မိတ္ထီလာမြို့တွင် တကြော့ပြန် ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ဟုဆိုကာ INGO အဖွဲ့တချို့၏ လုပ်ဆောင်မှု အပေါ် အမျိုးသားရေး လှုပ်ရှားသူများ ပါဝင်သည့် ဒေသခံ တချို့က လက်မှတ်ရေးထိုး ကန့်ကွက်မှုများ ပြုလုပ်ကြောင်း သိရသည်။
ကန့်ကွက်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ကျောင်း ဟု လူသိများသည့် ဝေယံဘုံသာ ကျောင်းတိုက်၌ အထူး အစည်းအဝေးပွဲ တရပ် ကျင်းပခဲ့ရာတွင် မျိုးချစ် အဖွဲ့များ၊ ဆွမ်းလောင်း အသင်းများ၊ ဗုဒ္ဓ ဘာသာ ကလျာဏ ယုဝ (YMBA) စသည့် အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကန့်ကွက် လက်မှတ်များအား အာဏာပိုင်များထံ ပေးပို့သွားမည် ဖြစ်ကြောင်းလည်း အစည်းအဝေး တက်ခဲ့သည့် ဦးဝင်းဇော်က ပြောသည်။
ဦးဝင်းဇော်က“ဘာသာရေးကြောင့် မဟုတ်ဘူး။ လူမှု ကူညီရေးကို ဗန်းပြပြီး နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ ခလောက် ဆန်မယ်လို့ ယူဆရတဲ့ အဖွဲ့အစည်းမျိုးတွေ ရုံးစိုက်တာကို လက်မခံချင်ဘူး။ ပုံစံ အမျိုးမျိုးနဲ့ လာပြီးတော့ လှုပ်ရှား ဆောင်ရွက်တာကိုလည်း လက်မခံဘူး”ဟု ဆိုသည်။
လက်ရှိ မိတ္ထီလာမြို့တွင် ဗြိတိန် အခြေစိုက် MA-UK(Myanmar) အဖွဲ့မှ ရုံးခန်း ငှားရမ်းခြင်းနှင့် ကူညီ ထောက်ပံ့မှုများ ပြင်ဆင်လျက် ရှိသော်လည်း ၎င်းတို့အနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်းများနှင့် အသိပေး ပူးပေါင်း ညှိနှိုင်း လုပ်ဆောင် ခြင်း မရှိသည့် အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်းလည်း အစည်းအဝေး တက်ရောက်သူများက ပြောဆို သည်။
ယင်းပြောကြားချက်နှင့် ပတ်သက်၍ MA-UK (Myanmar) ထံသို့ ဧရာဝတီက မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားပေးမည့် အချိန်၊ နေ့ရက်အား အကြောင်းပြန်ခြင်း မရှိသေးပေ။
ကန့်ကွက် လက်မှတ် ကောက်ခံသည့် စာရွက်၌“မိတ္ထီလာ မြို့နယ် အတွင်း၌ MA-UK Myanmar အပါအဝင် နိုင်ငံခြား အထောက်အပံ့ခံ (လူမှုကူညီရေး မျက်နှာဖုံးတပ်) INGO များ အခြေစိုက် ရုံးဖွင့်လှစ်ခြင်း၊ အသွင် အမျိုးမျိုးဖြင့် လှုပ်ရှား ဆောင်ရွက်ခြင်းများကို လုံးဝ(လုံးဝ)ကန့်ကွက်ပါကြောင်း လွတ်လပ်သော ကိုယ်ပိုင် ဆန္ဒဖြင့် လက်မှတ်ရေးထိုး အပ်ပါ သည်”ဟူ၍ ခေါင်းစဉ် တပ်ထားသည်ကိုလည်း တွေ့ရသည်။
မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်က ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပြီး ယင်းဖြစ်စဉ်များ အတွင်း ၄၃ ဦး သေဆုံးကာ လူ ၈၀ ကျော် ဒဏ်ရာများ ရရှိခဲ့ပြီး ဗလီနှင့် နေအိမ် အများ အပြားလည်း မီးလောင် ပျက်စီးခဲ့ရသည်။
ထို ပဋိပက္ခသည် မြို့တွင်းရှိ ရွှေဆိုင် တဆိုင်တွင် ဆိုင်ရှင်နှင့် ဝယ်သူကြား အချင်းများရာက စတင်ခဲ့ခြင်း ဖြစ်ပြီး ဆူပူမှု များသည်လည်း အခြား တိုင်းနှင့် ပြည်နယ်ရှိ မြို့ပေါင်း ၁၅ မြို့ခန့်သို့ ပျံ့နှံ့ခဲ့သည်။
ပဋိပက္ခအတွင်း မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရသူများအား နေရာပြန်လည် ချထားပေးသည့် မိတ္ထီလာမြို့ အနောက်ဘက် ခြမ်း (ကျောက်ပန်တောင်းသွား ကားလမ်းဘေး) ရှိ အစ္စလမ် ဘာသာဝင် အများစု နေထိုင်သည့် ချမ်းအေး သာယာ ရပ်ကွက် ရေမြောင်းများ ပြုပြင်ရန် အတွက် MA-UK(Myanmar) အဖွဲ့ က ကြိုးပမ်းရာတွင် ဒေသ အုပ်ချုပ်ရေး အဖွဲ့ များနှင့် ပူးပေါင်းမှု မရှိဟု ဆိုကာ မြို့နေ လူထုက ကန့်ကွက်နေခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောသည်။
ဒေါက်တာ မောင်သင်းက“၂၀၁၃ တုန်းက မြို့က အတော်နာခဲ့ပြီးပြီ။ အခု အဲဒီလို ထပ်ဖြစ်မှာကိုလည်း စိုးရိမ်တယ်။ အေးချမ်းမှုကိုပဲ ရှေးရှုပြီး လုပ်ဆောင်စေချင်ပါတယ်။ အခု MA-UK(Myanmar)အဖွဲ့ အပေါ် ကန့်ကွက် လက်မှတ်တွေ ကောက် နေကြတာ ဟုတ်ပါတယ်”ဟု ဆိုသည်။
လက်ရှိ မိတ္ထီလာမြို့တွင် နှစ်ဖက် လူ့ အဖွဲ့အစည်းကြား ပြဿနာ ဖြစ်ပွားမှုမရှိဘဲ တည်ငြိမ် အေးချမ်းနေချိန်၌ အစွန်း ရောက်သည့် အတွေးအမြင် အယူအဆများဖြင့် လှုပ်ရှား ဆောင်ရွက်ခြင်း မပြုဘဲ တရားဥပဒေ လုပ်ထုံးလုပ်နည်း များ နှင့် အညီသာ ဆောင်ရွက်ကြစေလိုကြောင်း မြို့ခံ ပြည်သူ တဦးက ပြောဆိုသည်။
မိတ္ထီလာ မြို့နေ ဦးအောင်သိန်းက“နှစ်ဖက် အသိုင်းအဝိုင်းကြားမှာ ဟိုးအရင်က အတိုင်းပဲ အေးအေးချမ်းချမ်း ဖြစ်နေ ပါပြီ။ ဘာပြဿနာမှ မရှိပါဘူး။ ပြဿနာ ဖြစ်အောင် လှုံ့ဆော်မယ့် ပြောဆိုမှုတွေကို သတိထားရပါမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း MA-UK (Myanmar) အဖွဲ့၏ မိတ္ထီလာမြို့နယ် အတွင်း ဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး ယင်းအဖွဲ့၏ တာဝန်ခံ ဖြစ်သူအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားစွဲဆိုရန် ကြိုးပမ်းခဲ့သော် လည်း တရားရုံးက အမှုစွဲ ဆိုချက်အား ပယ်ချခဲ့ကြောင်း ဒေသခံများ ပြောကြားချက် အရ သိရသည်။
အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် MA-UK (Myanmar) အဖွဲ့သည် လန်ဒန်မြို့တွင် အခြေစိုက် ပြီး မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်က စတင်ရောက် ရှိလာကာ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများမှ ပြည်သူများ အတွက် အစား အသောက်နှင့် အသုံးအဆောင်များ ထောက်ပံ့လျက် ရှိသည့် အဖွဲ့ ဖြစ်သည်။
MA-UK (Myanmar) ၏ ရုံးချုပ် အဖြစ် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းပေါ်ရှိ အမှတ် ၇၃ (A) တွင် ဖွင့်လှစ်ထားပြီး မိတ္ထီလာမြို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ စစ်တွေ၊ မြောက်ဦး၊ မောင်တော မြို့နယ် များတွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။