ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့၏ လက်နက်ကိုင် ပဋိပက္ခများကြား ဖမ်းဆီး ခေါ်ဆောင် သွားခံရသည့် သင်းအုပ်ဆရာ ၂ ဦး၏ သတင်းများမှာ ယနေ့ထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးနေသူ ၂ ဦး အနက် တဦးမှာ ကျောက်တော် မြို့နယ်၊ တောင်မင်းကုလား ကျေးရွာမှ အုပ်ချုပ်ရေးမှူးလည်း ဖြစ် သင်းအုပ် ဆရာလည်း ဖြစ်သည့် ဦးထွန်းနု ဖြစ်ပြီး တဦးမှာ ဘူးသီးတောင် မြို့နယ်၊ စိုင်းဒင်ရွာမှ သင်းအုပ်ဆရာ ဦးသာ ထွန်း ဖြစ်သည်။
သင်းအုပ် ဆရာ ဦးထွန်းနုသည် ဇန်နဝါရီလ ၁၉ ရက်က နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်ထားသူ ၅ ဦးက ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
အလားတူ သင်းအုပ်ဆရာ ဦးသာထွန်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ခံရသူ ဖြစ်သည်။
သင်းအုပ်ဆရာ ဦးထွန်းနု၏ ခရစ်ယာန် အသင်းတော် ဖြစ်သည့် အိန္ဒိယနိုင်ငံ အခြေစိုက် Gospel For Asia ခရစ်ယာန် အသင်းက ဖေဖော်ဝါရီလ ၁ ရက်တွက် ဦးထွန်းနု အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း၊ ဦးထွန်းနုကို ဖမ်းဆီးသွားသူများမှာ အစိုးရကို တော်လှန် ပုန်ကန်နေသည့် လက်နက်ကိုင်အဖွဲ့ တခုက ဖြစ်သည်ဟု ထုတ်ပြန် ကြေညာထားသည်။
ဦးထွန်းနု၏ မိသားစုဝင်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝ နယ်မြေ ရဲစခန်းတွင် လူပျောက်မှု ဖြင့် အမှုဖွင့်ထားပြီး ကျောက်တော်မြို့နယ်၊ ရဲမှူး စောသန်းလွင်ကလည်း သေဆုံးသည်ကို အတည်ပြု ခြင်း မရှိသလို ယနေ့ထိ ပျောက်ဆုံးနေ ခြင်းသာ ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ယင်းမြို့နယ်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၈ ဦးမှ ဦးထွန်းနု ကို ဖမ်းဆီးသွားသူများကို စုံစမ်း ဖော်ထုတ်ပေးရန် ၊ မည်သည့်အတွက်ကြောင့် ဖမ်းသွားကြောင်းကိုလည်း ဖော်ထုတ်ပေးရန် ဇန်နဝါရီလ ၂၄ ရက်က ကျောက်တော်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီများကိုပါ မိတ္တူတွဲပို့ ခဲ့သည်။
အလားတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ အခြေစိုက် International Christian Concern (ICC) ကလည်း ၎င်းတို့၏ သင်းအုပ်ဆရာ ဦးသာထွန်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ဖမ်းဆီး သွားသူများမှာ AA က ဖြစ်သည်ဟု ထုတ်ပြန် ချက် တစောင် ထုတ်ထားသည်။
အဆိုပါ သင်းအုပ်ဆရာ ၂ ဦး ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ကျောက်တော် မြို့နယ်နှင့် ဘူးသီး တောင် မြို့နယ်တွင် လှုပ်ရှားပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးက တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
ဧရာဝတီမှ AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို မေးမြန်းရာ ပျောက်ဆုံးနေသည့် သင်းအုပ် ဆရာ ၂ ဦးကို ဖမ်းဆီးထားခြင်း မရှိပါ ဟု ပြောသည်။
ဦးခိုင်သုခက “သူတို့ပြောတဲ့ Pastor တွေကို ကျနော်တို့ဘက်က ဖမ်းတာ မရှိဘူး။ ဦးထွန်းနုကိုတော့ ဗမာ စစ်တပ်က ဖမ်း တာလို့ ကျနော်တို့ သိရတယ်။ ဖမ်းသွားတဲ့ နေ့မှာ သူ့ကို လာခေါ်တဲ့ လူတွေက ခင်ဗျားကို အဘက တွေ့ဖို့ စောင့်နေတယ် လို့ ခေါ်သွားတာ။ အဘ ဆိုတာ ဗမာ စစ်တပ်မှာ တပ်ရင်း မှူးကို ခေါ်တာ” ဟု ပြောသည်။
ဝါရှင်တန် ဒီစီ အခြေစိုက် ICC မှ ထုတ်ပြန်သည့် သင်းအုပ်ဆရာ ဦးသာထွန်းကို AA ဘက်မှ ဖမ်း သည်ဆိုသည့် သတင်း အချက် အလက်မှာလည်း မှန်ကန်ခြင်း မရှိပါဟု ဦးခိုင်သုခက ငြင်းဆိုသည်။
သင်းအုပ်ဆရာ ၂ ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများကို AA အပေါ် ပုံချပြီး ရခိုင် လူမျိုး အတွင်း အချင်းချင်း ပြဿနာ ဖြစ်အောင် ဖန်တီး စွပ်စွဲနေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
AAက ရခိုင်ပြည်နယ်တွင်း ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားနေသည့် သတင်းများကို တပ်မတော်ဘက်သို့ ပေးပို့ပါက AA ၏ တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း အရ သတိပေးခြင်း၊ အရေးယူခြင်း၊ အပြစ် ပေးခြင်းများကို ပြစ်ဒဏ် အလိုက် လုပ် ဆောင်မည်ဟုလည်း အတိအလင်း ပြောဆိုထားသည်။
တပ်မတော်အား သတင်းပေးသူများကို မည်သို့ ကိုင်တွယ် အပြစ်ပေးမည်လဲ ဟူသည့် မေးခွန်းကို ဦးခိုင်သုခမှ တိတိကျကျ ပြောပြခြင်း မရှိပါ။
ကျောက်တော် မြို့နယ် အခြေစိုက် မြိုလူငယ် အစည်းအရုံးမှ တာဝန်ရှိသူ တဦးက “ဦးထွန်းနုကို ဖမ်း သွားတဲ့ ညက ကျနော် တို့ အနီး ပတ်ဝန်းကျင် စစ်တပ်ကို အကြောင်းကြားပါတယ်။ စစ်တပ်က သူတို့နဲ့ နီးစပ်တဲ့ တပ်ရင်းတွေ ခေါ်သွားတာ ရှိလား မေးမြန်းပေးတယ်။ သူတို့ဆီမှာ ဘယ်တပ်မှ မခေါ်ဘူး ဆိုတော့ ကျနော်တို့က AA လို့ပဲ ယူဆထားတယ်” ဟု ပြောသည်။
သင်းအုပ် ဆရာ ဦးထွန်းနုသည် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်သည့် ကာလတွင် ၎င်း၏ ကျေးရွာ တောင်မင်းကု လား စစ်ဘေးရှောင် ဒုက္ခသည်များကို ဦးစီး ကြီးကြပ်ပေးနေသည့် စခန်း တာဝန်ခံ၊ အုပ်ချုပ်ရေးမှူး တဦးလည်း ဖြစ်သည့် အတွက် အစိုးရ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ရင်းနှီးသူ တဦး ဖြစ်သည်ဟု အဆိုပါ မြိုလူငယ် အစည်းအရုံး၊ တာဝန်ရှိသူက ပြောသည်။
ဆက်လက်၍ ၎င်းက “ရှင်းရှင်း ပြောရရင် သူ မလိမ္မာတဲ့ အပိုင်းတွေ ပါတယ်။ သူက အစိုးရဘက်ကို သတင်း အချက် အလက်တွေ ပေးပို့တဲ့ နေရာမှာ မလိမ္မာတဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒါကြောင့်လည်း AA ဘက်က သူ့ကို ပစ်မှတ်ထားတာ လို့ ကျနော်တို့ မြင်တယ်” ဟု ပြောသည်။
သင်းအုပ် ဆရာ ဦးသာထွန်းနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ရွာ ဒေသခံများကို ဧရာဝတီမှ ဆက်သွယ် သော်လည်း မည်သည့် အဖွဲ့ ဖမ်းသည် ဟူသည့် မှတ်ချက်ကို ၎င်းတို့ မပေးလိုကြောင်း၊ မသိရှိပါဟု ငြင်းဆိုကြသည်။
ဝါရှင်တန် ဒီစီအခြေစိုက် ICC ၏ ထုတ်ပြန်ချက်၌ သင်းအုပ်ဆရာ ဦးသာထွန်းကို AA က လာဖမ်းဆီး စဉ် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်လှစိန်က မျက်မြင် ရှိနေပြီး ကြိုးတုပ်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
ထို့ပြင် ဒေါ်လှစိန်က ဒေသ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ကို သတင်းပို့ တိုင်ကြားထားသည်ဟုလည်း ICC က ဖော်ပြထား သည်။
သင်းအုပ်ဆရာ ဦးသာထွန်းသည် ရခိုင်လူမျိုးထဲမှ မျိုးနွယ်စု တခု ဖြစ်သည့် မြိုတိုင်းရင်းသား ဖြစ်ပြီး မြို အသိုင်းအဝိုင်းတွင် လူမှုရေး တက်ကြွ လှုပ်ရှားသည့် သင်းအုပ်ဆရာ တဦး ဖြစ်သဖြင့် ၎င်းဖမ်းဆီးခံရမှု အပေါ် ပူပန်နေကြပြီး ဒေသခံအချို့ ကလည်း ဦးသာထွန်း ပြန်လာနိုင်တော့မည် မဟုတ်ဟု ယူဆနေကြကြောင်း ICC က ရေးသားထားသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်မှ ဖမ်းဆီး စစ်ဆေးသည့် စာရင်းတွင် သင်းအုပ် ဆရာများ ဖြစ်သည့် ဦးထွန်းနုနှင့် ဦးသာထွန်းတို့ စာရင်း မရှိပါဟု ပြောဆိုသည်။
လက်ရှိတွင် ၎င်းတို့ မသင်္ကာမှုဖြင့် ခေါ်ယူစစ်ဆေးနေသည့် အရပ်သား ၁ ဦး ရှိပြီး ၎င်းမှာ ရသေ့တောင် မြို့နယ်၊ မင်းဖူး ကျေးရွာမှ ဖြစ်ပြီး စေတီပြင် ရဲစခန်းတွင် စစ်ဆေးနေဆဲ ဖြစ်သည်ဟု ပြောသည်။
တပ်မတော်နှင့် AA တို့သည် ၂၀၁၅ ခုနှစ်မှ စ၍ ရခိုင် ပြည်နယ်တွင်း တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး ယခုတခေါက် ဖြစ် သည့် တိုက်ပွဲများမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်လင့်ခ်– လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးသွားသည့် အုပ်ချုပ်ရေးမှူးကို ဖော်ထုတ်ပေးရန် တောင်းဆို