ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၁ နှစ် သက်တမ်းတိုးခြင်းကို အတည်မပြုသဖြင့် ဖျက်သိမ်းခံရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော် လွှတ်တော်တွင် သူရ ဦးရွှေမန်း ဦးဆောင်သည့် အထူးကော်မရှင် ၁ နှစ်ထပ်မံ သက်တမ်းတိုးခြင်းကို လွှတ်တော်၏ သဘောထား ရယူရာတွင် ထောက်ခံသူ ၂၀ ဦး၊ ကန့်ကွက်သူ ၅၅၅ ဦး၊ ကြားနေသူ ၁၀ ဦး ရှိသဖြင့် သက်တမ်း မတိုး တော့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
သူရ ဦးရွှေမန်း၏ အထူးကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ပြီး ကော်မရှင်၏ သက်တမ်းမှာ ၁ နှစ် ဖြစ်သည်။ ကော်မရှင် ၁ နှစ် သက်တမ်းတိုးတိုင်း တပ်မတော်က ကန့်ကွက်လေ့ရှိပြီး ယနေ့ သက်တမ်းတိုးရာတွင်လည်း ကန့် ကွက်ခံရသဖြင့် မဲခွဲဆုံးဖြတ်ရာ ယခုရလဒ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
“သူ့(ဦးရွှေမန်း)ကို ကျနော်တို့ပါတီက လက်တွဲခေါ်လာခဲ့တာ။ ဒိုင်လူကြီး သဘောမျိုးပေါ့။ အခုလို နိုင်ငံရေးမှာ ဝင်ကစားမယ် ဆို ရင်တော့ ဒိုင်လူကြီး လုပ်လို့ မရတော့ဘူး။ အဲဒါကြောင့်ပါ”ဟု အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
သူရ ဦးရွှေမန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီကို တည်ထောင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်လိုက်ပြီ ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတခု တည်ထောင်ရာတွင် တတပ်တအား ပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေညာထားသည်။
ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို မသိရှိသေးဘဲ ကော်မရှင်ရုံးတွင် အလုပ်လုပ်နေဆဲ ဖြစ်ကြောင်း၊ ယခုရလဒ်ကို လွှတ် တော်က တရားဝင် အကြောင်းကြားလာပါက ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထူး ကော်မရှင် အဖွဲ့ ဝင် ဗိုလ်ချုပ်ဟောင်း ဦးကိုကိုနိုင်က ဧရာဝတီသို့ ပြောသည်။
အထူးကော်မရှင်၏ အနာဂတ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီလလယ်ပိုင်းက One News Myanmar နှင့် အင်တာဗျူးတခုတွင် ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ကြား သဘောတူညီမှုဖြင့် ဖွဲ့ စည်းထားခြင်း ဖြစ်၍ ရှေ့ မည်သို့ ဆက်ဖြစ်မည် ဆိုသည်မှာ ၎င်းတို့ ၂ ဦး၏ ဆွေးနွေးဆုံးဖြတ်မှုပေါ်တွင် မူတည်ကြောင်း သူရ ဦးရွှေမန်းက ဖြေကြားခဲ့သည်။
သူရ ဦးရွေမန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေး ထူထောင်ထားသူတဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မီ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဌ ဘဝတွင် သန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာမည်ကြီးသည့် ဖြစ်စဉ်နှင့် ရာထူးမှ ဖြုတ်ချခံရပြီး ရွေးကောက်ပွဲကို သာမန်ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့ သူတဦး ဖြစ်ပြီး တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇေယျသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် အရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့သည်။
ယခုအခါ ၎င်းသည် နေပြည်တော်တွင် နေထိုင်လျက်ရှိပြီး ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေသည်။
ဆက်စပ်ဖတ်ရှုရန် – သူရ ဦးရွှေမန်း ဦးဆောင်မည့် UBP ပါတီ မှတ်ပုံတင်