ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် အတွင်းရှိ လမ်းတချို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်ရှိ ပတ်ပုန်း (Patpong) လမ်း နှင့် ပင် ခိုင်းနှိုင်း အပြောခံနေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မရမ်းကုန်း မြို့နယ် ကိုယ်စားလှယ် ဦးရန်ရှင်း က ပြောသည်။
ဦးရန်ရှင်းက “ကျနော်တို့ မရမ်းကုန်း မြို့နယ်ဟာ ဆိုရင် စံချိန်တင်လောက်အောင် လူ ၄၀၀ လျှင် ယစ်မျိုး လိုင်စင် တခု နှုန်း ရှိနေတဲ့ အပြင် ဘား၊ ကလပ်၊ KTV တွေ ဖွင့်ထားတာ များလွန်းနေတဲ့ အတွက် တချို့လမ်းအပိုင်းတွေ ဆိုရင် ဘန် ကောက်မြို့က ပတ်ပုန်းနဲ့ တင်စားနေတာတောင် တွေ့ရပါတယ်”ဟု ပြောဆိုသည်။
ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် မရမ်းကုန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ယစ်မျိုး လိုင်စင်နှင့် ဖွင့်ထားသော ဘားများ အချိန် အကန့်အသတ်မရှိ ရောင်းချ နေမှုနှင့် ပတ်သက်ပြီး ထိရောက်စွာ တားမြစ် အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိပါသလား မေးမြန်းရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးရန်ရှင်းက“တဆိုင်နှင့် တဆိုင် ကိုက် ၁၀၀ အတွင်း မဖွင့်လှစ်ရန်၊ အများပြည်သူ စိတ် အနှောင့်အယှက် ဖြစ်စေသော နေရာများတွင် ဖွင့်လှစ်ခြင်း မပြုရန်၊ သတ်မှတ်ချိန် အတွင်းသာ ဖွင့်လှစ်ရန် စည်းကမ်းချက်များကို သက်ဆိုင်ရာများ က လည်း မျက်ကွယ်ပြုပြီး လိုင်စင်တွေ ထုတ်ပေးနေတာတွေ၊ လိုင်စင်တွေ သက်တမ်း တိုးပေးတာတွေ ပတ်ဝန်းကျင် တိုင် ကြားနေတာတွေကို လျစ်လျူရှုနေတာကြောင့် အဲဒီလို ဖြစ်နေတယ်လို့ ယူဆပါတယ်”ဟု ဆက်လက် ပြောသည်။
မရမ်းကုန်း မြို့နယ် ပါဝင်သည့် ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်တွင် ယစ်မျိုး လိုင်စင် ၁၇၈၀၊ အရှေ့ပိုင်း ခရိုင်တွင် ၃၀၃၈ ခု၊ တောင်ပိုင်း ခရိုင်တွင် ၁၅၇၆ ခု၊ မြောက်ပိုင်း ခရိုင်တွင် ၂၉၉၄ ခု ခွင့်ပြုထားရာ ယစ်မျိုး လိုင်စင် စုစုပေါင်း ချထားမှု ၉၃၈၉ ခု ခွင့်ပြုထားကြောင်း တိုင်း အစိုးရထံမှ သိရသည်။
ဆက်လက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက“ယစ်မျိုး လိုင်စင်နှင့် ဆက်နွယ်နေသည့် ဘား၊ ကလပ်၊ KTV များ အနေဖြင့် ပတ်ဝန်းကျင်မှ ငြိုငြင်မှုများကြောင့် ယစ်မျိုး လိုင်စင်ယူရာတွင် အပို ကုန်ကျစရိတ်များ ရှိသလို၊ အုပ်ချုပ် ရေး ပိုင်းတွေ အနေနဲ့လည်း အဲဒီဆိုင်တွေ၊ ကလပ်တွေရဲ့ စည်းကမ်း မလိုက်နာမှုကြောင့် ပတ်ဝန်းကျင်မှ တိုင်ကြားမှု များ အပေါ် လျစ်လျူရှုပြီး ပေါ့ပေါ့တန်တန်ပဲ အရေးယူတာတွေ တွေ့ရပါတယ်”ဟု ပြောသည်။
ယစ်မျိုးမူဝါဒ အရ ယစ်မျိုးလိုင်စင် ချထားပေးရာတွင် အရက်သေစာ သောက်စားခြင်း အလေ့အထ ပြန့်ပွားမှုကို အားပေး ခြင်း မရှိစေရန်၊ သေရည်အရက် ဖြန့်ဖြူး ရောင်းချရာတွင် တရားမဝင် ထုတ်လုပ်မှု မရှိစေဘဲ အရက်များ ပေါ် တွင် အခွန်ကြီး မြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန် နှင့် သေရည်သေရက် ရောင်းချခြင်းမှ အခွန်ငွေ ရရှိစေရန် အဓိက မဟုတ်ဘဲ ယင်းကို သောက်စား သုံးစွဲခြင်း ခေါင်းပါးစေရန် အခွန်ကောက်ခံသည်ဟု အမြဲ နှလုံးသွင်းကာ ကျဆင်းရေး ဦးတည်လျက် ဆောင်ရွက်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးကလည်း ပြောသည်။
ဆက်စပ်မေးခွန်း အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက စည်းကမ်းမဲ့ဆိုင်များ၊ သတ်မှတ်ချိန်ထက် ကျော်လွန် ပြီး ဖွင့်နေသည့် ဆိုင်များ အထူးသဖြင့် မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်ရှိ ဆိုင်များအား ညပိုင်းတွင် ကွင်းဆင်း၍ ရှောင်တခင်ဖြင့် ဖြစ်စေ၊ စီမံချက်ဖြင့် ဖြစ်စေ စစ်ဆေးပေးရန်နှင့် လိုင်စင်မဲ့ ဖွင့်လှစ်နေသည့် မြို့နယ်များရှိ မြို့နယ် အုပ်ချုပ်ရေးမှူးများကို အထူး ကြပ်မတ် ဆောင်ရွက် ပေးစေလိုကြောင်း မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး အောင်စိုးမိုးက“ကိုယ်စားလှယ်ကြီး ပြောကြားတဲ့ မရမ်းကုန်း (၁၀) ရပ်ကွက်ရှိ ဆိုင်များကို အလေးထားရန်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဖွဲ့စည်းထားရှိပြီး စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်ရမယ့် ကိစ္စများကို အစိုးရ အဖွဲ့ အနေဖြင့် ကြပ်မတ် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း”ပြောသည်။
တရားမဝင် ယစ်မျိုး ဆိုင်များ အပြင် စည်းကမ်းနှင့် မညီသည့် ဆိုင်များအား၂၀၁၈ ခုနှစ်၌ စစ်ဆေးခဲ့ရာ ခရိုင် ၄ ခရိုင် တွင် အရေးယူ ဆောင်ရွက်သည့် အမှု ၆၁၃ မှု ရှိခဲ့ကြောင်းနှင့် ဖမ်းဆီးမှုများတွင် ယစ်မျိုး ဥပဒေ ပုဒ်မ ၃၀ (က)၊ ၃၀ (ခ)၊ ၃၀-(ဃ)၊ ပုဒ်မ ၃၇၊ ၄၁ (ဂ) အစရှိသည့် ပုဒ်မများနှင့် တရားစွဲဆို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။