောသည်။

လက်ရှိ စမ်းသပ် ကာလတွင် စေ့စပ် ညှိနှိုင်းရေး အရာရှိ အဖြစ် တရား လွှတ်တော်ချုပ်က လေ့ကျင့်ပေးထားသည့် တရား ရေး အရာရှိများက ဆောင်ရွက်မည် ဖြစ်ကာ ရေရှည်၌ ရှေ့နေ၊ အငြိမ်းစား တရားသူကြီး၊ ဥပဒေ ပညာရှင် စသည်ဖြင့် ဥပဒေ ရေးရာ ကျွမ်းကျင် နှံ့စပ်သူများက ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ စေ့စပ် ဖြေ ရှင်းရေး လုပ်ငန်း အဖွဲ့၏ အဖွဲ့ဝင် လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင် က ဆိုသည်။

စမ်းသပ် အစီအစဉ်ကို နေပြည်တော် ဒက္ခိဏသီရိ ခရိုင် တရားရုံး၊  တပ်ကုန်းမြို့နယ် တရားရုံး၊ တောင်ငူ ခရိုင် တရားရုံး၊ တောင်ငူမြို့နယ် တရားရုံး တို့၌ စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။

ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ ၂၀၁၅ ခုနှစ်က ချမှတ်ထားသည့် တရား စီရင်ရေး မဟာဗျူဟာ စီမံကိန်းများတွင် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်နှင့် တရားမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စနစ် လုပ်ငန်း အစီအစဉ် ကို ထည့်သွင်းထားကြောင်း၊ မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်တွင်း စမ်းသပ်ခဲ့ပြီး စေ့စပ်ခြင်း အစီ အစဉ်ကို၂၀၁၉ ခုနှစ်တွင် စတင်ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading