ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်မှ ဆယ်တန်းကျောင်းသားတဦး ဖမ်းဆီး ရိုက်နှက်ခံမှုဖြင့် ကန်စောက် အခြေစိုက် အမှတ် (၅၃၉) တပ်ရင်းကို ကျောင်းသား၏ ဖခင်ဖြစ်သူက ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရာဇဝတ်မကင်းသော အနိုင်အထက်ပြုကျင့်မှု ဥပဒေ ပုဒ်မ ၃၅၂၊ မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ နာကျင်စေမှု ပုဒ်မ ၃၂၅၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ၁၁၄ စသည့် ပုဒ်မ များဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့မစခန်းမှ သိရသည်။
ကျောက်တော်မြို့မ စခန်းမှူး ဒုရဲမှူးစိုးလွင် က “ကျနော်တို့ စခန်းမှာ အမှုဖွင့်တိုင်ကြားထားတာရှိပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ကတော့ အဲဒီတိုင်ကြားချက်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရိုက်နှက်ခံရသည်ဆိုသည့် ဆယ်တန်းကျောင်းသားမှာ မောင်ဇော်နိုင်နိုင်ဌေး ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံရပြီး နှိပ်စက်ခံရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် သားဖြစ်သူမှ ပြန်ပြောပြကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက ပြောသည်။
ဦးရွေစိန်ဦး က “ကျနော့်သား ဆယ်တန်းဖြေရတော့မယ့် အချိန်မှာ ဒီလို ဖြစ်တယ်ဆိုတော့ ကျနော် ဘယ်လိုမှ မခံစားနိုင်ဘူး။ အမှုဖွင့်ရတာ ကလည်း ကျနော့်သား ကျန်းမာရေး အခြေအနေ ပြန်မကောင်းလာတဲ့အတွက် အဲဒီတပ်က လူတွေကို အမှုဖွင့်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ကျနော်သားက ကောင်ကင်သစ် ဓာတ်ဆီဆိုင်ကနေ ဆိုင်ကယ် ဆီဖြည့်ပြီး ပြန်လာတဲ့အချိန် ကစ္ဆပနဒီ တံတား အနီးက ၃၇၅ တပ်ရှေ့ အလွန်မှာ တပ်က ကားတစီးက သူ့ရှေ့က ပိတ်ရပ်ပြီး လက်နက်နဲ့ စစ်သား ၃ ယောက်ဆင်းလားပြီး ကျနော်သားကို ရိုက်နှက် ဖမ်းဆီးခေါ်သွားတာပါ” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရစဉ်က မောင်ဇော်ဇော်နိုင်ဌေးသည် ၎င်း၏ စာပေးပွဲ ဖြေဆိုခွင့် ကျောင်းသားကဒ်ကို ထုတ်ပြသော်လည်း လွတ်ပေးခြင်း မရှိဘဲ တပ်မတော်သားများက နားထင်ကို သေနတ်ပြောင်းဝဖြင့် ထိုးပြီး ရိုက်နက်မှုများ လုပ်ကာ ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ဖခင်ဖြစ်သူက ပြန်ရှင်းပြသည်။
ထိုတပ်သို့ ရောက်ရှိစဉ် အရာရှိဟု ယူဆရသည့် တပ်မတော်သားတဦးကို မောင်ဇော်ဇော်နိုင်ဌေးက ၎င်းကျောင်း သားကဒ်ကို ထပ်မံထုတ်ပြပြီး ဆယ်တန်းကျောင်းသား ဖြစ်ကြောင်း ပြောပြသဖြင့် ပြန်လည်လွတ်မြောက်လာသည်ဟုဆိုသည်။
ထို့နောက် အမှတ် ၅၃၉ တပ်ရင်းမှ ကျောက်တော်မြို့သို့ ပြန်လာသည့် လမ်းတွင် ရှိသော ပုဏ္ဏားကျေးရွာသို့ ညနေ ၇ နာရီ အချိန်ခန့် ရောက်ရှိလာကာ ၎င်း၏သူငယ်ချင်းဖြစ်သူ အိမ်တွင် ညအိပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ထံတွင်လည်း ဖြစ်စဉ်ကို ရှင်းပြကာ ဧည့်စာရင်း တိုင်ကြားခဲ့ ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ပုဏ္ဏားကျေးရွာ အုပ်ချုပ်ရေးမှူးမှ မောင်ဇော်နိုင်နိုင်ဌေး မိသားစုဝင်များထံ အကြောင်းကြားခဲ့ပြီး မိဘများက ယင်းနေ့ နံနက်ပိုင်းတွင် သွားရောက် ခေါ်ယူခဲ့ရာမှ သားဖြစ်သူ အဖမ်းခံရသည့် ဖြစ်စဉ်ကို သိရှိခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦး က ပြောသည်။
မောင်ဇော်နိုင်နိုင်ဌေးသည် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အချိန်တွင် ၎င်းခံခဲ့ရသည့် ဖြစ်စဉ်များကို ပြောပြနိုင်ခဲ့သေး သော်လည်း နောက်ပိုင်းတွင် စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက်ချားဖြစ်သွားခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောသည်။
ဦးရွှေစိန်ဦး က “သူပြန်ရောက်လာတဲ့ အချိန် ကျနော့်ကို ငိုယိုပြီး သူဖြစ်ပျက်ခဲ့ တာတွေ၊ သူ ခံခဲ့ရတာတွေကို ပြောပြပါတယ်။ ညနေပိုင်းမှာတော့ သူနားထင်တွေ နာတယ်ဆိုပြီး ပြောတယ်။ ခန္ဓာကိုယ်တွေလည်း နာတယ်လို့ ပြောပြီး သတိလစ်သလို ဖြစ်လာပြီး စစ်သားတွေလာတယ်၊ စစ်သားတွေလာတယ်ဆိုပြီး ပါးစပ်က ကယောင်ချောက်ချား အော်ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ ကျောက်တော် ဆေးရုံကို ပို့ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကတော့ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရ သေးသော်လည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးသည့် အစီရင်ခံစာများအပေါ် မူတည်ပြီး စိစစ်ဆောင်ရွက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ဖုန်းတင့်က“ကျနော်တို့က ရဲစခန်းက တက်လာရင် အဖြစ်မှန်ကို ပြန်စိစစ်ခိုင်းဖို့ ရှိတာပေါ့။ ဟုတ်မဟုတ်ဆိုတာကိုပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးချုက်ဇော်မင်းထွန်းကတော့ မောင်ဇော်နိုင်နိုင်ဌေး ကိစ္စတွင် တပ်မတော်တပ်ဖွဲ့ဝင်များက ဖမ်းဆီး ရိုက်နှက်ခြင်း မရှိဘဲ ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များက တပ်မတော်သားများ အယောင်ဆောင်၍ လုပ်ဆောင် သွားခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်က ဖမ်းသွားတယ်ဆိုပြီး စွပ်စွဲတယ်။ စွပ်စွဲပြီး ဆယ်တန်း ကျောင်းသားက စကားတောင် မပြောနိုင်တော့ဘူး ဆိုပြီး အွန်လိုင်းမှာ တင်တယ်။ သူ့ဖခင်ကိုယ်တိုင်က ပြောတယ်ဆိုပြီး။ တကယ်မြေပြင်မှာ စုံစမ်းကြည့်တော့ တကယ်ဖမ်းတာ AA က ဖမ်းတာ” ဟု ဧရာဝတီသို့ ပြောသည်။
မောင်ဇော်နိုင်ဌေး ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျောက် တော်ဆေးရုံသို့ တက်ရောက်ကုသသော်လည်း အခြေအနေ ကောင်းမလာသဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေ ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ကုခဲ့ရကြောင်း သိရသည်။
ကျောက်တော် အခြေစိုက် အမှတ် (၃၇၅) တပ်ရင်းမှလည်း မဟုတ်မမှန်ပြောဆိုမှုနှင့် မဟုတ်မမှန် သတင်းပြန့်ဝေသည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ကျောင်းသားဖခင် ဦးရွေစိန်ဦးနှင့် ကျောက်တော်မြို့ခံ ဦးကျော်လှမြင့်တို့ကို တရားစွဲ ဆိုရန် ကျောက်တော်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား ကြောင်းလည်း သိရသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော မောင်ဇော်ဇော်ဌေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်က ဧရာဝတီမှ တွေ့မြင်ခဲ့ရာတွင် မိဘများနှင့် ဆွေးမျိုးသားချင်းများကိုပင် မမှတ်မိဘဲ ရေတိုက်ရန်ကိုပင် မိသားစုဝင်များက တွဲထူနေရသည့် အခြေအနေကို တွေ့မြင်ခဲ့ရသည်။
လက်ရှိအချိန်တွင် မောင်ဇော်နိုင်နိုင်ဌေး၏ ကျန်းမာရေး အခြေအနေမှာ ပုံမှန်အနေအထားကို ရောက်မလာဘဲ စိုးရိမ်ရသည်ဟု မိသားစုဝင်များက စစ်တွေဆေးရုံမှ ရန်ကုန်သို့ ပြောင်း ရွေ့ကုသရန် ခေါ်ဆောင်သွားပြီဖြစ်သည်။