သတင်း

ထရမ့်-ကင်မ် ထိပ်သီးအစည်းအဝေး သဘောတူညီချက် မရခဲ့

ဗီယက်နမ်နိုင်ငံ၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့၏ ဒုတိယအကြိမ်ထိပ်သီးတွေ့ဆုံမှုမှာ သဘောတူညီချက်တရပ် ထွက်ပေါ်လာခြင်း မရှိခဲ့ပဲ နှစ်နိုင်ငံကြားဆွေးနွေးမှုများမှာ အနာဂတ်တွင် ဆက်လက်ညှိနှိုင်းသွားမည်ဟု ဆိုသည်။

ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစင်ရေးအတွက် ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဆာရတ်စန်ဒရာက ပြောသည်။ “အခုအချိန်မှာတော့ ဘာသဘောတူညီချက်မှ မရသေးပေမယ့် သူတို့ရဲ့အဖွဲ့ကိုယ်စီတို့က အနာဂတ်မှာ ဆက်လက်ဆွေးနွေးနိုင်ဖို့ မျှော်လင့်စောင့်စားနေတုန်းပါ” ဟု သူမက ပြောသည်။

ထရမ့်နှင့်ကင်မ်တို့အကြား တွေ့ဆုံခဲ့သည့် အစည်းအဝေးများသည် “လွန်စွာ ကောင်းမွန်ပြီး အပြုသဘောဆောင်ကြောင်း” စန်ဒရာက ပြောဆိုနေဆဲဖြစ်သည်။

အစောပိုင်းက ကြာသပတေးနေ့တွင် စီစဉ်ထားသော ထိပ်သီးစေ့စပ်ညှိနှိုင်းသည့် အစည်းအဝေး ကျင်းပမည့် ဟိုတယ်တွင် ထရမ်နှင့်ကင်မ်တို့ကို အတူမတွေ့ရတော့ပေ။

ပူးတွဲသဘောတူညီချက်တခု လက်မှတ်ရေးထိုးမည့်အခမ်းအနားကို ဖျက်သိမ်းလိုက်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ဗီယက်နမ်နိုင်ငံတွင် ဆွေးနွေးမှု ဒုတိယနေ့၌ ၎င်းတို့ထိပ်သီးအစည်းအဝေးအစီအစဉ်ကို အချိန်တိုအတွင်း ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်တွင် ပြုလုပ်သည့် ဆွေးနွေးမှု၌ ထရမ့်နှင့် ကင်မ်နှစ်ဦးစလုံးက အစောပိုင်းတွင် ဆက်ဆံရေးတိုးတက်လာမှုနှင့် အဓိကကိစ္စရပ်ဖြစ်သော နျူးကလီးယားကင်းစင်ရေးတို့အပေါ် မျှော်လင့်ချက်ကို ပြသခဲ့ကြသည်။

ထရမ့်သည် ကင်မ်နှင့်အတူ ၎င်းတို့ ထိပ်သီးဆွေးနွေးမှု၏ နိဂုံးအဖြစ် ပူးတွဲသဘောတူညီချက် လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်း အိမ်ဖြူတော်မှ ကနဦးကြေညာချက်က ဆိုသည်။

ယင်းသို့ အစီအစဉ်အပြောင်းအလဲဖြစ်ပေါ်သည့် သတင်းကြောင့် တောင်ကိုရီးယား စတော့ဈေးကွက်နှင့် ငွေကြေးလဲလှယ်နှုန်းတို့မှာ ကျဆင်းသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် နျူးကလီးယားနှင့် ဒုံးကျည်အစီအစဉ်အားလုံး စွန့်လွှတ်ရန် တောင်းဆိုထားသည့်အချိန်အတွင်း မြောက်ကိုရီးယားကလည်း အမေရိကန်၏ မဟာမိတ်များဖြစ်သော ဂျပန်နှင့်တောင်ကိုရီးယားတို့တွင် အမေရိကန် စစ်စခန်းများ ဖယ်ရှားပေးရေး လိုလားနေသည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နှောင်းပိုင်းကတည်းက နျူးကလီးယား (သို့မဟုတ်) တာဝေးပစ်ဒုံးကျည် စမ်းသပ်ခြင်းကို လုပ်ကိုင်ခဲ့ခြင်း မရှိတော့ပေ။

Loading