အိမ်နီးချင်းနှင့် စစ်မက်ဖြစ်လုနီး အခြေအနေကို ဖြေလျော့ရန် ဖမ်းဆီးထားသည့် အိန္ဒိယလေသူရဲကို မနက်ဖြန် ပြန်လွှတ် ပေးမည်ဟု ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန် ခန်းက ယနေ့ ပါလီမန်တွင် ပြောကြောင်း Reuters သတင်းကဆိုသည်။
“ငြိမ်းချမ်းမှုကို ပြတဲ့အနေနဲ့ မနက်ဖြန် ကျနော်တို့ သူကို လွှတ်မှာပါ”ဟု ၎င်းက ပါလီမန်တွင် ပြောဆိုခြင်းဖြစ် သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပါကစ္စတန်၏ ကြေညာချက်နှင့် ပတ်သက်၍ သတင်းကောင်းတရပ်အဖြစ် မြင်ကြောင်း ပြောသည်။
ပါကစ္စတန် နိုင်ငံ ခြားရေး ဝန်ကြီး ရှား မာမွတ် ကူရက်ရှီက “တကယ်လို့ (အိန္ဒိယ)လေယာဉ်မှူးကို ပြန်လွှတ်ပေးပြီး တင်းမာ မှု လျှော့ချနိုင်မယ်ဆိုရင် ပါကစ္စတန်အနေနဲ့ စဉ်းစားပေးဖို့ လိုလားပါတယ်။ အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှု အားလုံးအတွက် ကျနော်တို့ အသင့်ပါပဲ” ဟု ပြောဆိုမှုအပြီး ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက ထိုသို့ ပြောဆိုခြင်းဖြစ် သည်။
ပါကစ္စတန်အနေဖြင့် မလိုမုန်းထားမှုများ ဖြစ်ပွားလာစဉ်ကတည်းက ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေခဲ့ ကြောင်း အခိုင်အမာ ပြောကြားပြီး၊ အိန္ဒိယက အကြမ်းဖက်ဝါဒ နှင့် ပတ်သက်၍ ဆွေးနွေးချင် ပါကလည်း အသင့်ရှိကြောင်း ပြောသည်။
“ဘုရားသခင်က စစ်မဖြစ်ကြဖို့ တားမြစ်ထားပါတယ်။ စစ်ဖြစ်ရင် ပါကစ္စတန် ထိခိုက်ပါလိမ့်မယ်။ အိန္ဒိယလည်း စီးပွားပျက်မှာ မဟုတ်လား” ဟု ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဆက်လက်ပြောကြားခဲ့သည်။
ပါကစ္စတန်က ဖမ်းဆီးထားသည့် တိုက်လေယာဉ်မှူးမှာ အဘင်နန်ဒန်ဗာ ဟု စစ်ကြောဖော်ထုတ် ရရှိပြီး ပါကစ္စတန်ရုပ်သံမှ ထုတ်လွှင့်ခဲ့ရာ လေယာဉ်အမျိုးအစား(သို့မဟုတ်) သူထမ်းဆောင်ရသော တာဝန်ကို မေးမြန်းရာ လေယာဉ်မှူးက ဖြေကြား ရန် ငြင်းဆန်နေပုံများ ပါဝင်သည်၊ ၎င်း၏ လေယာဉ်ကို ကက်ရှ်မီးယား နယ်မြေတွင် ယမန်နေ့က ပစ်ချခံရပြီး အရှင်မိခဲ့ခြင်း ဖြစ်သည်။