သတင်း

တပ်မတော် အရာရှိဟောင်း အသတ်ခံရမှု စုံစမ်းနေဆဲဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့လယ်ခေါင်၌ အမည်မသိ သေနတ်သမား တဦး ပစ်ခတ်မှု ကြောင့် သေဆုံးသွား သော တပ်မတော် အရာရှိဟောင်း တဦး၏ အမှုတွင် ကျူးလွန်သူအား စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်း ရရှိသည်။

တပ်မတော်က အငြိမ်းစားယူ၍ စီးပွားရေး လုပ်ကိုင်နေသူ ဦးရန်လင်းအောင်သည် ယမန်နေ့ ည ၇ နာရီခွဲအချိန်၌ အောင်ဆန်းလမ်းနှင့် ရွှေဖီဦး လမ်းထောင့်ရှိ ပေါ်လွင်ကားဂိတ် အနီးတွင် အမည်မသိ သေနတ်သမား တဦး ၏ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးမှ ဒုရဲမှူးကြီး စန်းဝင်းက “စုံစမ်းနေတုန်းပဲ။ အိမ်အပြန်မှာ ပစ်သတ်ခံရတာ။ ပူးပေါင်းပြီးတော့ လက်နက်ကိုင်ဆောင်တဲ့ အပေါ် စုံစမ်း ထောက်လှမ်းနေတာပေါ့။ ဘယ်သူတွေ ဖြစ်နိုင်သလဲ ဆိုတာပေါ့” ဟု ပြောသည်။

ဦးရန်လင်းအောင်သည် တပ်မတော်က ဗိုလ်ကြီး အဆင့်နှင့် အငြိမ်းစား ယူထားသူ တဦးဖြစ်ပြီး ကျောက်မဲမြို့တွင် နန်း ဟော် အမည်ဖြင့် KTV လုပ်ငန်း လုပ်ကိုင်နေသလို တိုက်ခန်းနှင့် မြေ အရောင်းအဝယ် လုပ်ငန်းများလည်း လုပ်ကိုင်သူ ဖြစ် ကြောင်း ဒေသခံများက ပြောဆိုသည်။

ရှမ်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “သူက ည ၇ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ပစ္စည်း လာဝယ် တယ်။ လူတယောက်က ဆိုင်ကယ်စီး လာပြီးတော့မှ သူ့ကို လက်နက် အသေးနဲ့ ဒီတိုင်း ရင်အုပ်ကို ပစ်လိုက်တယ်။ အဲဒီ တော့ သူ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ မြို့လယ်မှာ ဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ဦးရန်လင်းအောင်သည် စိတ်ထား ကောင်းမွန်သူ ဖြစ်ပြီး မည်သည့် အတွက်ကြောင့် အသတ်ခံရ သည်ကိုမူ မသိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဦးစိုင်းထွန်းဉာဏ်က “သူ့ ပုဂ္ဂိုလ်ရေးကြောင့် အဲဒီလို ပစ်ခတ်တာလား၊ သူက ငွေရေး ကြေးရေးပိုင်းမှာ တော်တော် ရှိတယ်။ သို့မဟုတ် သူက စစ်တပ် အရာရှိထွက်ဆိုတော့ အခြား ကိစ္စတွေနဲ့ ပတ်သက်လား ဆိုတာ ဖြစ်နိုင်ခြေကိုပဲ ပြောပြတာပါ။ ဆက်ကြေး မပေးလို့ ပစ်တာတို့၊ အဲဒါတွေကတော့ ခန့်မှန်း ပြောကြတာပါ။ တခြား လုပ်ငန်း ကိစ္စတွေလည်း ရှိတယ်လေ။ တခြား တိုက်ခန်းတို့ မြေတို့ အရောင်းအဝယ် ရှိတယ်။ အဲဒီလိုမျိုး ကိစ္စကြောင့်လား သို့မဟုတ် စစ်ရေး စစ်ရာ ကိစ္စမှာ သူတို့ က ပါဝင် ပတ်သက်မှု ရှိလား ကျနော်တို့ မသိဘူးပေါ့နော်”ဟု ဆိုသည်။

ဦးရန်လင်းအောင် သေဆုံးခြင်းသည် လက်နက်ကိုင် အဖွဲ့များက အခွန်ကောက်(ဆက်ကြေး) ခြင်းကို မပေးခြင်း၊ စီးပွားရေး လုပ်ငန်း အရ အငြင်းပွားမှု ဖြစ်ခြင်း သို့မဟုတ် စစ်ရေး ဆိုင်ရာ ကိစ္စများ ကြောင့် စသဖြင့် ဆက်စပ်မှု ရှိနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုလျက်ရှိသည်။

ကျောက်မဲမြို့မှ ဇီဝိတ လူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက “သူက တပ်မတော် အငြိမ်း စား တယောက် စီးပွားရေး လုပ်ငန်းရှင်၊ သေနတ်နဲ့ ပစ်ခံရ တဲ့ နေရာက လက်နက်ကိုင် အဖွဲ့အစည်း တွေ ရှိတဲ့ နေရာ၊ တရား ဥပဒေ စိုးမိုးမှု မရှိတဲ့ နေရာတွေမှာ ဖြစ်တာပါ။ အခု ပစ်ခံရတာ လက်နက် ကိုင် အဖွဲ့အစည်းထဲကပဲ ဖြစ်တယ် လို့ ယူဆကြတာပေါ့။ နောက် သူက KTV ဖွင့်ထားတာ လူတွေ အခု လတ်တလော သုံးသပ်နေတာတော့ အခွန်ကောက် ရာသီဆိုတဲ့ အခါကျ တော့ သူ့ဆီ အခွန် ကောက် မကောက်တော့ မသိ ဘူး” ဟု ပြောသည်။

ကျောက်မဲမြို့နယ် အတွင်း၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ အခြေပြု လှုပ်ရှားလျက် ရှိသည်။

ကျောက်မဲမြို့နယ် အတွင်း အခွန်ကောက်ခံမှုများကြောင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား တိုက်ပွဲ များ ဖြစ်ပွားလေ့ ရှိပြီး တချို့တပ်ဖွဲ့ဝင်များကိုလည်း ဖမ်းဆီး အရေးယူမှုများလည်း ရှိကာ၊ တရုတ်ပြည်သို့ တရားဝင် တင်ပို့ သည့် နွားကားမောင်းသူများလည်း မကြာခဏ ပစ်ခတ် ခံရလေ့ ရှိကြောင်းနှင့်၂၀၁၈ ခုနှစ် အတွင်း၌လည်း ဘုန်းကြီးတပါး အား ၎င်းသီတင်းသုံးသည့် ကျောင်းဝန်းထဲတွင် ပစ်သတ်ခံခဲ့ရဖူးကြောင်း သိရသည်။

လက်ရှိတွင် ဦးရန်လင်းအောင် သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်မဲ မြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ထားပြီး မည်သည့် လက်နက်ကိုင် အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရှိရသေးကြောင်း ကျောက်မဲမြို့ ဒေသခံများက ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ကျောက်မဲ ရဲစခန်းသို့ ဆက်သွယ်ရာတွင် တာဝန်ရှိသူ အပြင်ထွက်သွား၍ ဟု ဆိုကာ ဖြေဆိုခြင်း မရှိခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading