ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပန်းနီလာ ကျေးရွာ အနီး ဖေဖော်ဝါရီလ၂၇ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသော ယာဉ်တန်း တိုက်ခိုက်ခံရသည့် အတွက် တပ်ဖွဲ့ဝင် တချို့ ကျဆုံးမှုများ ရှိကြောင်း သတင်း ရရှိသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာတွင် ယနေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းထားသော ရဲကား တစီးနှင့် ထိခိုက် ပျက်စီးနေသော ဆလွန်းကား အဖြူရောင် တစီးကို တွေ့ခဲ့ရသည့် အပြင် သေဆုံးနေ သည့် ရဲတပ်ဖွဲ့ဝင် အလောင်း တချို့ ကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဒေသခံ ကျေးရွာသားများနှင့် လိုင်းကားသမား တချို့က ပြောဆိုကြသည်။
ယင်းအပြင် ပန်းနီလာ ကျေးရွာ၏ တောင်ဘက် တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာနှင့် တမိုင်ခန့် အကွာ တွင်လည်း အနည်း ငယ် ထိခိုက် ပျက်စီးနေသော ရဲကား၂ စီးကိုလည်း လမ်းဘေးတွင် ရပ်ထားသည် ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။
ပန်းနီလာ ကျေးရွာသား တဦးက “မနေ့က ကျနော်တို့ ရွာနားမှာ ပထမ ပေါက်ကွဲသံ တခု ကြားရ တယ်။ ပြီးရင် သေနတ် ပစ်ခတ်သံကိုလည်း ဆက်ကြားရပါတယ်။ ကားတစီးကတော့ ညကတည်း မီးလောင်နေတာကို မြင်ရပါတယ်။ ရွာက လူ တွေကတော့ ကြောက်ပြီး တယောက်မှ သွားမကြည့်ရဲ ကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ပုဏ္ဏားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းကို မေးမြန်းရာတွင် ဖြစ်စဉ် အသေးစိတ်ကို ပြော၍ မရသေးကြောင်း ဆိုသည်။
ရဲမှူး ငြိမ်းချမ်းက “ဖြစ်စဉ်ကို ပြောလို့ မရသေးဘူး။ ဆောင်ရွက်ဆဲ အခြေအနေ မို့လို့ပါ။ တိုက်ခိုက်တာ ကတော့ လတ် တလော မိုင်းခွဲ တိုက်ခိုက်ခံရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ယမ်နေ့ ညက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း Facebook ပေါ်တွင် ပျံ့နှံခဲ့သော်လည်း NLD ပါတီနှင့် နီးစပ်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက တော့ ထိုသတင်းမှာ ကောလဟလ သာ ဖြစ်ပြီး ဝန်ကြီးချုပ်မှာ နေပြည်တော်တွင် ရှိနေကြောင်းကို ပြောဆိုသည်။
ဧရာဝတီမှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကို ဆက်သွယ်ခဲ့ရာ “လောလောဆယ်တော့ ပြောလို့ မရသေးပါဘူး ခင်ဗျ။ ကျနော်တို့ ဆောင်ရွက်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်” ဟု ပြော သည်။
တိုက်ခိုက်ခံရသည့် လုံခြုံရေး ယာဉ်တန်းတွင် အစိုးရ အဖွဲ့ဝင် လူကြီးများနှင့် ဌာန ဆိုင်ရာ အရာရှိများ မည်သူ မည်ဝါ ပါဝင် ကြောင်းနှင့် ထိခိုက် ဒဏ်ရာ ရရသည့် ဖြစ်စဉ်များကို မသိရသော်လည်း ယင်း ယာဉ်တန်းမှာ ကျောက်တော်ဘက်မှနေ စစ်တွေသို့ လာရောက်စဉ် တိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ထံမှ စုံစမ်း သိရှိရသည်။
တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ယမန်နေ့ ညနေပိုင်းကတည်းက အိမ်ခြေ ၂၀၀ ကျော်ရှိသော ကျေးရွာသား များမှာ နီးစပ်ရာ ကျေးရွာများသို့ လက်ရှိ အချိန်အထိ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်းလည်း သိရသည်။
ယခုအချိန်တွင် တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး မိုင်းရှင်း လင်းရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေသည်ကို မြင်တွေ့ ရကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောဆိုသည်။