မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လျှော်ဖြူတောင် ကျေးရွာတွင် မိသားစုပိုင် ဝိုင်းခြံမြေ အတွင်းသို့ ကျူးကျော် ခြံခတ် ကာ ခြိမ်းခြောက်သူအား အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အတွက် ခြိမ်းခြောက်ခံရသည် ဆိုသော မိသားစုဝင် နှစ်ဦးက နေပြည်တော်တွင် ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော် ဥတ္တရ သီရိမြို့နယ် ရွှေနံ့သာ ရပ်ကွက်ရှိ ဘောလုံးကွင်း၌ ခြိမ်းခြောက်ခံရသည် ဆိုသော ဦးထွန်းဦးလှိုင်နှင့် မိခင်ဖြစ်သူတို့က ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခြင်း ဖြစ်သည်။
ဆန္ဒ ထုတ်ဖော်ခဲ့သူ ၂ ဦးက မိသားစုပိုင် ခြံမြေထဲ ကျူးကျော်သူ၊ ခြိမ်းခြောက် ကြိမ်းဝါးသူနှင့် ထိုသူများ ဘက်မှ အဂတိ လိုက်စားကာ အုပ်စုဖွဲ့ ခြိမ်းခြောက်သူများ၊ အစစ်ခံ ထွက်ဆိုသူများကို ဖျောက်ဖျက် တင်ပြကာ မတရားသဖြင့် ဆုံးဖြတ်သူများအား ဥပဒေအရ အရေးယူပေးရေး တောင်းဆိုကြသည်။
လျှော်ဖြူတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် ဆွေမျိုး တော်စပ်သူ ဦးဒေါင်းရွှေက ယင်းသို့ ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ဦးဇော်လင်းနိုင် ကလည်း ခြိမ်းခြောက်သူဘက်မှ လိုက်ပါ ပေးနေမှုများ ရှိကြောင်း ဦးထွန်းဦးလှိုင်က ဆိုသည်။
ဦးထွန်းဦးလှိုင်က“သက်ဆိုင်ရာ အကုန်လုံးကို တိုင်ထားတာ ၃ နှစ် ကျော်ပြီ။ ဘာမှ မဖြေရှင်းပေးလို့ နောက်တကြိမ် ထပ် ပြတာ။ အခုလည်း မဖြေရှင်းပေးဘူး ဆိုရင် နောက်တကြိမ် ထပ်ပြဦးမှာ။ အုပ်ချုပ်ရေးမှူးနဲ့ သူတို့ကို အမျိုးတွေ သောက်စား မူးရူးပြီးရင် ဓားတွေ၊ တုတ်တွေ ယူပြီး ကျနော့် အမေ စိုက်ထာတဲ့ သစ်ပင်တွေကိုလည်း အကုန် ခုတ် တယ်”ဟု ပြောပြ သည်။
ခြံစည်းရိုးကို ခိုးပြီး ခတ်သဖြင့် မိမိတို့ ခြံဝိုင်းမှာ တြိဂံ ပုံကဲ့သို့ ဖြစ်နေကြောင်း၊ ထိုသို့ မိသားစုပိုင် ဝိုင်းခြံမြေအား မတရား ကျူးကျော်သည့် အတွက် သက်ဆိုင်ရာသို့ တိုင်ကြားမှုများ ပြုလုပ်ထားသော်လည်း အရေးယူမှု ပြုလုပ်ခြင်း မရှိသဖြင့် သမ္မတရုံး၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော် ဥပဒေ ရေးရာ ကော်မတီ၊ မန္တလေးတိုင်း အစိုးရ အဖွဲ့၊ မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ရဲစခန်း မှူးများ ထံသို့ တိုင်ကြားထားကြောင်းလည်း ၎င်းက ဆိုသည်။
နွားထိုးကြီး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင် က“ကျနော်တို့ဆီ အကူ အညီတောင်းရင် ကျနော်တို့က ကူညီပေးမှာပါ။ ဒီလို ကိစ္စမျိုးတွေ ကူညီပေးလာတာ ဆယ်နဲ့ ရာနဲ့ ချီရှိပါတယ်။ ကျနော်တို့ဆီ အကြောင်း ကြားလာတာ မရှိတဲ့ အတွက်ကြောင့် မဖြေရှင်းပေးနိုင်တာပါ ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိစ္စမှာ ဥပဒေကြောင်း အရ နားလည် တတ်ကျွမ်းသည့် သူများနှင့် ဖြေရှင်း၍ ရသည့် ကိစ္စဖြစ်ကြောင်း၊ ဌာန ဆိုင်ရာ ဘက်မှ ဖြေရှင်း၍ မရပါက ဥပဒေကြောင်း အရ တရားစွဲဆိုရန် အကြံဉာဏ်များ ပေးနိုင်ကြောင်း၊ အားလုံးနှင့် ပေါင်းစပ် ဆောင်ရွက်ပေး၍ ရသည့် ကိစ္စ ဖြစ်ကြောင်း ဦးနိုင်ထူးအောင်က ဆိုသည်။
နွားထိုးကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ကလည်း“အုပ်ချုပ်ရေး အာဏာ အရဆိုရင် ၂ ဖက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်လို့ ရတယ်။ နှစ်ဦး နှစ်ဖက် သဘာတူတယ် ဆိုရင်တော့ ကြီးတဲ့ပြဿနာ သေးအောင် လုပ်လို့ ရတာ ပေါ့။ တချို့ကျတော့လည်း ရွာသူ ရွာသားတွေက တဖက်နဲ့ တဖက် တင်းမာမှုတွေ ရှိတယ်။ ဘယ်သွားသွား နောက်က လိုက်ဖို့ အဆင်သင့် ရှိတယ်ဆိုတဲ့ သဘောရှိတော့ သူတို့ ဆန္ဒရှိရင် ညှိနှိုင်းပေး ချင်ပါတယ်”ဟု ပြောသည်။
ယင်းဖြစ်စဉ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း နွားထိုးကြီး ရဲစခန်းသို့ တိုင်ကြားစာ ပို့ခဲ့ကြောင်း ဆန္ဒ ဖော်ထုတ်သူ ဦးထွန်းဦးလှိုင်က ဆိုသည်။
ဆန္ဒဖော်ထုတ်သူ မိသားစုဝင် ၂ ဦးက မိမိတို့ မိသားစုပိုင် ဝိုင်းခြံမြေ အတွင်းသို့ ကျူးကျော်ခြံခတ်ကာ ဓားကိုင် ကြိမ်းဝါး ခြိမ်းခြောက်သူ ဦးဒေါင်းရွှေအား အမြန်ဆုံး ဥပဒေနှင့် အညီ အရေးယူပေးရေး၊ သောက်စား မူးယစ်ပြီး ဘယ်မင်း၊ ဘယ် ဥက္ကဋ္ဌ တက်တက် တိုင်ချင်ရာ တိုင်ဟု ဦးဒေါင်းရွှေဘက်မှ လိုက်၍ ခြိမ်းခြောက်သူ အုပ်ချုပ်ရေးမှူး ဦးဇော်လေးနိုင် အပါ အဝင် ၅ ဦးအား အမြန်ဆုံး အရေးယူပေးရေး၊ ဥပဒေအရ အကာအကွယ်မဲ့ နစ်နာရမှု အတွက် တင်ပြပါစာ အပေါ် အမြန်ဆုံး ကွင်း ဆင်း စစ်ဆေးပေးရေး ဟူ၍လည်း တောင်းဆိုခဲ့ကြသည်။