ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် သတင်းထောက် ၂ ဦးအား ခြံဝင်းအတွင်း ချုပ်နှောင်ရိုက်နှက်ခဲ့သည့် သခင်စစ် ကုမ္ပဏီ ပိုင်ရှင် ဦးဒိန်ဆောင်ကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားပြီဟု သတင်းရရှိသည်။
ချုပ်နှောင်ရိုက်နှက်ခံခဲ့ရသည့် သတင်းထောက်နှစ်ဦးမှာ မမွန်းမွန်းပန်နှင့် ကိုအားဂျယ်တို့ ဖြစ်ပြီး မြစ်ကြီးနားမြို့ အခြေစိုက် မြစ်ကြီးနား သတင်း ဂျာနယ်တိုက်မှ ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၅ ရက်ထုတ် ဂျာနယ်၌ ဝိုင်းမော် မြို့နယ်တွင်း တစ်သျှူး ငှက်ပျောများ စိုက်ပျိုးမည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ဒေသခံများက ကန့်ကွက်ကြောင်း သတင်းရေးသည်ကို မကျေနပ်သဖြင့် ဦးဒိန်ဆောင်က ကုမ္ပဏီဝင်း အတွင်း ခေါ်ကာ ချုပ်နှောင် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနားဂျာနယ်တိုက်၏ အမှုဆောင်အရာရှိချုပ် (၂) ဦးဇော်ခွန်းက”ပုဒ်မ ၅ ခုနဲ့ ကျနော်တို့ တရားစွဲ ထားပါတယ်။ ပုဒ်မက ၃၅၄ ၊ ၂၉၄ ၊ ၃၉၄ ၊ ၃၄၁၊ ၁၁၄ စတဲ့ အမှုတွေနဲ့ပါ”ဟု ပြောသည်။
မမွန်းမွန်းပန်က တရားလိုအဖြစ် တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ခွန်းက ပြောသည်။
ပုဒ်မ ၁၁၄ မှာ ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီမှုဖြစ်ပြီး ပုဒ်မ ၂၉၄ မှာ ညစ်ညမ်းစွာ ဆဲဆိုခြင်းအတွက် တရားစွဲဆို နိုင်သည့် ပုဒ်မဖြစ်သည်။ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃လ၊ ငွေဒဏ် သို့မဟုတ် ဒဏ် ၂ရပ်လုံး ကျခံ ရနိုင်ကြောင်း သိရသည်။
နာကျင်စေမှု ဆိုင်ရာ ပုဒ်မ ၃၂၃ မှာ ပြစ်မှုထင်ရှားပါက တနှစ်ထိ ထောင်ဒဏ်၊ ငွေ ၁၀၀၀ ကျပ် သို့မဟုတ် ဒဏ် ၂ရပ် လုံး ကျနိုင်ပြီး မတရားချုပ်နှောင်ခြင်းဆိုင်ရာ ပုဒ်မ ၃၄၁ မှာလည်း ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁ နှစ်၊ ငွေဒဏ် သို့မဟုတ် ဒဏ် ၂ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ထို့ပြင် အမျိုးသမီးကို ကာယိန္ဒြေပျက်ပြား စေရန် လုပ်မှု ပုဒ်မ ၃၅၄ မှာလည်း ထောင်ဒဏ် ၂နှစ်၊ ငွေဒဏ် သို့မဟုတ် ဒဏ် ၂ရပ်လုံး ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်းထားသည်။
သခင်စစ်ကုမ္ပဏီ ပိုင်ရှင် ဦးဒိန်ဆောင်သည် မြစ်ကြီးနားဂျာနယ်တွင် ဖော်ပြထားသည့် သတင်း ရေးသားချက်အပေါ် မကျေနပ်သဖြင့် ဖြေရှင်းရန် ၎င်း၏ ဝန်ထမ်းများကို လွှတ်ကာ သတင်းထောက်များကို ကုမ္ပဏီသို့ လိုက်ခဲ့ရန် ဖေဖော်ဝါရီလ ၂၆ ရက် မနက်ပိုင်းက ခေါ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
မကျေနပ်ပါက ဂျာနယ်တိုက်ရုံးတွင်သာ ရှင်းလင်းရန် မြစ်ကြီးနား ဂျာနယ်တိုက်က ကနဦး ပြောဆိုခဲ့ကြောင်း၊ သို့သော် ပြဿနာ မဖြစ်ဟု အာမခံကာ သတင်းထောက် ၂ ဦးကို ခေါ်သွားပြီး ကုမ္ပဏီသို့ ရောက်မှ မမွန်းမွန်းပန်ကို ဝန်ထမ်း အမျိုးသား ၄ဦးက ခြံဝင်းအတွင်း ဝိုင်းတွန်းကာ ဦးဒိန်ဆောင်က ဂျာနယ်ဖြင့် ပါးရိုက်ပြီး ဝိုင်းဝန်း ဆဲဆိုခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ ဝိုင်းတွန်း၍ ခြံဝင်းအတွင်းသို့ အဓမ္မဆွဲခေါ်သဖြင့် မမွန်းမွန်းပန်၏ အင်္ကျ ီကြယ်သီးများ ပြုတ်ထွက်သွားပြီး မမွန်းမွန်းပန်နှင့် အတူ လိုက်လာသည့် သတင်းထောက် ကိုအားဂျယ်က ထိုသို့ ဖြစ်ပျက်နေသည်ကို ဓာတ်ပုံရိုက်၍ မြစ်ကြီးနား ဂျာနယ်တိုက်မှ အယ်ဒီတာများထံ အကြောင်းကြားခဲ့သည်။
အယ်ဒီတာများထံ အကြောင်းကြားသည့် ကိုအားဂျယ်ကိုလည်း ဦးဒိန်ဆောင်က ထိုင်ထ အခါတသိန်း လုပ်ခိုင်းခဲ့ပြီး ကိုအားဂျယ်၏ မိဘများကို ငွေ ကျပ် သိန်း ၅၀ ပေးမှ သားဖြစ်သူကို ပြန်လွှတ်ပေးမည်ဟု ဆိုကာ ငွေတောင်းခံခဲ့ ကြောင်း သိရသည်။
မြစ်ကြီးနားဂျာနယ်တိုက်မှ အယ်ဒီတာများနှင့် ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ လိုက်လာမှ သတင်းထောက် ၂ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဧရာဝတီက သခင်စစ် ကုမ္ပဏီကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
ဖေဖော်ဝါရီလ ၂၆ ရက်က ဝိုင်းမော်မြို့နယ်ရဲစခန်းသို့ ညှိနှိုင်းရန် ခေါ်ယူရာတွင်လည်း ဦးဒိန်ဆောင်က လိုက်လာရန် ငြင်းဆိုပြီး ကုမ္ပဏီ ဝန်ထမ်းများကိုသာ စေလွှတ်ခဲ့ကြောင်း သိရသည်။
မမွန်းမွန်းပန်က”သတင်းထောက်တယောက်က သတင်းမှားတယ်ဆိုရင် မီဒီယာကောင်စီကို တိုင်ရမယ်။ မတိုင်ရင် တောင် ရဲစခန်းမှာ အမှုဖွင့်လို့ရတယ်။ သူတို့ဆီမှာ အခွင့်အရေးအများကြီးရှိပါတယ်။ တရားနည်းလမ်းကျကျ မလုပ်ဘဲ သူတို့ရုံးကို ခေါ်ပြီး အခုလိုလုပ်တာက ကြိုတင်ကြံစည်ထားပြီး ဂိုဏ်းစတားလို လုပ်တာ”ဟု ပြောသည်။
မမွန်းမွန်းပန်က ၎င်းရေးသားသည့် သတင်းမှာ သတင်းစာပညာရပ်အရ မှားယွင်းခြင်းမရှိသလို ကုမ္ပဏီဝင်းအတွင်း ဆွဲခေါ်ကာ အမျိုးသမီးတဦးကို ကာယိန္ဒြေပျက်အောင် ဆဲဆိုခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တရားမျှတမှု ရလိုသည်ဟုလည်း ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ၊ ဦးမြင့်ကျော်က”သတင်းထောက်နှစ်ယောက်ကို ခေါ်ပြီး လုပ်ချင်တာ လုပ်လို့ရ တယ်ဆိုတာ ယူဆနေတာက တရားဥပဒေ စိုးမိုးမှုကို သူတို့ စိန်ခေါ်တာ။ သူတို့ ပိုက်ဆံရှိရင်၊ အာဏာပိုင်တွေကို သူတို့ ရင်းနှီးရင် ကြိုက်တာ လုပ်လို့ ရတယ်လို့ ယူဆနေပုံရတယ်”ဟု ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်များက တရားဥပဒေ စိုးမိုးရေးအတွက် ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပြီး အရေးယူ ပေးရန် လိုအပ်သည်ဟုလည်း ဦးမြင့်ကျော်က ပြောဆိုသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်း အထက်ပါ ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချပြီး တရားဥပဒေစိုးမိုးရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရတို့ကို ဆောင်ရွက်ပေးရန် တိုက်တွန်းသည်ဟု ကြေညာချက် တစောင်ထုတ်ထားသည်။
ကချင်ပြည်နယ် အခြေစိုက် သတင်းသမားများကလည်း ဦးဒိန်ဆောင်နှင့် သခင်စစ်ကုမ္ပဏီဝန်ထမ်းများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူပေးရန် အာဏာပိုင်များကို တောင်းဆိုကြောင်း ယနေ့ ထုတ်ပြန်ချက် တစောင် ထုတ် ထားသည်။
ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၄ ခုနှစ်၊ မတ်လက ပြဌာန်းထားသည့် သတင်းမီဒီယာ ဥပဒေ ၊ အခန်း(၃) သတင်း မီဒီယာသမားများ၏ ရပိုင်ခွင့်များပါ ပုဒ်မများအရ သတင်းထောက်များသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး ဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြ ရေးသား နိုင်သည့် အပြင် နိုင်ငံသား တဦးချင်းစီ၏ အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများကိုလည်း ဖော်ထုတ် ရေးသား ခွင့်ရှိသည်။
လူမှုစီးပွားဆိုင်ရာ မမှန်မကန်ဆောင်ရွက်မှုများ၊ အကျင့်ပျက်ခြစားမှုများကို စုံစမ်းဖော်ထုတ်နိုင်ပြီး သတင်းမီဒီယာများမှ ရေးသားဖော်ပြလိုက်သည့် သတင်းများသည် နစ်နာသည်ဟု ယူဆပါက နစ်နာသည့် ဌာန၊ အဖွ့ဲအစည်း၊ ပုဂ္ဂိုလ်တို့က သတင်း မီဒီယာကောင်စီသို့ တိုင်ကြားနိုင်သည်။
ကောင်စီက နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ပြီး မပြေလည်ပါက တရားရုံး တွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်ဟု သတင်း မီဒီယာ ဥပဒေတွင် ပြဌာန်းထားသည်။