ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး အတွင်း ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။
ယင်း ဖြစ်စဉ်မှာ ညနေ ရုံးဆင်းချိန်၌ ရုံးအနောက်ဘက်တွင် အမှိုက်များ မီးရှို့ကြရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော် က ပြောသည်။
ဦးစိုးမိုးကျော်က“မနေ့ ညနေပိုင်းက ရုံးအနောက်ဘက်မှာ ဝန်ထမ်းတွေ စုပေါင်း သန့်ရှင်းရေး လုပ်ကြပါတယ်။ အဲဒီမှာ ပေါက်ကွဲမှု တခု ဖြစ်တယ်။ ဘာပေါက်လဲ ဆိုတာကတော့ ကျနော်တို့ စုံစမ်းဆဲပဲ ဖြစ်ပါတယ်။ ထိခိုက်မှုကတော့ သာမန် ပွန်းပဲ့ ဒဏ်ရာ ရတာက ၂ ဦး ရှိပါတယ်။ ဆေးရုံ တက်ရတာက ၈ ဦးပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရ၍ ဆေးရုံတက်ရောက် ကုသနေရသူ ၈ ဦးတွင် မီးသတ် ဦးစီးဌာန မှ ဝန်ထမ်း ၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဦးစိုးမိုးကျော်က“မီးသတ် ဝန်ထမ်းကတော့ သူ့အမျိုးသမီးကို လာကြိုတာပါ။ အမိုက်တွေ မီးရှို့တဲ့အခါ မီးက နည်းနည်း များတော့ ဝိုင်းကူ ပေးတာ။ အဲဒီမှာ ပေါက်ကွဲမှု ဖြစ်တော့ သူလည်း ပါသွားတာ”ဟု ဆက်လက် ပြောသည်။
ကျောက်ဖြူ မြို့ခံများက ပေါက်ကွဲမှု ဖြစ်ပွားသည့် မြို့နယ် ထွေအုပ်ရုံး အနောက်ဘက်တွင် စစ်ကျန် ဗုံးဟောင်းများ ရှိ နေကြောင်းနှင့် အမှိုက် မီးရှို့ရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် ဒဏ်ရာ ရရှိသည့် ဝန်ထမ်း ၈ ဦးကို ကျောက်ဖြူ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသနေပြီး စိုးရိမ်ရသည့် အခြေ အနေ မရှိကြောင်း ကျောက်ဖြူ မြို့မ စခန်းမှူး ဒု ရဲမှူး ကျော်ဇောက ပြောသည်။
ဒု ရဲမှူး ကျော်ဇောက“ဝန်ထမ်းတွေက ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ မရှိပါဘူး။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာတွေမှာ လည်း ပစ္စည်း အဟောင်းတွေ၊ ခဲတွေ၊ ပုလင်းတွေ အစအန တွေ့တယ်။ လူကို ထိမှန်တာတွေလည်း အဲဒီ အစအန တွေပဲ။ ဗုံးဆိုရင်တော့ အကုန်လုံး သေကုန်မှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ပေါက်ကွဲမှု ဖြစ်စဉ်ကို ရဲစခန်းတွင် အမှု ဖွင့်လှစ်ထားခြင်းလည်း မရှိကြောင်း စခန်းမှူး ဒု ရဲမှူး ကျော်ဇောက ဆက်လက် ပြောကြားသည်။