နေပြည်တော် ပြည်ထောင်စု လွှတ်တော် အမှတ်၂ ကြိုးတံတား အနီးတွင် ဒရုန်း လွှတ်တင်ခဲ့သည့် ပြင်သစ်နိုင်သား Mr Arthur Desclaux ကို အလုပ်နှင့် ထောင်ဒဏ် ၁ လ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
ယနေ့တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် တရားရုံး၌ အဆိုပါ အမှုကို နံနက် ၁၁ နာရီမှ ညနေ ၃ နာရီခွဲ အထိ စစ် ဆေးပြီး စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။
Mr Arthur Desclaux သည် နိုင်ငံခြားသား တဦး ဖြစ်ခြင်း၊ ဒရုန်း သယ်ဆောင်လာပါက ခွင့်ပြုချက် လိုအပ်သည်ကို ကြိုတင် မသိရှိခဲ့ကြောင်း ရိုးသားစွာ ဝန်ခံခဲ့ခြင်း တို့ကြောင့် သက်ညှာသော အားဖြင့် ထောင်ဒဏ် ၁ လသာ ချမှတ် ခြင်း ဖြစ်ကြောင်း ဥတ္တရ သီရိမြို့နယ် တရားသူကြီး ဒေါ်ဆုလာဘ်ရတနာဦး က ယနေ့ တရားခွင်၌ ပြောသည်။
ဒေါ်ဆုလာဘ်ရတနာဦး က“ဒရုန်းနှင့် iPhone ကတော့ မြန်မာနိုင်ငံက မှတ်တမ်းတွေ ပါနေတဲ့ အတွက် ပြန်ပေးတော့ မှာ မဟုတ်ပါဘူး။ စက်ဘီးကိုတော့ ပြန်ပေးလိုက်ပါ့မယ်။ ပြီးတော့ ချုပ်ရက် ခံစားခွင့်လည်း ရှိပါတယ်”ဟု ပြောပြသည်။
Mr Arthur Desclaux သည် နေပြည်တော်တွင် ဖေဖော်ဝါရီလ ၇ ရက်က အဖမ်းခံခဲ့ရကာ ၈ ရက်တွင် စတင်ချုပ်ရက် ယူပြီး ချုပ်ရက် ခံစားခွင့် ရှိသဖြင့် အကျဉ်းထောင်ထဲ၌ ရက်သတ္တပတ် ၁ ပတ်ခန့်သာ ဆက်လက် နေထိုင်ရတော့မည် ဖြစ်သည်။
ယင်း ပြင်သစ် နိုင်ငံသားသည် ထိုင်းနိုင်ငံမှ မြဝတီသို့ ဇန်နဝါရီလ ၃၀ ရက်က စက်ဘီးနှင့် ဝင်ရောက်ခဲ့ပြီး နေပြည် တော်သို့ ဖေဖော် ဝါရီလ ၇ ရက်တွင် ရောက်ရှိလာကြောင်း၊ နေပြည်တော်တွင် မည်သည့် နေရာတွင်မှ မတည်းခိုသေး ဘဲ ဒရုန်း လွှတ်တင်နေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပြင်သစ် နိုင်ငံသား ကိုယ်တိုင်က မြန်မာနိုင်ငံသို့ မြဝတီ နယ်စပ် ဂိတ်မှတဆင့် ဝင်ရောက်စဉ် မည်သူကမှ ဒရုန်း ပါလာ ပါက ကြေညာရန် မပြောဆိုခဲ့သဖြင့် မသိရှိခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈ ကို ချိုးဖောက်မိခဲ့ကြောင်း အပြစ် ဝန်ခံခဲ့သည်။
ပြင်သစ် နိုင်ငံသား စွဲတင်ခံထားရသည့် ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ဆိုသည်မှာ မည်သူမဆို ကန့်သတ် တားမြစ် ပိတ်ပင် ထားသည့် ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသည့် ပစ္စည်းများကို ခွင့်ပြုချက် မယူဘဲ တင်သွင်းခြင်း၊ တင်ပို့ခြင်း တို့ကို ကျူးလွန်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မည်သည့် ဒရုန်းကို မဆို တားမြစ်ထား ပြီး မည်သူမဆို လက်ဝယ်ထားရှိ၍ မရသေးကြောင်း၊ မည်သည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ အဖွဲ့အစည်းကိုမှ ဒရုန်းတင်သွင်း ခွင့် လိုင်စင် မပေးထားကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ရဲတပ်ဖွဲ့သို့ အကြောင်းပြန်ခဲ့သည်ဟု ဥတ္တရသီရိ မြို့နယ် ဥပဒေ အရာရှိက တရားခွင်၌ ပြောဆိုသည်။
ယနေ့တွင် တရားရုံးက အမှု အတွက် တရားလို ဥတ္တရသီရိမြို့နယ် စခန်းမှူး ဒု ရဲမှူး မင်းတင်၊ တရားလိုပြ သက်သေ ဒုရဲမှူး ထွန်းဇော်မျိုး၊ ရဲတပ်သား ထွန်းထက်အောင်နှင့် မြို့နယ် လဝက အရာရှိ ဦးမင်းဇော် တို့ကို စစ်ဆေးခဲ့သည်။
ရဲအရာရှိများက ထွက်ဆိုရာတွင် ပြင်သစ် နိုင်ငံသား ဒရုန်း လွှတ်တင်နေခြင်းကို လွှတ်တော် လုံခြုံရေး ရယူထားသည့် ရဲတပ်သား၂ ဦးက ဖေဖော်ဝါရီလ ၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် စတင် တွေ့ရှိခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်သစ် နိုင်ငံသားကို ခေါ်ယူ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ နယ်မြေ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆို ကြသည်။
ရဲတပ်ဖွဲ့က ပြင်သစ် နိုင်ငံသား ဝင်ရောက်ခဲ့သည့် မြဝတီ နယ်စပ်ဂိတ်သို့ ဆက်သွယ် မေးမြန်းရာ ၎င်းသည် နယ်စပ် ဖြတ်ကျော်စဉ်က ဒရုန်း ပါရှိသည်ကို မပြောဆိုခဲ့ဟု အကြောင်း ပြန်ကြားခဲ့ကြောင်း၊ လေကြောင်း ပို့ဆောင်ရေး ဦးစီး ဌာနသို့ လွှတ်တော် အနီးတွင် ဒရုန်း ပျံသန်းခွင့် ရှိ/မရှိ မေးမြန်းရာတွင်လည်း လုံခြုံရေးအရ ခွင့်မပြုဟု အကြောင်းပြန် ကြားခဲ့ကြောင်း တရားလို ဒု ရဲမှူး မင်းတင်က တရားခွင်၌ ထွက်ဆိုသည်။
ပြင်သစ် နိုင်ငံသားကမူ ၎င်း အနေဖြင့် ဒရုန်း ပျံသန်းခွင့် မရှိခြင်းကို ကြိုတင် မသိရှိဘဲ မည်သည့် ဆိုင်းဘုတ်မှလည်း မတွေ့ရှိကြောင်း၊ ၎င်းသွားရောက်ခဲ့သည့် အိန္ဒိယနှင့် ၎င်းနေထိုင်ခဲ့သည့် ပြင်သစ်တို့တွင် ဒရုန်း ပျံသန်းခွင့် မပြုပါက ဒရုန်းကို GPS စနစ်ဖြင့် ချိတ်ဆက်ထားသဖြင့် မိမိက ပျံသန်းစေလိုသော်လည်း လွှတ်တင်၍ပင် မရကြောင်း ပြန်လည် ရှင်းပြသည်။
ဒရုန်း လွှတ်တင်မှုကို စတင်တွေ့ရှိခဲ့သည့် ရဲတပ်သား ထွန်းထက်အောင်က“ဒရုန်း ရောက်ရှိနေတဲ့ နေရာက လွှတ် တော် ခြံစည်းရိုး အပြင်ဘက် လမ်းဘေး ဓာတ်တိုင် အပေါ်မှာပဲ ဖြစ်ပြီးတော့ လွှတ်တော်ထဲကို ဒရုန်းရောက်ရှိခြင်း မရှိ သေးပါဘူး”ဟု တရားခွင်၌ ထွက်ဆိုသည်။
တရားလို ရှေ့နေ ဥပဒေ အရာရှိကလည်း ယခု အမှုသည် ဒရုန်းလွှတ်တင်၍ အရေးယူသည့် ဖြစ်စဉ် မဟုတ်ဘဲ ဒရုန်း ပါလာကြောင်းကို နယ်စပ်တွင် မကြေညာခဲ့သဖြင့် ခွင့်ပြုချက်မဲ့ ဒရုန်း ယူဆောင်ခဲ့မှုကို စစ်ဆေးသည့် ပို့ကုန်သွင်းကုန် ပုဒ်မ သာ ဖြစ်ကြောင်း ပြန်လည် ရှင်းပြခဲ့သည်။
နောက်ဆုံးတွင် တရားလိုနှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်ကို စစ်ဆေး၍ မြို့နယ် တရားသူကြီးက ယခု အမှုကို စွဲချက် တင်ခဲ့ပြီး တရားခံ အဖြစ် စွပ်စွဲခံထားရသူ ပြင်သစ်နိုင်ငံသား အနေဖြင့် အပြစ်ရှိကြောင်း ဝန်ခံပါက စီရင် ချက် တခါတည်း ချပေးမည်ဟု ပြောဆိုသည်။
ပြင်သစ် နိုင်ငံသားမှာ အပြစ်ပေးမည်ဟု ဆိုသဖြင့် လွန်စွာ စိတ်ပူမိကြောင်း၊ စိတ်လှုပ်ရှားမိကြောင်း စကားပြန်မှ တဆင့် တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဥပဒေများကို မသိခဲ့၍ အပြစ်လုပ်မိကြောင်း ဝန်ခံခဲ့သည်။
ပြင်သစ် နိုင်ငံသား Mr Arthur Desclaux က“မသိဘဲနဲ့ သယ်လာမိလို့ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ရှိပါတယ်။ သက်ညှာပေးပါ။ အားလုံးကို အလုပ်ရှုပ်စေခဲ့လို့ တောင်းပန်ပါတယ်”ဟု စကားပြန်က တဆင့် ပြောဆိုသည်။
ယခု အမှုကို စီရင်ချက် ချပြီးပြီးချင်း ၎င်းကို ရမည်းသင်း ထောင်သို့ ရဲစခန်းများတွင် စခန်းမှူးများ စီးသည် ဆလွန်း ကားနှင့် ပို့ဆောင် လိုက်သည်ကိုလည်း တွေ့မြင်ရသည်။
သို့သော် သတင်းထောက်များကို ဓာတ်ပုံရိုက်ယူခွင့် မပြုခဲ့ပေ။
ယနေ့ တရားခွင်သို့ လာရောက်ခဲ့သည့် ရန်ကုန်မြို့ ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Mr Frederic INZA က တရား သူကြီး ၏ ထောင်ဒဏ် ၁ လဆိုသည့် ဆုံးဖြတ်ချက်ကြောင့် နောက်တပတ်တွင် လွတ်မည် ဖြစ်ကြောင်း၊ ယခု ဒရုန်းကို မသိဘဲ ယူဆောင်လာမိသည် ဆိုသော ပြင်သစ်နိုင်ငံသား၏ ထွက်ဆိုချက်ကို တရားရုံးက အသိအမှတ်ပြု ပေးသဖြင့် ကျေနပ်မိကြောင်း နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“တကယ်တော့ မြန်မာပြည်ကို ခဏတဖြုတ် အလည်လာတဲ့ တိုးရစ် တယောက်အနေနဲ့ ၁ လ အပြစ်ဒဏ်ဆိုတာ အရမ်း များ ပါတယ်။ သံရုံး အနေနဲ့က ဒီလိုမျိုး တစတစ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒရုန်းလို ပစ္စည်းမျိုးကို ဒီလိုမျိုး ကန့်သတ်ချက်တွေရှိတာကို သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ပညာပေး၊ အသိပေးတာတွေ လုပ်ဖို့ အရမ်း အရေးကြီးပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ပြင်သစ် နိုင်ငံသားကဲ့သို့ အလားတူ အဖြစ်အပျက်မျိုး ထပ်ဖြစ်လာမည်ကိုလည်း စိုးရိမ်မိကြောင်းလည်း ပြင်သစ် သံရုံး တာဝန်ရှိသူက ပြောဆိုခဲ့သည်။