ရန်ကုန် မြို့တော် ခန်းမရှေ့၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အား ထောက်ခံ ဆန္ဒ ထုတ်ဖော်ပွဲတွင် တရားမျှတမှု မရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေးကို ညီညွတ်စွာ ပူး ပေါင်း ပါဝင်ကြရန် ဦးဆောင်သူများက တိုက်တွန်းကြသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုမြအေးက“ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ် စား လှယ်တွေကို စိတ်တိုင်းကျသည် ဖြစ်စေ မကျသည် ဖြစ်စေ ဖွဲ့စည်းပုံ ပြင်ရေးမှာတော့ တဖက်တည်းမှာ ကျနော်တို့ ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်သည့် ကိုယ်စားလှယ် ၄၅ ဦးပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကို ပြည် ထောင်စု လွှတ်တော်က ဖေဖော်ဝါရီ ၁၉ ရက်တွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပွဲကျင်းပရေး ဦးဆောင် အဖွဲ့ဝင် ဦးယဉ်ထွေးက“ထိရောက်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်စေချင်လို့ ကော်မတီကို ထောက်ခံတာ၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကတော့ ထိရောက်တဲ့ ဒီမိုကရေစီ နိုင်ငံ မဖြစ်နိုင်ပါဘူး။ ကော်မတီကို အများကြီး မျှော် လင့်တယ်”ဟု ဆိုသည်။
တပ်မတော် အစိုးရ လက်ထက်၂၀၀၈ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တရား မျှတမှု မရှိသည့် အတွက် ပြင်ဆင်ရေး ထောက်ခံ လက်မှတ် ရေးထိုး လှုပ်ရှားမှုများလည်း ဆန္ဒ ထုတ်ဖော်ပွဲ အတွင်း ပြုလုပ် ခဲ့ သည်ကိုလည်း တွေ့ရှိရသည်။
ထောက်ခံ ဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ စာရေးဆရာ ဦးထင်လင်းဦး ဟောပြောရာတွင် “ပြည်ထောင်စု အင်္ဂါစဉ် အရ အမှတ်စဉ် ၁ သမ္မတကတောင် လွှတ်တော် ကိုယ်စားလှယ် တိုက်ရိုက် ခန့်ခွင့် မရှိတာကို အမှတ်စဉ် ၈ ပုဂ္ဂိုလ်က ခန့်ခွင့် ရှိနေတာ ဘယ်မလဲ လောကပါလ တရား၊ ဘယ်မလဲ တရားမျှတမှု၊ ဘယ်မလဲ ညီမျှခြင်း၊ အဲ့ဒါတွေကြောင့် ပြင်ချင်တာ”ဟု ဝေဖန် ပြောဆိုခဲ့သည်။
ယင်းကော်မတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် ညီညွတ်ခြင်း မရှိဟု ဆိုကာ တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ ကိုယ်စားလှယ်များက ထုတ်ဖော် ပြော ကြားမှုများ ရှိခဲ့သော်လည်း အတည်ပြု ဖွဲ့စည်းပြီး နောက်ပိုင်းတွင် ကော်မတီ အဖွဲ့ဝင်များ အဖြစ် ပါဝင် ဆွေးနွေးလျက် ရှိ သည်။
USDP ပါတီ အနေဖြင့်လည်း တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များက တိုက်ရိုက် ရွေးချယ် ခန့်အပ်ခွင့်နှင့် သက်ဆိုင်သည့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေး အချက် ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် မူကြမ်း တရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားသည်။
ယင်းပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် အသီးသီးတွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ၁၀၀ ရာခိုင်နှုန်း အပြည့်ရှိမှသာ ပြင်ဆင်ပါက ပိုမို ကောင်းမွန်နိုင်ပြီး တိုင်းရင်းသားများနှင့် ပြည်မ လူထုကြား သွေးခွဲသည့် ပုံစံဖြစ်လာမည်ကို စိုးရိမ်မိကြောင်းလည်း ကိုမြအေးက ထောက်ပြခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီအား ထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ပွဲသို့ ပြည်သူ ရာနှင့်ချီကာ တက် ရောက်ခဲ့သည်ကို တွေ့ရပြီး “နိုင်ငံ အနာဂတ် လှပရေး ၂၀၀၈ ခြေ/ဥ အမြန်ပြင်ပေး” ဟူသည့် ကြွေးကြော်မှုများ လည်း ပြု လုပ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ ၂၀၀ နီးပါး က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအား ကြိုဆိုထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။