သတင်း

သံတောင်ရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးကို AA ပြန်လွှတ်ပေး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သံတောင်နယ်မြေခံရဲတပ်ဖွဲ့မှ စခန်းမှူး တို့ကို ရက္ခိုင့်တပ်မတော် (AA) က ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

သံထောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချာဟော်နှင့် သံထောင်နယ်မြေခံ ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲအုပ် ဆလိုင်း ဘီးဗာကို ယနေ့မနက်ပိုင်းက AA က ဘူးစင်ရွာတွင် လာပို့သွားခြင်း ဖြစ်သည်ဟု ဘူးစင်ရွာမှ ဒေသခံများက ပြောသည်။

ဘူးစင်ရွာသည် သံထောင်ကျေးရွာနှင့် ရေလမ်းခရီးဖြင့် သွားနိုင်ပြီး လှေစီးပါက တနာရီခန့် သွားရ သည့် အကွာအဝေးတွင် ရှိသည်။

ဘူးစင်ရွာမှ ဒေါ်ဆယ်ဒါးက “သူတို့ မနက်က လာပို့သွားတယ်။ အခုတော့ လှေစီးသွားပြီ။ သူတို့ရွာကို ပြန်နေပြီ” ဟု ပြောသည်။

သံထောင်ကျေးရွာဇာတိဖြစ်သည့် ဦးဗူးထောင်ပိုင်ကလည်း “မနေ့က သူတို့ကို လာခေါ်ဆိုပြီး ရွာကို ဆက်သွယ်ပြီး ခေါ်ခိုင်းတယ်။ ဘယ်သူမှ မသွားရဲကြဘူး။ ဒီနေ့မနက် ၁၁ နာရီလောက်ကတော့ ဘူးစင်ရွာကို လာပို့သွားတာ”ဟု ပြောသည်။

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချာဟော်နှင့် သံတောင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဗာတို့ကို ဖေဖော်ဝါရီလ ၂၂ ရက် မနက် ၄နာရီခန့်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့ စတင်ဖမ်းဆီးခံခဲ့ရစဉ်က AA သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း နယ်မြေခံ တပ်မှူးများနှင့် အဆက်အသွယ်မရဟုဆိုကာ ဦးချာဟော် နှင့် ဒုရဲအုပ် ဆလိုင်းဘီးဗာကို ဖမ်းဆီးခြင်း ဟုတ်မဟုတ် အတိအကျ ဖြေဆိုခဲ့ခြင်း မရှိပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်အရ ဖေဖော် ဝါရီလ ၂၂ ရက်၊ မနက် ၄နာရီဝန်းကျင်တွင် ရွာသားများက ရဲစခန်းသို့ ရောက်လာပြီး လက်နက်များတွေ့ကြောင်း၊ လိုက် ကြည့်ရန် ခေါ်သဖြင့် ဒုရဲအုပ်ဆလိုင်းဘီးဗာ၊ ရဲတပ်ကြပ်တဦးနှင့်တပ်သား တဦးတို့ လိုက်သွားရာ လမ်းတွင် AA တပ်ဖွဲ့ဝင် များက ဝိုင်းဝန်း ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့နောက် ရဲတပ်ကြပ်ကို ပြန်လွှတ်ပြီး စခန်း လက်နက်ချရန် ပြောဆိုကာ မနက် ၄နာရီခွဲမှ ၈ နာရီခွဲထိ တိုက်ပွဲများ ဖြစ်ပွားထားသည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

ဦးချာဟော်နှင့် ဒုရဲအုပ် ဆလိုင်းဘီးဗာတို့ ဖမ်းဆီးခံရပြီးနောက် သံတောင်ကျေးရွာအနီးတွင် တပ်မတော်က နယ်မြေရှင်း လင်းရေးများ လုပ်ဆောင်နေသည်ဟု ပြောဆိုထားသည်။

AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “သူတို့ ဒီနေ့တော့ ပြန်လွတ်လာနိုင်မယ် ထင် တယ်။ ကျနော်တို့ အောက်ခြေတပ်တွေက ကျနော်တို့ လုပ်ငန်းတွေကို အနှောင့်အယှက်ပေးလို့ သူတို့ ကို ခေါ်ယူပြီး လိုအပ်တာကို ဆုံးမပြော ဆိုတာတွေတော့ ရှိတယ်။ အဲ့ကိစ္စတွေပြီးရင်တော့ သူတို့ကို လွှတ်ပေးမယ်။ ဒီနေ့လောက်တော့ လွတ်လာနိုင်ခြေရှိပါတယ်” ဟု ပြောသည်။

AA က ၎င်းတို့ စစ်ရေးလှုပ်ရှားနေသည့် နယ်မြေများတွင် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများက AA ၏ လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ AA လှုပ်ရှားသွားလာနေသည်များကို တပ်မတော်နှင့် အာဏာပိုင် များထံ သတင်းပေး ခြင်းများ ပြုလုပ်ပါက သတိပေးပြီး အပြစ်ပေးရန် နယ်မြေခံတပ်မှူးများကို အခွင့်အာဏာ ပေးထားသည်ဟု ခိုင်သုခက ဆက်ပြောသည်။

သံတောင်ကျေးရွာ ဖြစ်စဉ် မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်တွင်းရှိ အခြားမြို့နယ်၊ ကျေးရွာများတွင် ၇ ဦးထက် မနည်းသည့် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များကို ကျည်ဆံတတောင့်နှင့် သတိပေးစာ များ ပေးပို့ဖူးသည်။

သံတောင်ကျေးရွာကိစ္စနှင့် ပတ်သက်၍ ခိုင်သုခက “ရဲက တချို့နေရာတွေမှာ သူတို့လုပ်ပိုင်ခွင့်ထက် ကျော်လွန် ပြီး ပြည်သူတွေကို နှိပ်စက်ညှင်းပန်းတာတွေ ရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုလည်း ဗမာ စစ်တပ်ကို သတင်း တွေ စုဆောင်းတာ လုပ်ခဲ့တာ ရှိတယ်။ သူတို့ရဲ့ လုပ်ရပ်ကြောင့် ဘာမှမဆိုင် တဲ့ပြည်သူတွေ နစ်နာတာ ရှိတယ်”ဟု ပြောသည်။

ဦးချာဟော်နှင့် ဒုရဲအုပ် ဆလိုင်းဘီးဗာကို ဖမ်းဆီးထားစဉ် နှိပ်စက်ညှင်းပန်းမှုများ မပြုလုပ်ဘဲ AA ၏ လုပ်ငန်း များကို မနှောင့်ယှက်ရန်သာ ခေတ္တထိန်းသိမ်းပြီး ပြောဆိုမှုများ ပြုလုပ်ထားသလို ဆုံးမမှု အချို့လည်း ပြုလုပ် ထားသည်ဟု ခိုင်သုခက ပြောသည်။

သံတောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ဦးဝင်းမောင်က “သူတို့ ညနေ ၄နာရီ ၄၅ မိနစ်မှာ ကမ်းနားကို ရောက်ပါတယ်။ အခုအိမ်ကို ရောက်နေပါပြီ။ အစစ်ဆေးခံရလို့ နောက်ကျောမှာ ကျိတ်လိုက်တာ နောက်ကျောက ဒဏ်ရာကြီးက မဲနေတယ်။ မလဲမလျောက်နိုင် မထိုင်နိုင် မထနိုင်ဖြစ်နေတယ်။ စိုးရိမ်စရာ တော့ မရှိပါဘူး”ဟုပြောသည်။

ဦးချာဟော်နှင့် ဒုရဲအုပ်ဆလိုင်းဘီးဗာတို့ ၂ဦးလုံး ရိုက်နှက်ခံရပြီး AA တပ်ဖွဲ့ဝင်များက ဦးချာဟော်ကို ရဲစခန်းနှင့် ပူးပေါင်းကာ တပ်မတော်အား ဆက်သွယ်ခြင်း၊ လူမှုကွန်ယက်ပေါ်တွင် သတင်းများ တင်ခြင်း၊ AAကို ပုန်ကန်ခြင်း များ လုပ်သည်ဟု ပြောဆိုပြီး စစ်ဆေးရိုက်နှက်ခြင်း ဖြစ်သည်ဟု ဦးဝင်းမောင်က ပြောသည်။

“ကျန်းမာရေးတော့ ကောင်းတယ်။ ဒဏ်ရာကြောင့် မလဲနိုင် မအိပ်နိုင်ဖြစ်နေတယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အလုပ်တွေ ဘာမှမလုပ်ဘူးဆိုတာကို ခရစ်ယာန်သင်းအုပ်ဆရာကြီးက သွားပြီး အာမခံပေး လို့လည်း ခုလိုလွတ်လာတာပါ”ဟု ၎င်းက ပြောသည်။

လွတ်မြောက်လာသူ နှစ်ဦးမှာ ကျန်းမာရေးကောင်းသော်လည်း ဒဏ်ရာများကြောင့် မအိပ်နိုင်ကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍ နောင်ကိုမလုပ်ဆောင်ပါဟု ခရစ်ယာန်သင်းအုပ်ဆရာကြီးမှ အာမခံခဲ့ရကြောင်း သိရသည်။

ပြစ်ဒဏ်ပေးသည့် အသေးစိတ်ကိုမူ တပ်ပိုင်းဆိုင်ရာ၏ လုပ်ပိုင်ခွင့်များ ဖြစ်သည်ဟု ဆိုကာ ဖွင့်ပြော ခြင်း မရှိပါ။

ဆက်လက်၍ ခိုင်သုခက “ကျနော်တို့က တရားလက်လွတ် မလုပ်ဘူး။ လိုအပ်သလောက် သူတို့ကို ထိန်းသိမ်း ထားတာ ဖြစ်တယ်။ လိုအပ်တဲ့ ပြောဆိုဆုံးမမှု လုပ်ဖို့ပါ။ သူတို့ရဲ့ အသက်အန္တရာယ်တွေ မရှိပါဘူး။ ကောင်း ကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတာပါ”ဟုလည်း ပြောသည်။

တပ်မတော်နှင့် AA တို့၏ စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေချိန် ဇန်နဝါရီလအတွင်း ကျောက်တော်မြို့ နယ်၊ တောင်မင်းကုလားကျေးရွာမှ သင်းအုပ်ဆရာ ဦးထွန်းနုကို လက်နက်ကိုင်ထားသည့် လူ၅ဦး ဖမ်းဆီးသွားခဲ့ပြီး ယနေ့တိုင် ပျောက်ဆုံး နေဆဲ ဖြစ်သည်။

အိန္ဒိယ အခြေစိုက် Gospel For Asia ခရစ်ယာန်အသင်းက သင်းအုပ်ဆရာ ဦးထွန်းနုကို ဖမ်းသွား သူများမှာ အစိုးရကို တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ဖေဖော်ဝါရီလ ၁ရက်တွင် သတ်ပစ် လိုက်ပြီဟူသည့် သတင်းများ ကြားသိရကြောင်း ထုတ်ပြန်ထားသည်။

အလား ဘူးသီတောင် မြို့နယ်နေ သင်းအုပ်ဆရာ ဦးသာထွန်းကို ဖေဖော်ဝါရီလ ၁၃ ရက်က AA က ဖမ်းသွား သည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် International Christian Concern အဖွဲ့က ထုတ်ပြန်ထား သည်။

၎င်း သင်းအုပ်ဆရာ ၂ဦးပျောက်ဆုံးနေမှုနှင့ ်ပတ်သတ်၍ AA က ၎င်းတို့ ဖမ်းဆီးခြင်း မဟုတ်ကြောင်း ငြင်းဆို ထား သလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က လည်း ၎င်းတို့ ခေါ်ယူစစ်ဆေးနေသူများ စာရင်းတွင် ထို၂ဦး မပါဝင်ကြောင်း ငြင်းဆိုထားသည်။

AA သည် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၄ခုကို ဝင်ရောက် တိုက်ခိုက်ကာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်း ၁ဦး၊ အမျိုးသမီး ၄ဦးတို့ကို ဖမ်းဆီးသွားပြီး နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရဲ ၁၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရကာ ရဲစခန်းများမှ ကျည်ဆံ ၁၆၀၀၀ ကျော် ဆုံးရှုံး ခဲ့သည်။

AAသည် ၂၀၁၅ ခုနှစ်မှ စ၍ ရခိုင်ပြည်နယ်တွင်း အခြေစိုက်စခန်းများ ရယူနိုင်ရန် ဝင်ရောက်လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ပြီး ယနေ့ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် နေရပ်ရင်းကို စွန့်ခွာပြီး ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀ ကျော် ရှိလာပြီး ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တွင်လည်း စစ်ဘေးရှောင်ဒုက္ခသည် ၂၅၀ ကျော် သောင်တင်နေသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ ဧရာဝတီကို ပြောဆိုချက်အရ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ချင်းပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ခန့်ရှိနေသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းသံထောင်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး AA က ဖမ်းဆီးခေါ်ဆောင်သွား 

သံတောင် ရဲစခန်းကို AA က လက်နက်ချခိုင်းထား

AA ဖမ်းသွားသည့် သံထောင်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးကို ပြန်လွတ်ရန် မိသားစု တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading