ပါကစ္စတန် အနေဖြင့် စစ်မက်မလိုလားကြောင်း၊ အိန္ဒိယတိုက်လေယာဉ် နှစ်စင်းကို ပစ်ချလိုက်စဉ် အတွင်း မိမိတို့ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေကြောင်း၊ သို့သော် အိန္ဒိယအနေဖြင့် မိမိတို့ပိုင်နက်ကို ဆက်လက်ကျူးကျော်နေလျှင် လက်တုံ့ပြန်ရန် အသင့်ရှိကြောင်း ပါကစ္စတန် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အဆစ်ဖ်ဂါဖိုးက ပြောသည်။
“ကျနော်တို့ဒီနေ့အရေးယူဆောင်ရွက်ချက်ဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ သက်သက်ပဲဖြစ်ပါတယ်။ စစ်ဟာ အဖြေ မဟုတ်ဘူး၊ ကျနော်တို့ ငြိမ်ငြိမ်းချမ်းချမ်းပဲ နေချင်တဲ့အတွက် အောင်ပွဲ(ဒါမှမဟုတ်) စစ်ပွဲလို့လည်း မသုံးနှုန်းပါဘူး။ မလိုလား အပ်တဲ့ တင်းမာမှုတွေ အရှိန်တက်လာပေမယ့် ကျနော်တို့ ရည်ရွယ်ချက်တော့ အမိမြေကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်” ဟု အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်းဖြစ်သည်။
နှစ်ရက်အတွင်း ဒုတိယမြောက်ကျူးကျော်ခံရသဖြင့် ပါကစ္စတန်အနေဖြင့် မိမိတို့တိုင်းပြည်လုံခြုံရေး အတွက် မဖြစ်မနေ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရေဒီယို ပါကစ္စတန်က သတင်းထုတ်လွှင့်ရာတွင် ၎င်းတို့လေကြောင်းပိုင်နက်အတွင်းသို့ ဝင်ရောက် လာသော အိန္ဒိယ လေယာဉ် ပစ်ချပြီးနောက် အိန္ဒိယလေသူရဲတဦးကို လက်ရဖမ်းဆီးလိုက်ပုံကို ပြသနေခဲ့သည်။
အိန္ဒိယတိုက်လေယာဉ်နှစ်စီးတို့က မိမိတို့ ပစ်ချလိုက်ကြောင်း၊ တစီးမှာ ပါကစ္စတန်ပိုင် ဂျမူးနှင့် ကက်ရှ်မီးယားနယ်မြေထဲသို့ ပျက်ကျသွား ကြောင်း၊ တခြားတစီးမှာ အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားနယ်မြေထဲသို့ ပျက်ကျသွားခြင်းဖြစ်ကြောင်း ပါကစ္စတန်လေတပ်က ပြောသည်။
ရုပ်သံဖိုင်ထဲတွင် ဖမ်းဆီးခံရသော အိန္ဒိယလေသူရဲက ၎င်း၏အမည်နှင့်ရာထူးအဆင့်များကို ၎င်းအပေါ် စစ်မေးနေသော ပါကစ္စတန်အရာရှိများထံ ဖြေကြားနေပုံကို တွေ့ရသည်။