မျက်မမြင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခံရသည်ဟုဆိုကာ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်ကို တိုင်ကြားထားသော အမှုကို မှားယွင်းတိုင်ကြားမှုဖြင့် အလုံမြို့ မရဲစခန်းက ပိတ်သိမ်းလိုက်ပြီးနောက် စွပ်စွဲခံရသူက ပြန်လည် တရားစွဲမည်ဟု ၎င်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
တရားစွဲဆိုမှုများကို တပတ်အတွင်းပြုလုပ်သွားမည်ဟု ဖေဖော်ဝါရီ ၂၇ရက်က ရန်ကုန်မြို့ရှိ city star ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် တစ်လင်တစ်မယားဥပဒေ ပုဒ်မ (၁၃)ဖြင့် စွပ်စွဲတိုင်ကြားခံရသူ ဦးအောင်ကိုမြင့် ၏ဥပဒေနှင့်အညီ ဆောင်ရွက် ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးခင်မောင်မြင့်က “ကျနော်တို့ လိုအပ် တဲ့ ဥပဒေတွေနဲ့အညီ အရေးယူ ပါမယ်။ အရေးယူနိုင်တဲ့ ဥပဒေပုဒ်မ ကျနော်တို့ တပ်ခွင့်မရှိပါဘူး။ သို့သော် နိုင်ငံတော်မှာ ပြဌာန်းထားတဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေးဥပဒေနဲ့ ဆောင်ရွက်ပါမယ်။ နောက်ပြီး ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးမှာပါတဲ့ မှားယွင်းတိုင်ကြားတဲ့ဥပဒေ ပုဒ်မ(၄)နဲ့ပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ ၂ ဦးအောင်ကိုမြင့်က မျက် မမြင် အမျိုးသမီး မနာခါးရှီးကို အလိုမတူပဲ သားမယားအဖြစ်ပြုကျင့် လိင်အမြတ်ထုတ်ခဲ့သည်ဟုဆိုကာ ၎င်းအမျိုးသမီးနှင့် ဦးလေး တော်စပ်သူလည်းဖြစ် အုပ်ထိန်းသူလည်းဖြစ်သည့် ဦးမာကုက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က အလုံ မြို့မရဲစခန်းတွင် တစ်လင်တစ်မယား ဥပဒေပုဒ်မ (၁၃)ဖြင့် အမှုဖွင့်ခဲ့သည်။
ရဲစခန်းက ဦးအောင်ကိုမြင့်အား ခေါ်ယူစစ်ဆေးပြီးနောက် ၄ လအကြာတွင် စွပ်စွဲတိုင်ကြားမှုအား ဥပဒေကြောင်း အရ မှားယွင်းစွာ တိုင်ကြားမှုအဖြစ် သတ်မှတ်ဆုံးဖြတ်ပြီး အမှုပိတ်သိမ်းခဲ့သည်။
၎င်းအမှု ပိတ်သိမ်းခံရမှုနှင့်ပတ်သက်ပြီး လိင်အမြတ်ထုတ် ကျူးလွန်ခံရသူဟုဆိုသည့် မနော်ခါးရှီးဘက်ကလည်း ပြန်လည်အမှုဖွင့် စစ်ဆေးပေးပါရန် နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးထံ ဖေဖော်ဝါရီလအတွင်းက တိုင်ကြားစာပေးပို့ထားသည်ဟု မနော်ခါးရှီးဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးသည့် မနော်ဇာဖြူသန့်က ဆိုသည်။
ဦးအောင်ကိုမြင့်၏ ဥပဒေအကြံပေးကလည်း မမှန်မကန် စွပ်စွဲသည့်အမှုကို ဥပဒေနှင့်အညီ ပိတ်သိမ်း ပြီးဖြစ်ကြောင်း၊ ဦးအောင်ကိုမြင့်၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာထိပါးမှုကို ဆောင်ရွက်ခဲ့သူ များကို ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ဘက်က အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်ကနေ တရားစွဲဆိုပြီး တရားရုံးမှာ စွပ်စွဲတိုင်ကြားမှု မှန်လား။ မမှန်လား။ တရားရုံးရဲ့အဆုံးအဖြတ် ကျနော်တို့ခံယူမယ်။ ဦးမာကုကိုတော့ ကျနော်တို့ကို စွပ်စွဲပြီး မှားယွင်းတိုင်ကြားတာတွေနဲ့ ပြန်လည်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ဦးအောင်ကိုမြင့်က အမှုစတင်ဖွင့်ခဲ့သည့် အောက်တိုဘာလအတွင်းမှစပြီး ယနေ့အထိ လူမှုကွန်ရက် နှင့် အချို့မီဒီယာများမှ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲတိုက်ခိုက် အသရေဖျက်နေသူများ၏လုပ်ရပ်ကို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူရန် ဆောင်ရွက်မည်ဟု သိရသည်။