တပ်မတော်နှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ တင်းမာမှု အရှိန်မြင့်နေချိန် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြရန် ပါတီပြောခွင့်ရသူက တိုက်တွန်းလိုက်ပြီး တိုင်းရင်းသားများ၏ ဆန္ဒအတိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်ပေါ်လာမည်ဟု ကတိပြုခဲ့သည်။
“ဥပဒေဘောင်အတွင်းကနေ ကျနော်တို့ဆောင်ရွက်နေပါတယ်။ ကျနော်တို့ NLD ဟာ အကြမ်းမဖက်ရေးမူဝါဒကို အမြဲကိုင်စွဲထားတဲ့အတွက် ပြည်သူအပေါ် ထိခိုက်နစ်နာမှု ဘာမှဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ပြည်သူတွေ မစိုးရိမ်ကြဖို့ ကျနော် တိုက်တွန်းပါတယ်” ဟု ဒေါက်တာမျိုးညွန့်က တနင်္လာနေ့တွင် ဧရာဝတီသို့ပြောကြားလိုက်ပြီး ပါတီ၏ အားထုတ်ကြိုးပမ်းနေမှုကို ဝိုင်းဝန်းပံ့ပိုးကြရန်လည်း ဆော်သြလိုက်သည်။
တပ်မတော် အဆင့်မြင့်အရာရှိများက စနေနေ့တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြီး တပ်ကရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတခုဖွဲ့စည်းမည့် NLD ၏ခြေလှမ်းအပေါ် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းများ၊ လွှတ်တော်ဥပဒေများနှင့် မညီကြောင်း” ပြောဆိုခဲ့ပြီး လွှတ်တော်အတွင်း တပ်ကိုယ်စားလှယ်များ၏ အမြင်ကို ထပ်လောင်းထင်ဟပ်ပြခဲ့သည်။
“ရလဒ်တွေကို စောင့်ကြည့်သွားပါမယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
NLD ကမူ ယခု ပူးပေါင်းကော်မတီဖွဲ့စည်းရေးအပေါ် တပ်၏ ကန့်ကွက်ခြင်းနှင့်ပတ်သက်၍ ယခင် တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အစိုးရလက်ထက် လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ် အစပျိုးခဲ့ပုံကို ထောက်ပြလျက် မေးခွန်း ပြန်ထုတ်ခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်များကို ပြန်လည်သုံးသပ်ရန် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီးနောက် ဥပဒေကြမ်းတခုကို ရေးဆွဲကာ လွှတ်တော်တို့ တင်သွင်းခဲ့ခြင်းသာ ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးမကြီးသော ပုဒ်မအနည်းငယ်ကိုသာ USDP လွှမ်းမိုးထားသော လွှတ်တော်က ပြင်ဆင်ခဲ့ပြီး ယင်းကြိုးပမ်းမှုမှာ ယေဘုယျ သုံးသပ်ရလျှင် ထိရောက်မှု မရှိဟု မြင်ကြသည်။
“ပြည်ခိုင်ဖြိုးကလည်း အခု ကျနော်တို့ လုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ လုပ်ခဲ့ပါတယ်။ အခုကျမှ တပ်မတော်က ဘာလို့ ကန့်ကွက်သလဲ။ အဲဒီတုန်းက ကော်မတီ ဖွဲ့စည်းခဲ့တာကိုကျ သူတို့ ဘာလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီကြောင်း မကန့်ကွက်ခဲ့တာလဲ” ဟု NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်အောင်က ပြည်တွင်းမီဒီယာများကို တနင်္ဂနွေနေ့က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်းနေရာယူထားသော တပ်မတော်သားကိုယ်စားလှယ်များသည် ခြေ/ဥပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် NLD အဆိုပြုချက်ကို ကန့်ကွက်ရာတွင် အခြေခံဥပဒေပါ အခန်း ၁၂ အပေါ် အဓိက ကိုးကားထောက်ပြခဲ့ကြသည်။
ယင်းကိစ္စရပ်ကို လွှတ်တော်တွင် မဆွေးနွေးနိုင်မီ ဥပဒေကြမ်းတင်သွင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံး ၂၀ ရာခိုင်နှုန်းက သဘောတူရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြသည်။ လွှတ်တော်အတွင်း NLD နှင့်အခြားတိုင်းရင်းသားပါတီကိုယ်စားလှယ်တို့က ထောက်ခံမဲ အများစုပေးခဲ့ကြပြီးနောက် အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။
စနေနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အရာရှိများက တပ်မတော်တာဝန်အရ အခြေခံဥပဒေ၏ “အနှစ်သာရ” မပျက်အောင် ကာကွယ်ခြင်းဖြစ်ပြီး ပျက်ယွင်းပါက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ခြေ/ဥအခန်း (၁) ပါ နိုင်ငံတော် အခြေခံမူ ၄၈ ချက်ကို ကိုးကား၍ အတိအလင်း သတိပေးခဲ့သည်။
ဖွဲ့စည်းပုံ၏ အနှစ်သာရဟူသည် ပြည်သူလူထုကို ကိုယ်စားပြုသင့်ကြောင်းနှင့် ပြည်ထောင်စု အချုပ်အခြာအာဏာသည် ပြည်သူထံမှ ဆင်းသက်လာသင့်ကြောင်း NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောသည်။
“ဒါပေမယ့် တကယ်လို့ တပ်မတော်ရဲ့(နိုင်ငံရေးမှာ) အရေးကြီးကဏ္ဍကို အနှစ်သာရအနေနဲ့ ထိန်းသိမ်းတယ်လို့ သူတို့မြင်တယ်ဆိုရင် အဲဒီအပေါ် ကျနော်တို့ သဘောမတူဘူးလို့ ကျနော်ပြောရပါလိမ့်မယ်” ဟု သူက ပြောသည်။
တိုင်းရင်းသားပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များအပါအဝင် ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် အားလုံးတို့၏ ဘုံသဘောတူညီချက်တခု ရပြီးမှသာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုထားသောပြင်ဆင်ချက်များကို တင်သွင်းသွားမည်ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောပြသည်။
“သူတို့ ဆန္ဒနဲ့ပဲ ဖွဲ့စည်းပုံကို သူတို့(တပ်)ကပဲ ပြင်ချင်တဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုး အားလုံးရဲ့ဆန္ဒအတိုင်း ကျနော်တို့က ပြင်သွားမှာပါ” ဟု ပြောခွင့်ရသူက ထပ်လောင်းပြောကြားခဲ့သည်။
(San Yamin Aung ၏ NLD Urges Public ‘Not to Worry’ Amid Military Warnings over Charter Reform ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)