ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် စွဲချက် တင်ခံထားရသည့် စွပ်စွဲခံရသူ အမှတ် (၃) ကျော်ဇောဟန်(ခ) ကျော်ဇော၏ မိဘများက နိုင်ငံတော် သမ္မတထံ အသနားခံစာ ပေးပို့ခဲ့သော်လည်း ၁ လကျော် သည့် တိုင် တစုံတရာ အကြောင်းပြန်မှု မရရှိသေးကြောင်း သိရသည်။
သမ္မတ၏ လမ်းညွှန်မှု အရ ပြန်လည် စစ်ဆေးနေသော ယခု အမှုတွင် တရားလိုပြ သက်သေ စွပ်စွဲချက် တစုံတရာမျှ မရှိ သည့်တိုင် ကြားညပ် ပါဝင်နေသော သားဖြစ်သူ ကျော်ဇောဟန် နစ်နာနိုင်သည့် အတွက် ဥပဒေနှင့်အညီ ဖြစ်စေရန် လမ်း ညွှန် တည့်မတ်ပေးနိုင်ရန် ဇန်နဝါရီ ၂၁ ရက်က သမ္မတထံ တင်ပြထားခြင်း ဖြစ်ကြောင်း ကျော်ဇောဟန်၏ ဖခင်က ဧရာဝတီ ကို ပြောသည်။
“ဒီ တရားသူကြီး အနေနဲ့ကလည်း အထက်က လမ်းညွှန်ပြီးမှ ဆောင်ရွက်တဲ့ အမှုဖြစ်လို့ အန်ကယ်တို့ အနေနဲ့ အောက်ရုံး တွေကို မကျေနပ်လို့ အပေါ်ရုံး အဆင့်ဆင့်ကို တက်မယ် ဆိုလည်း တရားဥပဒေ အတိုင်း ရဲရဲဝံ့ဝံ့ သုံးသပ် ဆင်ခြင်ဖို့ လို တယ်။ အခုဟာက ငါ့လက်ကလွတ် ပြီးရောဆိုတဲ့ ဘယာဂတိ ပါဝင်ပြီး သုံးသပ်လို့ ရှိရင် ကိုယ့်သား အတွက် အများကြီး နစ်နာမယ် ဆိုတာကို သမ္မတကြီး သိအောင် အသနားခံ တင်ပြတာပါ”ဟု ယမန်နေ့က ရုံးထုတ်ရာတွင် ၎င်းက ပြောဆိုသည်။
ယင်းအမှုတွင် စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့် ကန်ခြင်း၊ အရက်ပုလင်း ခွံဖြင့် ရိုက်နှက်ခြင်းများကြောင့် သေဆုံးစေသည်ဟု ဆို ကာ လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် လည်းကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ၎င်းတို့ နှစ်ဦး ပြစ်မှု ကျူးလွန်ရန် အား ပေး ကူညီသည် ဟုဆိုကာ လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့် လည်းကောင်း ဇန်နဝါရီ ၇ ရက်တွင် စွဲ ချက် တင်ခဲ့သည်။
စွဲဆိုထားသည့် ပြစ်မှုများ ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေ၌ ပြဋ္ဌာန်းထားသည်။
အဆိုပါ စွဲချက် အမိန့်အပေါ် စွပ်စွဲခံရသူ ၃ ဦးက ကျေနပ်မှု မရှိသဖြင့် ပြင်ဆင်မှု လျှောက်လွှာအား ဇန်နဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်း တရားလွှတ်တော်သို့ တင်သွင်း လျှောက်ထားခဲ့ပြီး လာမည့် မတ်လ ၈ ရက်တွင် လက်ခံသင့် မသင့် အမိန့် ချမည် ဖြစ်ကာ လျှောက်ထားမှုကို လက်ခံလိုက်ပါက လက်ရှိ အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးနေမှုကို ရပ်ဆိုင်း ထား ရမည် ဖြစ်သည်။
လက်ရှိ အရှေ့ပိုင်း ခရိုင် တရားရုံး၌ အောင်ရဲထွေး အမှုတွင် စွပ်စွဲခံရသူ ၃ ဦး စလုံးကို လူသတ်မှု ပုဒ်မများဖြင့် စွဲချက်တင် ပြီးနောက် ပြန်ခေါ်သက်သေ ၁၀ ဦးကို ပြန်လည် စစ်မေးမှုများ ပြုလုပ်လျက် ရှိရာ ၂ ဦးသာ ကျန်ရှိကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပထမ အကြိမ် စစ်ဆေးခဲ့စဉ်က တရားလိုပြ သက်သေ ၂၂ ဦး အနက် (ကျန်းမာရေးကြောင့် ၁ ဦး ပယ်ဖျက်) ၁၄ ဦးကို စစ်ဆေးခဲ့ရာ ကျော်ဇောဟန်နှင့် ပတ်သက်သည့် စွပ်စွဲချက် တစုံ တရာမှ ပေါ်ပေါက်ခဲ့ခြင်း မရှိသကဲ့သို့ ဒုတိယ အကြိမ် ပြန်လည် စစ်ဆေးမှုတွင်လည်း ထို့အတူပင် ဖြစ်ကြောင်း ကျော်ဇော ဟန်၏ ဖခင်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက သားဖြစ်သူ လွတ်မြောက်ရေး အတွက် မည်သည့် တရားသူကြီး၊ ဥပဒေ ဘက်တော်သားကိုမျှ လာဘ် ပေး လာဘ်ယူ မပြုလုပ်ခဲ့ကြောင်း၊ ဘာတခုမှ စွပ်စွဲနိုင်သည့် အနေအထား မရှိသော သားဖြစ်သူကို ဓာတ်ပုံ သက်သေ၊ လူစီတန်းပြ သက်သေ ရှိသည့် ကျန်စွပ်စွဲခံရသူများနှင့် အမှုတွဲကာ ပြစ်ဒဏ်ချပါက များစွာ နစ်နာမည်ဟု ဆိုသည်။
ကျော်ဇောဟန်၏ ဖခင်က“အန်ကယ်တို့ဘက်က တောင်းဆိုတယ် ဆိုတာက ကျော်ဇောဟန်ကို လွှတ်ပေးပါလို့ မပြောဘူး။ ဥပဒေနဲ့ အညီ ဘယာ ကတိ ကင်းရှင်းစွာနဲ့ သုံးသပ်ပေးပါ။ ဒါပဲ”ဟုလည်း ၎င်းက ပြောသည်။
သမ္မတထံ တင်ပြသည့် စာတွင်လည်း အထက် ဖော်ပြပါ အကြောင်းအရာများကို အဓိက ရေးသားထားကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က စတင်၍ လူမှု ကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင် ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြော ဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်း ခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှု ရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးကို စွဲချက် မတင်ခင် ပြန်လွှတ်ပေးခဲ့ရာ လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
သမ္မတ ဦးဝင်းမြင့်ကလည်း အောင်ရဲထွေး အမှုနှင့် ပတ်သက်၍ နောက်ခံ အကြောင်းရင်းများ၊ တခြား ဆက်နွယ် ပတ်သက် မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပေဒနှင့် အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားမှု များ ပြု လုပ်ခဲ့သည်။
ထို့နောက် အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပါ ပါဝင်လာခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်ရဲထွေး အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၈ ခု အောက်တိုဘာ ၉ ရက်မှ စတင်ကာ နောက်တကြိမ် ပြန်လည် စစ်ဆေးမှု ပြုလုပ်နေခြင်း ဖြစ်သည်။
တဖက်တွင်လည်း အမှု ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု ရှိသည်ဆိုကာ တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်း ဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒု ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းရဲတပ်ဖွဲ့ ရွှေပေါက္ကံ နယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ် ကိုကို တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားရာ တိုင်းတရား လွှတ်တော်တွင် အမှု ရင်ဆိုင်ရလျက် ရှိသည်။
ဆက်စပ် ဖတ်ရှုရန် –
အောင်ရဲထွေး သေဆုံးမှု လူသတ်မှုဖြင့် စွဲချက်တင်ခံရခြင်း အပေါ် တရားခံဘက်က မကျေနပ်
သရုပ်ဆောင်အောင်ရဲထွေး အမှု စွပ်စွဲခံရသူများ၊ လူသတ်မှုဖြင့် စွဲချက်တင်