ရုံးပိတ်ရက်ရှည်များအတွက် YBS များကို ရန်ကုန် အနီးရှိ နယ်မြို့များအထိ ပြေးဆွဲပေးမည်
နှစ်သစ်ကူး ပိတ်ရက်နှင့် ရုံးပိတ် ရက်ရှည်များတွင် နေရပ်ပြန်သူများနှင့် ခရီးသွားများ သွားလာရ အဆင်ပြေစေရန် YBS ယာဉ်လိုင်းများကို ရန်ကုန်မြို့ အနီးအနားရှိ မြို့များတွင် ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က “ဧရာဝတီတိုင်း လို နီးစပ်သော တိုင်းဒေသကြီး ခရီးသွားများကို YBS ယာဉ်လိုင်းများမှ အင်အား ဖြည့် ပေါင်းစပ်ပြေးဆွဲခြင်းကို ညှိနှိုင်းဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။ YBS ယာဉ်လိုင်းတွေက CNG နဲ့ ပြေးဆွဲတာဖြစ်တဲ့ အတွက် ဧရာဝတီတိုင်းလို နီးစပ်တဲ့ တိုင်း တွေ အတွက်ကတော့ ပြေးဆွဲ နိုင်ရန် အဆင်ပြေပါတယ်” ဟုဆိုသည်။
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ရန်ကုန်တိုင်းအတွင်း နှစ်စဉ် တရားဝင် ရုံးပိတ် ရက်ရှည် ကာလ မတိုင်မီနှင့် ရုံးပိတ် ရက်ရှည် ကာလများအတွင်း နယ်မြို့ အသီး သီးသို့ သွားရောက်လိုသည့် ခရီးသွားများ သတ်မှတ်ယာဉ် စီးခများ အတိုင်း လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရေး အတွက် ရန်ကုန်တိုင်း အစိုးရ အဖွဲ့အနေဖြင့် မည် သို့ ကြိုတင်စီမံ ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းမှုကို အစိုးရအဖွဲ့က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “နိုင်ငံတော်မှာ တရားဝင် ရုံးပိတ်ရက် ရက်ရှည်ကာလ အဖြစ် သြင်္ကန် ကာလနဲ့ သီတင်းကျွတ်ကာလ သတ်မှတ်ထားတာ ရှိပါတယ်။ အဆိုပါကာလများမှာ ရန်ကုန်မြို့သူမြို့သား များသော် လည်းကောင်း နယ်မှလာပြီး အလုပ်လုပ်တဲ့ စက်ရုံ အလုပ်ရုံမှ အလုပ် သမားများ ၊ ကုမ္ပဏီဝန်ထမ်းများ နယ်မြို့အသီးသီးကို ရက်ရှည်သွား ကြတာ ရှိပါတယ်။ အဝေးပြေး ဝင်းထဲမှာ ကားလက်မှတ်တွေ ဝယ်တဲ့ အခါမှာ ယခင်သတ်မှတ်နှုန်းထား ထက် များပြီးတော့ ဈေးကြီး နေတာတွေ့ရပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ထည့်သွင်း ပြောကြားသွားသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး ဒေါ်နီလာကျော်က “ဒီထက်ဝေးတဲ့ ဒေသတွေကိုတော့ CNG နဲ့ ပြေးဆွဲရန် အဆင် မပြေတဲ့ အတွက် အခြားသော နည်းလမ်းတွေနဲ့ အင်အားဖြည့် ပေါင်းစပ် ပြေးဆွဲသွားဖို့ ညှိနှိုင်းဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
ရုံးပိတ်ရက်ရှည်များတွင် နှစ်စဉ်ခရီးသွားများအနေဖြင့် အဝေးပြေးယာဉ်လိုင်းများအပြင် ကိုယ်ပိုင် ကားများ၊ ခရီးသွား အေဂျင်စီများ နှင့် မီးရထားတို့ကို အသုံးပြုပြီး သွားလာမှုများရှိသဖြင့် ယင်း အချိန်ကာလ ခရီးသွား လူဦးရေကို ကိန်းဂဏန်း အရ ခန့်မှန်းနိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သိရသည်။
ယခုနှစ်တွင် အဝေးပြေး ယာဉ်လိုင်းများမှ ကြိုတင်လက်မှတ် ရောင်းချမှုများကို ကြည့်ရှုပြီး ရုံးပိတ် ရက်ရှည် ခရီးသွားဦးရေ ကို သုံးသပ်ရန် စီစဉ်ထားကြောင်းနှင့် မီးရထားလမ်းကြောင်းများ တိုးချဲ့ ပြေးဆွဲ နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက် သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။
ယခုနှစ် နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်တာ သတ်မှတ် ထားခြင်း ဖြစ်သည်။
ကုမ္ပဏီဝန်ထမ်းတဦး ဖြစ်သည့် မမိုးမိုးက “ပိတ်ရက်ရှည်တွေ အိမ်ကိုပြန်ရတာ အရမ်းကို ခက်တယ်။ ကားလက်မှတ်တွေ ဘယ်လောက် ကြိုဝယ်ဝယ် မရတဲ့ အခါလည်း ရှိတယ်၊ ရပြန်တော့လည်း ဈေးက ကြီး ၊ ဈေးမကြီးဘဲ ပုံမှန်ဈေးနဲ့ ပြန်ရတဲ့ နှစ်ရယ်လို့ မရှိပါဘူး” ဟုဆိုသည်။
ယခင်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်တွင် ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများ အနေဖြင့် ပုံမှန် ယာဉ် လိုင်း ၉၀ ကျော် ရှိသည့် အနက် ယာဉ် လိုင်းပေါင်း ၆၁ လိုင်းမှ ယာဉ် အစီးရေ ၇၆၉ စီး ပြေးဆွဲပေး မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ရုံးပိတ်ရက်တွင် အဝေးပြေယာဉ်လိုင်းများအနေဖြင့် ပြည်နယ်နှင့် တိုင်း အခြေပြု ယာဉ်လိုင်း ၁၃၁လိုင်းရှိပြီး ရန်ကုန်တိုင်းအခြေပြုယာဉ်လိုင်း ၁၁၆ လိုင်းရှိသည့် အနက် ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်း ၁၇ လိုင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နား စခန်းမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ကားခ ဈေးတက်၊ လက်မှတ် မလုံလောက် ဖြစ်ရိုးဖြစ်စဉ်များ မဖြေရှင်းနိုင်သေးဘူးလား သင်္ကြန်