သတင်း

မအူပင်တံတားအနီး ဂက်(စ်) ပိုက်လိုင်း မီးလောင် လုပ်သား ၂ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက် မအူပင်တံတား ချဉ်းကပ်လမ်းအနီး ဂက်(စ်) ပိုက်လိုင်းအား ပြုပြင်ရန် လုပ်ဆောင်နေစဉ် မီးလောင်မှု ဖြစ်ပွားပြီး မြေပြိုကျမှုကြောင့် လုပ်သား ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ် ၁ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က မအူပင်(တောင်)နှင့် ညောင်တုန်း ရေနံမြေ ဆက်သွယ် ထား သည့် ဂက်(စ်)ပိုက်လိုင်း ပေါက်နေသဖြင့် ပြင်ဆင်မှုပြုလုပ်ရန် ရေနံမြေလုပ်သား ဦးမြင့်ကြည် (၄၀ နှစ်)နှင့် ဦးရဲမင်းထွန်း (၃၄ နှစ်) တို့ သွားရောက်စဉ် ဂက်(စ်) ပိုက်လိုင်း မီးလောင်ခဲ့ ခြင်း ဖြစ်ကြောင်း မအူပင်မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် မျိုးဇော်သက်က ဧရာဝတီကို အတည်ပြု ပြောသည်။

“ဂက်စ်ပိုက်လိုင်းဆီကို မရောက်သေးဘူး။ ဘယ်နားက ပေါက်မှန်းမသိဘူး။ စိမ့်လို့ သူတို့ ရှာဖို့ လုပ်နေတုန်း မီးထလောင် တာ” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက သေဆုံး ၂ ဦး၏ ရုပ်အလောင်းကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးမှုများ ပြုလုပ် ထားကြောင်း၊ ဂက်(စ်) လိုင်းများသည် မကြာခဏ ပေါက်လေ့ရှိကြောင်း၊ မအူပင် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ ရောက်ရှိ သွားချိန်တွင် အချိန်မီ မီး ငြိမ်းသတ်နိုင်ခဲ့သော်လည်း သေဆုံးသူ ၂ ဦးကို မြေကြီးများ ပိနေ၍ ခက်ခက် ခဲခဲ ဆွဲထုတ်ရကြောင်း ရှင်းပြသည်။

ရဲအုပ်မျိုးဇော်သက်က “အဲဒီ နှစ်ယောက်က ကျင်းပိသွားတာ။ မီးလောင်တဲ့ အရှိန်နဲ့။ အောက်က မြေကြီးက ကမ်းပါး ပြိုတဲ့ အရှိန်နဲ့။ ဂက်စ် တွေကလည်း ထွက်လာတော့ အသက်ရှူ ရပ်သွားတာပေါ့။ ဂက်စ် ရှူတဲ့ဟာကတော့ အဓိက သေတဲ့ အ ကြောင်းရင်းပဲ” ဟု ဆိုသည်။

သေဆုံးသူ ၂ ဦးသည် မအူပင်ဒေသခံများ မဟုတ်ဘဲ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့မှ လာရောက် တာဝန်ထမ်း နေသူများ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“လတ်တလော အခြေအနေကတော့ ဒီနှစ်လောင်းပဲ။ ဂက်စ်ပေါက်နေတာ သိတယ်။ သူတို့ ဒါကို ဖာမလို့ လုပ်ရင်းနဲ့ ထပွင့် သွား ပီး မြေကြီးထဲမြုပ်သွားတာပေါ့ နှစ်ယောက်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ဆွဲထုတ်ရတာ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ သည့် ကရုဏာ လူမှုကူညီရေးအသင်း (မအူပင်)မှ ကိုသူရဆွေက ဧရာဝတီကို ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မအူပင်မြို့မ ရဲစခန်းတွင် သေမှုသေခင်း ၂/၁၉ ဖြင့် အမှုဖွင့်ကာ ခေတ္တစခန်းမှူး ရဲအုပ် မျိုး ဇော်သက်က စစ်ဆေးနေပြီး တရားရုံး တင်သွားမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading