ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရန်ကုန်တိုင်း မြို့နယ် ၇ ခုရှိ ကလေးသူငယ်များ တယောက်မကျန် ထိုးပေးနိုင်ရန် အတွက် လိုအပ်သည့်မြို့နယ်များတွင် ရက်တိုး၍ ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးနမှ သိရသည်။
မြို့နယ် ၇ မြို့နယ် ဖြစ်သည့် ဒဂုံ အရှေ့၊ ဒဂုံ တောင်၊ ဒဂုံ ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန် တို့ရှိ ခန့်မှန်းခြေ ကလေး ၆ သိန်းကျော်ကို ဝက်သက် ရောဂါနှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေတွင် ၆ သိန်းထက်ပင် ပိုမိုများပြားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးနမှ သိရသည်။
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးက “ကျနော်တို့ ခန့်မှန်ထားတာကတော့ ၁၇ ကနေ ၂၈ ရက်နေ့အထိလို့ ခန့်မှန်းထားတာ အဲဒီရက်ထက် ကျော်ထိုးရမယ့် နေရာတွေလည်း ရှိတယ်။ ကမ်းပိန်း အကုန်လုံးပြီးသွားဖို့ ဆိုတာတော့ ရက် နည်းနည်းလိုဦးမယ်လို့ ထင်တယ်။ လိုအပ်ရင် လိုအပ်သလို ရက်တိုးပြီးတော့ လုပ်မှာပါ။ မြေပြင်မှာ ပိုပြီးတော့များနိုင်တယ်လို့ မျှော်မှန်းတဲ့အတွက် ထပ်ထိုးရ ဖို့တော့ များပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဝက်သက် ရောဂါနှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ပြုလုပ်နေခြင်း ဖြစ်ပြီး မြို့နယ် ၇ မြို့နယ်တွင် ၇၀ ရာခိုင်နှုန်း ဝန်းကျင် ကာကွယ်ဆေးထိုး လွှမ်းခြုံနိုင်မှု ရှိပြီဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။
“ရပ်ကွက်တွေ လမ်းတွေထဲမှာ စစ်ဆေးပြီးတော့ လွတ်နေတဲ့ ကလေး ဘယ်နှယောက်လောက် ကျန်သလဲ လွတ်နေတဲ့ ကလေးတွေ ကျန်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ အဲဒီနေရာမှာ ဆေးထိုးလုပ်ငန်းတွေ လုပ်ဖို့ ညွှန်ကြားထားတော့ ထက်လုပ်နေတာတွေ ရှိပါတယ်” ဟု ဒေါက်တာ အောင်နိုင်ဦး က ဆိုသည်။
အင်းစိန်မြို့နယ်တွင် နေထိုင်သည့် မဝေယံ က “ရပ်ကွက်ထဲမှာ ဆေးလာထိုးတာကို အကြောင်းကြောင်းကြောင့် မထိုးဖြစ်ဘူးဆိုရင် extension ၃ ရက်ကို ဒေသန္တရဆေးခန်းမှာ လာပြီးထိုးလို့ရတယ်လို့ ပြောထားတယ်။ အမကလေးက မထိုးရသေးတော့ ဒေသန္တရ ဆေးခန်းမှာပဲ သွားထိုးရမှာပေါ့” ဟု ပြောသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် တဝှမ်း ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်းကို ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။
နိုင်ငံတဝှမ်း ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်တွင် တကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တကြိမ် ပြုလုပ်ခဲ့သည်။
ဝက်သက် ကာကွယ်ဆေးသည် အသက် ၅ နှစ်အောက် ကလေးငယ်များအနေဖြင့် ၉ လတွင် တကြိမ် ၁၈ လတွင် တကြိမ် စုစုပေါင်း ၂ ကြိမ် ထိုးပေးမှသာ ကာကွယ်မှု အပြည့်အဝကို ရရှိမည်ဖြစ်သော်လည်း အသက်ကြီးသူများ အနေဖြင့်မှု တကြိမ်ထိုးရုံဖြင့် လုံလောက်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောကြားထားသည်။
ဝက်သက်ရောဂါ ဖြစ်ပွားမှုသည် ၂၀၁၇ ခုနှစ်တွင် မြန်မာ တနိုင်ငံလုံး အနေဖြင့် ၁၂၉၃ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၂၇၆ ဦးနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တနိုင်ငံလုံးတွင် သံသယ ရှိလူနာ ၄၃၂ ဦးအနက်မှ ဓာတ်ခွဲစစ်ဆေး အတည်ပြုချက် ယူပြီးသူ ၂၇၆ ဦးရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်တိုင်း ၇ မြို့နယ် ဝက်သက် ရောဂါ ကူးစက် ပျံ့နှံ့နေ