တပ်အယောင်ဆောင်၍ အရပ်သားများကို နှိပ်စက်မှုရှိလျှင် တိုင်ကြားရန် တပ်ချုပ်ရုံး ထုတ်ပြန်
ရခိုင်ပြည်နယ်တွင်း အရပ်သားများအပေါ် တပ်မတော်တပ်ဖွဲ့ဝင်မှဟုဆိုကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ပါက အရပ်သားများ လာရောက်တိုင်ကြားကြပါဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာလိုက်သည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းတွေ တိုင်လို့ရတယ်။ တပ်ရင်း တပ်ဖွဲ့ စခန်းတွေကို တိုင်လို့ ရတယ်။ တိုင်းစစ်ဌာနချုပ်ကိုလည်း တိုင်တန်း သတင်းပေးလို့ ရပါတယ်။ ရပ်ရွာလုံခြုံရေးနဲ့ ပတ်သတ်ပြီး ထိပါးလာရင် တိုင်ကြားပေးမှလည်း ကျနော်တို့ ချက်ခြင်း အရေးယူဆောင်ရွက် ပေးလို့ရမှာပါ”ဟု ပြောသည်။
တပ်မတော်တပ်ဖွ့ဲဝင်ဟုဆိုကာ အရပ်သားများကို နှိပ်စက်ညှင်းပန်းပါက တိုင်တန်းမှသာ စစ်ဆေးအရေးယူ ပေးနိုင်မည်ဖြစ်ပြီး တပ်မတော်သားအဖြစ် အယောင်ဆောင်နှိပ်စက်ပါက လုပ်ဆောင်သူကို ရာဇဝတ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး တပ်မတော်သားအစစ်မှ ကျူးလွန်ပါကလည်း ဥပဒေအတိုင်း စုံစမ်းအရေးယူ ပေးပါမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “အဓိက ကတော့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်ကြပါ။ ရပ်ရွာ လုံခြုံရေး အတွက်ရော ဖွံ့ဖြိုးတိုးတတ်ရေး အတွက်ရော အကျိုးသက်ရောက် ပါလိမ့်မယ်။ ကြောက်ပြီး မတိုင်ကြားနိုင်ရင် အယောင်ဆောင်တဲ့ ကိစ္စတွေ အထင်မြင်လွဲမှားမှုတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်” ဟုလည်း ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထိုကဲ့သို့ အရပ်သားများအနေဖြင့် နှိပ်စက်ခံရပါက တိုင်ကြားကြရန် ထုတ်ပြန်ရခြင်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်က ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ကြားရှိ AA တပ်ဖွဲ့များ၏ စခန်းတခုကို သိမ်းပိုက်မိခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
လေ့ကျင့်ရေး တပ်စခန်းလုပ်ဆောင်ရန် ပြင်ဆင်နေဆဲ ဖြစ်သည့် AA ၏စခန်းတွင် AA လက်မောင်းတံဆိပ်နှင့် ယူနီဖောင်းများ၊ လက်နက်ခဲယမ်းများ၊ မိုင်းပြုလုပ်သည့် ပစ္စည်းကိရိယာများအပြင် တပ်မတော်အရာရှိနှင့် စစ်သည်များ၏ အဆင့်တံဆိပ်နှင့် ယူနီဖောင်းအသစ်များကို တွေ့ရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
AA ဘက်မှ တပ်မတော် ယူနီဖောင်းများကို အသုံးပြုကာ အရပ်သားများကို ခြိမ်းခြောက်ခြင်း၊ တပ်မတော်နှင့် သွေးကွဲအောင် ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်သဖြင့် အရပ်သားများ တိုင်တန်းကြရန် ကြေငြာရခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အနီးစပ်ဆုံး ပြောရရင် ကျောင်းသားတယောက်ကို တပ်က ဖမ်းသွားတယ်ဆိုပြီး စွပ်စွဲတယ်။ စွပ်စွဲပြီး ဆယ်တန်း ကျောင်းသားက စကားတောင် မပြောနိုင်တော့ဘူး ဆိုပြီး အွန်လိုင်းမှာ တင်တယ်။ သူ့ဖခင်ကိုယ်တိုင်က ပြောတယ်ဆိုပြီး။ တကယ်မြေပြင်မှာ စုံစမ်းကြည့်တော့ တကယ်ဖမ်းတာ AA က ဖမ်းတာ” ဟု ပြောသည်။
သို့သော် မြောက်ဦးတွင် ဖမ်းဆီခံရပြီး ကြောက်လန့်နေသဖြင့် ဆေးရုံတင်ထားရသည့် ဆယ်တန်းကျောင်းသား မောင်နိုင်ဦး ဆိုသူမှာ ဖေဖော်ဝါရီလ ၂၁ ရက်က ကျောက်တော်မြို့၊ ကောင်းကင်သစ်ဆီဆိုင်၌ ဆီထည့်နေစဉ် တပ်မတော်၏ အမှတ် ၅၃၉ တပ်မှ ဖမ်းခေါ်သွားပြီး နှိပ်စက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် ကာယကံရှင်က ပြောဆိုနေသည်။
လက်ရှိတွင် ဆေးရုံတင်ထားရပြီး စိတ်ကစဉ့်ကလား ဖြစ်ကာ ကြောက်လန့်နေသဖြင့် စစ်တွေဆေးရုံသို့ ပို့ရန် ဆောင်ရွက်နေပြီး တပ်မတော်ကိုလည်း ပုဒ်မ ၄ ခုဖြင့် မိသားစုက အမှုဖွင့်ထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ဇန်နဝါရီလ ၃၁ ရက်က ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားသလို ဖေဖော်ဝါရီလ အတွင်းကလည်း မင်းဖူးရွာတွင် အသက် ၁၉ နှစ်အရွယ် မရီရီစိုး ကျည်ထိမှန် သေဆုံးထားသည်။
ဒေသခံများက မရီရီစိုး သေဆုံးမှုမှာ ရွာအတွင်း တပ်မတော်၊ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ပြောဆိုနေသော်လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရွာထိပ်တွင် တပ်မတော်နှင့် AA ပစ်ခတ်မှုဖြစ်ပြီး ကျည်ထိမှန်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မင်းဖူးကျေးရွာတွင် မိုင်းထောင်ပြီး ထွက်ပြေးသည့် အရပ်သား တဦးကိုလည်း ရသေ့တောင်မြို့နယ်၊ စေတီပြင် ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က “စစ်တပ်ကပဲ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ အများကြီး ဖြစ်နေတယ်။ မြောက်ဦးဘက်မှာလည်း အရပ်သား ၅ ယောက်ကို ခေါ်သွားပြီး မီးရှို့သတ်ပစ်တာ ရှိတယ်။ ရသေ့တောင် မယူကမ်းမှာလည်း သူတို့ သေနတ်နဲ့ ပစ်လို့ မရီရီစိုး သေဆုံးပြီး အခြား လူမမယ်ကလေးတွေ ဒဏ်ရာ ရတာတွေ ရှိတယ်” ဟု ပြောသည်။
အရပ်သားများကို ဖမ်းဆီးနှိပ်စက်နေသည်မှာ တပ်မတော်ဖြစ်ပြီး ပဋိပက္ခကာလအတွင်း တပ်မတော်၏ အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း နိုင်ငံတကာစစ်ခုံရုံး (ICC) သို့ တိုင်ကြားမည် ဖြစ်ကြောင်း AA က ပြောဆိုထားသည်။
တပ်မတော်မှ ထုတ်ပြန်သည့် ကျောက်တော်နှင့် မြောက်ဦးကြား စခန်းတခု သိမ်းမိသည်ဟူသည့် အချက်မှာ မှားယွင်းနေပြီး တပ်မတော်ပြောသည့် နေရာတွင် AA မှ စခန်းတည်ဆောက်ထားခြင်း မရှိသလို ထုတ်ပြန် ထားသည့် ဓါတ်ပုံပါ လက်နက်များမှာလည်း AA ၏ ပစ္စည်းများ မဟုတ်ဟု ဦးခိုင်သုခ က ငြင်းဆိုသည်။
ဦးခိုင်သုခက “သူတို့ဘက်က အကျအဆုံးများနေလို့ အဖက်ဆယ်ဖို့ ဒီလိုသိမ်းဆည်းရမိတယ် ဆိုပြီး ပြတဲ့ သဘော လို့လည်း ကျနော်တို့ ထင်ပါတယ်” ဟု ပြောသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA က ဝင်တိုက်ရာမှ စစ်ရေးတင်းမာမှုများ ပိုမြင့်တတ်လာခဲ့သည်။
ရခိုင်ပြည်နယ်တွင်း AA ဘက်မှ အမာခံနယ်မြေများ၊ တပ်စခန်းများ တည်ဆောက်နေမှုကို လက်ခံမည် မဟုတ်ကြောင်းလည်း တပ်မတော်ဘက်က ပြောဆိုထားသည်။
ဦးခိုင်သုခ က “စစ်တပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသလို AA ကို တိုင်းရင်းသား ညီအကိုအဖြစ် သဘောထားတယ်ဆိုရင် သူတို့ အမိန့်ပေးထားတာတွေကို ရုတ်သိမ်းဖို့ လိုတယ်။ ပထမဆုံး သူတို့ဘက်က ရုတ်သိမ်းမှပဲ ရှေ့ဆက် ညှိနှိုင်းလို့ရမှာ။ အမြစ်ပြတ် ချေမှုန်းမယ်ဆိုပြီး ပြောထားတာကို မရုတ်သိမ်းရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တော်တော်လေး အနှောင့်အယှက် ဖြစ်နိုင်တယ်” ဟုဆိုသည်။
နိုင်ငံတော်သမ္မတရုံးကလည်း AA ကို နှိမ်နင်းရန် တပ်မတော်နှင့် သဘောတူခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ဌာနကလည်း AA ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားဆဲ ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ စစ်တိုင်း ၅ တိုင်း အပစ်ရပ်ထားပြီး အပစ်ရပ်စာချုပ် မချုပ်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စာချုပ်များ ချုပ်နိုင်ရေး ဆွေးနွေးမည်ဟု ထုတ်ပြန်ထားသည်။
သို့သော် တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာမှုများ လျော့ကျခြင်းမရှိဘဲ ပဋိပက္ခတွင်း အရပ်သားများ ထိခိုက်မှုများနှင့် ပတ်သတ်၍ နှစ်ဖက်တပ်ဖွဲ့များက အပြန်အလှန် စွပ်စွဲပြောဆိုလျက် ရှိသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင်း နေရပ်ရင်း စွန့်ခွာထွက်ပြေး နေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ဒုက္ခသည် ၂၅၀ ကျော် သောင်တင်လျက်ရှိသည်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်းထန်ကလည်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် အရပ်သား ၃၀၀၀ ခန့် ချင်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်ဖြစ်နေသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။