ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာမှ ဇနီးမောင်နှံ နှစ်ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်ကြီး ကျည်ဆန်ပေါက်ကွဲမှု ဖြစ်ပွား၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဇနီးမောင်နှံ နှစ်ဦးမှာ ကိုမောင်ဦးထွန်း ၃၃ နှစ်နှင့် မဆန်း ၂၉ တို့ဖြစ်ပြီး စိုက်ခင်းသို့ သစ်လုံးများ ခုတ်ယူရန် လှေဖြင့် သွားရောက်ရင်း တောထဲ၌ ကောက်ရသော လက်နက်ကြီး ကျည်ဆန်တလုံးအား သယ်ဆောင်လာရာမှ လမ်းခရီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သင်ပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။
ဦးသိန်းဝင်း က “ဖြစ်တာကတော့ သူတို့ သစ်လုံးခုတ်ဖို့ ရွာနားက တောထဲကို သွားတယ်။ အဲဒီမှာ လက်နက်ကြီးဆန် ၁ လုံးကောက်ရ တယ်လို့ ပြောတယ်။ အဲဒီကျည်ဆန်ကို အိမ်ပြန်လာတဲ့အခါ လှေပေါ်မှာတင်လာပြီး ကိုင်ကစားကြည့်တယ်နဲ့ တူပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှု စဉ်တွင် ၎င်းတို့ ဇနီးမောင်နှံနှင့်အတူ လှေပေါ်တွင် ရွာသား ၂ ဦး လှေဦးတယောက်၊ ပဲ့တယောက် ထိုင်လျှက် လှေလှော်ကာ လိုက်ပါလာကြောင်း၊ ကိုမောင်ဦထွန်းတို့ ဇနီးမောင်နှံ ၂ ဦးမှာ လှေဝမ်းဝင် ထိုင်ကာ လိုက်ပါလာခဲ့ရာမှ လမ်းခုလတ်တွင် ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပေါက်ကွဲမှုကြောင့် ကိုမောင်ဦးထွန်းမှာ ထိုနေရာ၌ သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မဆန်းဝင်းမှာ ပိုးရွှီးပြင် ဆေးရုံသို့ လှေဖြင့် သယ်ဆောင် လာစဉ် လမ်းတွင် ဆုံးသွားခဲ့ကြောင်း လှေပေါ်တွင် အတူပါလာသော ကျန် ရွာသား ၂ ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
လက်ရှိ အချိန်တွင် သေဆုံးသွားသည့် ဇနီးမောင်နှံ နှစ်ဦး နာရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းများက လိုက်ပါကူညီဆောင် ရွက်ပေးနေကြောင်း ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေး အသင်းမှ ကိုအောင်ကျော်မှ ဧရာဝတီသို့ ပြောသည်။