ယခုတပတ်တွင် ကျင်းပခဲ့သော အမေရိကန်သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့၏ ထိပ်သီး ဆွေးနွေးပွဲသည် အိမ်ရှင် ဗီယက်နမ်အတွက် ခေါင်းခဲစရာ ဖြစ်သည်။
အာဏာပိုင်များသည် ကင်ဂျုံအွန်း သံချပ်ကာ ရထားမှဆင်းပြီး သံချပ်ကာယာဉ်များ၊ ဆိုင်ကယ်စီး တပ်ဖွဲ့ဝင် များနှင့် ဟနွိုင်းသို လာရာ မြို့တော်မှ တရုတ်နယ်စပ်အထိ အဝေးပြေးလမ်း တခုကို ပိတ်ခဲ့ရသည်။ ကင် သည် သူ၏ ဟိုတယ်မှ မြောက်ကိုရီးယား သံရုံးသို့ လူးလာခေါက်ပြန် သွားနေရာ ယာဉ်ကြောမှာ လုံး၀ ရပ်တန့် သွားရသည်။ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေမှာ ထရမ့်ရောက်လာပြီး အစည်းအဝေးများ စတင်သောအခါ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။
ဗီယက်နမ်အစိုးရသည် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တည်းခိုနေထိုင်သော ဟိုတယ်မှ အခန်း ၁၀၀ ခန့်အတွက် ဒေါ်လာ တသိန်းခွဲခန့် ပေးရသည်ဟု စာရင်းအင်းနှင့် နီးစပ်သူများကဆိုသည်။ ထို ကုန်ကျစားရိတ်တွင် လာရောက်သော ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် ကုန်ကျစားရိတ်များ မပါသေးပေ။
သို့သော် ဗီယက်နမ်နိုင်ငံအတွက် အလားအလာရှိသော ဆုလာဘ်သည်လည်း ထူးခြားလှသည်။ ၎င်း၏ ကျယ်ပြန့်လှသော မြောက်ပိုင်းအိမ်နီးချင်း တရုတ်နိုင်ငံ သြဇာကြီးထွားလာခြင်းကို တုန်ြ့ပန်ရန် ပြည်ပ မိတ်ဖက်များ ပိုမိုရှာဖွေနေချိန်တွင် ယခုထိပ်သီးဆွေးနွေးပွဲ ကျင်းပခြင်းသည် နိုင်ငံ၏အဆင့်ကို မြှင့်တင်ရန် အခွင့်အလမ်း ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် ထရမ့် သမ္မတဖြစ်လာပြီးနောက် စွန့်ပစ်ခဲ့သည့် ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု (Trans-Pacific Partnership) ကဲ့သို့သော ကုန်သွယ်ရေး သဘောတူစာချုပ်များတွင် ပါဝင်သည်။ အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်တို့နှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးလည်း ပိုမိုခိုင်မာလာသည်။ ဗီယက်နမ်၏ စီးပွားရေးသည် ဆမ်ဆောင်း အုပ်စုကဲ့သို့ ကမ္ဘာ့ အထင်ရှားဆုံး ရင်းနှီးမြှုပ်နှံသူ တချို့ကို ဆွဲဆောင်နိုင်ပြီး ရောင်းအကောင်းဆုံး ဖုန်းများကို ဗီယက်နမ်တွင် ထုတ်လုပ်နေသည်။
နိုင်ငံများများနှင့် ဗီယက်နမ် ဆက်ဆံလေလေ၊ တရုတ်နိုင်ငံက တနေ့ အနိုင်ကျင့်လာမည်ဟူသည့် ခြိမ်းခြောက်မှု နည်းလေလေပင် ဖြစ်ကြောင်း အစိုးရနှင့်ဆက်စပ်သော အတိုင်ပင်ခံ လုပ်ငန်းဖြစ်သည့် စီးပွားရေးစီမံခန့်ခွဲမှု ဗဟိုသိပ္ပံမှ ဗို ထရီသန်က ပြောသည်။
“ဗီယက်နမ်မှာ ဖြစ်ပျက်နေတာတွေဟာ ကမ္ဘာနဲ့ ပိုမို ဆက်စပ်လာစေချင်တယ်” ဟု သူက ပြောသည်။
ဗီယက်နမ်နိုင်ငံက ယခုကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလျင်အမြန် လက်ခံခဲ့ခြင်းသည် အပြန်အလှန်အားဖြင့် ရရှိမည့် အကျိုးအမြတ်များကြောင့် ဖြစ်သည်။ ထိုသို့ ကျင်းပရန် အဆင်ပြေ သွားပြီးနောက် ဗီယက်နမ်နိုင်ငံသည် အဆောက်အအုံများကို ပြင်ဆင်ပြီး ပြည်ပ မီဒီယာများကိုလည်း ပိုမို လွတ်လပ်ခွင့်ပေးလာကာ အပြည့်အ၀ အသုံးချရန် ကြိုးစားတော့သည်။
မြို့တော်တဝန်းရှိ ဆိုင်းဘုတ်ကြီးများသည် အိမ်ရှင် ဟနွိုင်း၏ အခန်းကဏ္ဍကို ဂုဏ်တင်နေသည်။ သာမန် ဟနွိုင်းမြို့ခံများသည်လည်း ထိုသို့သော အခြေအနေတွင် ပါဝင်ဆင်နွှဲ ကြသည်။
မြို့တော်၏ သမိုင်းဝင် နေရာဖြစ်သော ဟုမ် ကီရန် ရေကန်ပတ်ဝန်းကျင်တွင် ဗီယက်နမ်နိုင်ငံသား အများအပြားသည် အမျိုးသား ဝတ်စုံများဝတ်ဆင်ပြီး အင်္ဂါနေ့က ကင် ရောက်ရှိလာခြင်း အထိမ်းအမှတ် ပြုလုပ်ကြသည်။ ကလေးငယ်တဦးသည် သူ၏ ကင်ဂျုံအန် ပုံစံဆံပင်ကို ပြသရန် Lexus အဆင့်မြင့် ကားတစင်း၏ ခေါင်မိုးပေါက်တွင်ရပ်ကာ မြို့တွင်းတွင် လှည့်လည်နေသည်။
သို့သော် နောက်ကွယ်တွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြား အဆင်မပြေသည့် ဆက်ဆံရေးကြောင့် ဖြစ်ပေါ်သော တင်းမာမှုများက ရှိနေသည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်ကို အေဒီ ၉၃၈ ခုနှစ် ရောက်သည်အထိ ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ နောက်ပိုင်းတွင် နှစ်နိုင်ငံစလုံး ကွန်မြူနစ်စနစ်အောက် ရောက်သည့်တိုင် စစ်အေးတိုက်ပွဲအတွင်း ကာလ အတော်များများတွင် သဘောထား ကွဲလွဲနေကြသည်။ ထိုစဉ်က ဗီယက်နမ်သည် တရုတ်နှင့် မဟာမိတ်မဖွဲ့ဘဲ ရုရှားနှင့် ပေါင်းသည်။
တရုတ်နိုင်ငံအပေါ် မလိုလားမှုသည် ဆက်လက်တည်ရှိနေပြီး တောင်တရုတ် ပင်လယ်ပိုင်နက် အငြင်းပွားမှုနှင့် အရှေ့တောင် အာရှတွင် တရုတ်သြဇာ ချဲ့ထွင်လာခြင်းတို့ကြောင့် တခါတရံ ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်မှုများ ရှိသည်။ ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်သည်ဟု ကြေညာထားသော ရေပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံက ရေနံတွင်းတူးစင် တခု ဆွဲယူလာခြင်းကြောင့် ဖြစ်သော ၂၀၁၄ ခုနှစ် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း လူများစွာ သေဆုံးခဲ့သည်။
ဗီယက်နမ် လွတ်လပ်ရေးအတွက် အေဒီ ၁ ရာစုက ထရန် ထရက်နှင့် ထရန် နီး ညီစ်အမ ၂ ဦးတို့ တရုတ်ဆန့်ကျင်ရေး တပ်ဖွဲ့တခု မည်သို့ တည်ထောင်ခဲ့သည်ကို ပြည်သူအများအပြား ဂုဏ်ယူ ပြောကြားနေဆဲ ဖြစ်သည်။
ဗီယက်နမ် ခေါင်းဆောင်များသည် သတိထားပြီး တရုတ်နှင့်ကင်းအောင် နေကြသည်။ သို့သော် တရုတ်သည် ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်နေသေးသည်။
စစ်ပြန်များနှင့် တက်ကြွ လှုပ်ရှားသူများ၏ ဖိအားကို နှစ်ပေါင်းများစွာ ခံရပြီးနောက် နိုင်ငံပိုင်မီဒီယာသည် ၁၉၇၉ ခုနှစ် တရုတ်နယ်စပ် တိုက်ပွဲ အထိမ်းအမှတ် အကြီးကျယ်ဆုံး အခမ်းအနားကို မကြာသေးမီက ကျင်းပခဲ့သည်။ ယခင်က ထို ပဋိပက္ခကို ကွန်မြူနစ်နိုင်ငံ အချင်းချင်း ကသိအအောင့်ဖြစ်စရာ ထိပ်တိုက်တွေ့မှု အဖြစ်သာ သဘောထားခဲ့ပြီး ထိုအကြောင်းကို မပြောလျှင် ကောင်းသည်ဟု သဘောထားခဲ့သည်။
တရုတ်နိုင်ငံ၏ တုန့်ပြန်မှုမှာ အနည်းငယ်သာ ရှိသည်။
ဗီယက်နမ်အစိုးရသည် တရုတ်နိုင်ငံ၏ ဖိအားမှ သက်သာစေရန် မဟာမိတ်သစ်များ၊ မိတ်ဆွေသစ်များ ရှာဖွေခြင်းဖြင့် လူထု၏အမြင် ကောင်းအောင် ဖန်တီးနေသည်ဟု သံတမန်များနှင့် ပညာရှင်များက ပြောကြသည်။
ထိုသို့သော ရည်ရွယ်ချက်ဖြင့် ဗီယက်နမ်သည် ဝန်ကြီးချုပ် ငုယင်ဆွန်ပတ်ကို ထရမ့်နှင့်တွေ့ဆုံရန် ၂၀၁၇ ခုနှစ်က စေလွှတ်ပြီး အမေရိကန်နိုင်ငံနှင့် အဆင်ပြေရန် အားထုတ်ခဲ့သည်။
ယခုအချိန်တွင်မူ ထရမ့်သည် ဗီယက်နမ်၏ အဆင့်အမြင့်ဆုံး ခေါင်းဆောင်နှင့် ကွန်မြူနစ်ပါတီ အကြီးအကဲ သမ္မတ ငုယင်ဖူထရောင် နှင့်လည်း တွေ့ဆုံခဲ့သည်။ ဗီယက်နမ် လေကြောင်းလိုင်းများနှင့် ဘိုးရင်းနှင့်ဂျင်နရယ် အီလက်ထရစ်တို့၏ လေယာဉ် မှာယူမှုနှင့် ဝန်ဆောင်မှုများအတွက် ဗုဒ္ဓဟူးနေ့က ဒေါ်လာ ၂၁ ဘီလျံဖိုး လက်မှတ်ရေးထိုးပွဲသို့ သူတို့ ၂ ဦးစလုံး တက်ရောက်ခဲ့သည်။
ဘလော့ရေးသားသူများ၊ သဘောထား ကွဲလွဲသူများနှင့် အစိုးရကို ဝေဖန်သူများကို ထောင်နှစ်ရှည် ချလေ့ရှိသော ဗီယက်နမ်နိုင်ငံ၏ အလေ့အထကို အမေရိကန်နှင့် တခြားနိုင်ငံများက ဝေဖန်မှုများလည်း တိတ်ဆိတ်လာသည်။
ဗီယက်နမ်နိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁၀၀ ကျော်ရှိသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဆိုသည်။
ကိုးကား။ ။ Wall Street Journal, Nikkei Asian Review