သတင်း

ARSA ခေါင်းဆောင်တဦး သေဆုံးမှု လက်စားချေ သတ်ဖြတ်

Want create site? Find Free WordPress Themes and plugins.

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ် ရဲအဖွဲ့က အကြမ်းဖက် ဆန့်ကျင်ရေးတပ်ဖွဲ့ (Rapid Action Battalion -RAB) နှင့် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတခုတွင် သေဆုံးခဲ့ရသည့် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) မှ တပ်မှူးတဦး ဖြစ်သည့် နရူးလ် အလမ် နှင့် ပတ်သက်သော သတင်းအချက်အလက်များ ဝေမျှပေးခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ထိုနေ့ ညနေပိုင်းက ကော့ဗဇား ခရိုင် တက်ခ်နဖ် Teknaf ရှိ မူချူနီ Muchuni ဒုက္ခသည်စခန်းတွင် ဆေးဘက်ဆိုင်ရာ အကူတဦး ပစ်သတ်ခံရပြီး ကွန်ပျူတာသမားတဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ဆေးဘက်အကူ တယောက်ဖြစ်သည့် အသက် ၄၁ နှစ်အရွယ် မိုဟာမက် ဟာမစ်၏ အလောင်းကို စခန်းအနီးမှ သစ်တော ဧရိယာတွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရသည်။ နရူးလ် အလမ်ကို ထောက်ခံသူများက အဆိုပါ ဆေးဘက်အကူကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး နာရီ အနည်းငယ်အကြာတွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ကွန်ပျူတာ အော်ပရေတာ ဟာဆန်အလီမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် မူချူနီ ဒုက္ခသည်စခန်း၌ သေနတ်နှင့် အပစ်ခံခဲ့ရခြင်း ဖြစ်သည်။

“ရဲတပ်ဖွဲ့က သတင်းရတာနဲ့ အခင်းဖြစ်ပွားရာကို အမြန်ဆုံး သွားရောက်ခဲ့ပါတယ်။ ဟာဆန်အလီကို ခရိုင်ဆေးရုံကို ပို့ပေးခဲ့ ပါတယ်။ မိုဟာမက် ဟာမစ်ရဲ့ အလောင်းကိုတော့ ညပိုင်းမှာ တွေ့ရှိခဲ့ရပါတယ်” ဟု တက်ခ်နဖ်နှင့် အူခီယာကို တာဝန်ယူရသည့် ရဲအဖွဲ့မှ အရာရှိတဦးဖြစ်သည့် နိဟတ်အဒ်နန်တလန်က ပြောသည်။

အသတ်ခံခဲ့ရသည့် နရူးလ် အလမ်ကို ထောက်ခံသူများက ဒေါက်တာ ဟာမစ်ဟု သိကြသည့် မိုဟာမက် ဟာမစ် အလုပ် လုပ်သည့် ဆေးခန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သူ့အလောင်းကို အနီးရှိ သစ်တောသို့ ယူဆောင်သွားခဲ့ကြကြောင်း ရဲအရာရှိက ဆိုသည်။

နရူးလ် အလမ်၏ အပေါင်းပါများက ဒေါက်တာဟာမစ်ကို ပစ်မှတ်ထားခဲ့ကြပြီး နရူးလ် အလမ်နှင့် ပတ်သက်သည့် သတင်းအချက်အလက် များ မျှဝေခဲ့ခြင်းအတွက် လက်စားချေသည့်အနေဖြင့် သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲ အရာရှိ နိဟတ်အဒ်နန်တလန်ကက သံသယ ရှိနေသည်။

တက်ခ်နဖ် ရဲတပ်ဖွဲ့ နှင့် စစ်တပ်က အခင်းဖြစ်ပွားရာသို့ အလျှင်အမြန် သွားရောက်ခဲ့ကြပြီး တွေ့ရှိသည့် မိုဟာမက် ဟာမစ်၏ အလောင်းကို ခရိုင်ဆေးရုံသို့ ပို့ပေးခဲ့ကြသည်။

နရူးလ် အလမ် က၂၀၁၆ ခုနှစ်မှ စတင်၍ လူသတ်ခြင်းနှင့် လုယက်တိုက်ခိုက်ခြင်း အပါအဝင် ဒေသတွင်းမှ ရာဇဝတ်မှု အများအပြား၌ ပါဝင်ခဲ့သည် သို့မဟုတ် ဦးဆောင်စီစဉ်ခဲ့သည်ဟု ဆိုကြသည်။ မှတ်သားဖွယ်ရာ အဖြစ်ဆုံး ကိစ္စမှာ ၂၀၁၆ ခုနှစ် မေလတွင် တက်ခ်နဖ်ရှိ Nayapara ရိုဟင်ဂျာ စခန်းအနီးရှိ လုံခြုံရေး စခန်းတခုမှ လက်နက်များ ဝင်ရောက် တိုက်ခိုက် လုယက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အတွင်းတွင် လုံခြုံရေး တပ်ရင်း၏ တပ်မှူး သေဆုံးခဲ့ရသည်။

တက်ခ်နဖ် ခရိုင်ခွဲ Damdamia ရွာအနီးမှ လမ်းဘေးတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက RAB နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲ တခုတွင် နရူးလ် အလမ် သေဆုံးခဲ့သည်။

“ကျနော်တို့ သတင်းအချက်အလက်တွေ စုဆောင်းနေပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေပါတယ်” ဟု RAB ၏ တက်ခ်နဖ် တပ်မှူး ဗိုလ် မိုင်ဇာ ရှာဟတ်မာတပ် က ဒါကာအခြေစိုက် သတင်းစာ တစောင်ဖြစ် သည့် New Age သို့ပြောသည်။

မိုဟာမက် ဟာမစ်ကို သတ်ဖြတ်သူများ၏ အချက်အလက်များနှင့် ပတ်သက်၍ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိ ရသေးကြောင်း၊ သို့သော်လည်း ဧရိယာအတွင်းတွင် ပူးတွဲ ကင်းလှည့်မှုများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ယခုအချိန်အထိ မည်သူ့ကိုမျှ ဖမ်းဆီး အရေးယူမှု မပြုလုပ်ရသေးကြောင်းနှင့် တက်ခ်နဖ် ရဲတပ်ဖွဲ့တွင် အမှုမဖွင့်ရသေးကြောင်း သိရသည်။

မိုဟာမက် ဟာမစ်က အစိုးရ တာဝန်ရှိ အေဂျင်စီများအတွက် သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဒေသခံ ရိုဟင်ဂျာများက ယုံကြည်ကြသည်။ မိုဟာမက် ဟာမစ် အသတ်ခံရခြင်း၏ နောက်ကွယ်တွင် နရူးလ် အလမ်၏ လက်ထောက်ခေါင်းဆောင် ဆဒက် Sadek ရှိနေသည်ဟု ရဲအဖွဲ့တာဝန်ရှိသူများက ယုံကြည်ထားကြသည်။

ဧရာဝတီက မိုဟာမက် ဟာမစ်၏ မိသားစုကို ဆက်သွယ်ခဲ့သည့် အချိန်တွင် သူတို့က မှတ်ချက်ပေးရန် ဆန္ဒ မရှိကြပါ။

ရဲအဖွဲ့တွင် အမှုမဖွင့်ရသေးသော်လည်း သတ်ဖြတ်သူများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ရှာ ဖွေနေဆဲ ဖြစ်သည်။

(Muktadir Rashid သည် ဒါကာအခြေစိုက် ဧရာဝတီ သတင်းထောက်ဖြစ်ပြီး ၎င်း၏ ‘Revenge’ Killing Following Death of ARSA Leader ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်အာဆာ ခေါင်းဆောင်တဦး ပစ်ခတ်မှုအတွင်း သေဆုံးဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading