တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်း စီမံ/ဘဏ္ဍာ ဝန်ကြီးနှင့် တိုင်း NLD ဥက္ကဋ္ဌ တို့အား ဒေသခံ ပြည်သူ လူထုက တိုင်ကြားထားမှုနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်း နေကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က “ကျနော်တို့ ပါတီ စစ်ဆေးမှုက အဂတိရဲ့ နောက်ထပ် ပေါ်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေပါတယ်။ ပါတီက စစ် ဆေးနိုင်တာ အကန့်အသတ် ရှိပါတယ်။ ကျယ်ကျယ် ပြန့်ပြန့် စစ်ဆေးမှုရဲ့ ရလဒ်ကို စောင့်ဆိုင်းနေပါ တယ်” ဟု ဧရာဝတီကို ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ရလဒ်ကို စောင့်ဆိုင်းနေစဉ် အတွင်း NLD ဗဟို၏ စစ်ဆေးမှုကို လတ်တလော ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။
ဒေါက်တာ မျိုးညွန့်က “ကျနော်တို့ကတော့ စစ်ဆေးမှုကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးစားသွားမှာပါပဲ” ဟု ဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးနေမှု အခြေအနေကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက “ဒါနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိပါဘူး” ဟု ပြန်လည် ပြောဆို သည်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တိုင်း စီ/မံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး တို့ကို အဂတိ လိုက်စားမှုများ ရှိသည်ဆိုကာ စစ်ဆေး အရေးယူပေး ရန် NLD ဗဟိုသို့ မြိတ်နှင့် ထားဝယ် ဒေသခံ ၁၀၀ ကျော် လက်မှတ် ရေးထိုးကာ ဇန်နဝါရီ နောက်ဆုံး ပတ် အတွင်းက သီးခြားစီ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ပြည်သူ လူထု၏ တိုင်ကြားမှုများနှင့် ပတ်သက်၍ တိုင်း လွှတ်တော်၏ စိစစ်တွေ့ရှိချက်များ ပါရှိသည့် အစီရင်ခံစာ တစောင်ကိုလည်း တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတ အပါ အဝင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ထံ ပေးပို့ခဲ့သည်။
တိုင်ကြားခဲ့ သူများထဲမှ အချို့ကို ပါတီ ဗဟိုသို့ ခေါ်ယူမေးမြန်း စစ်ဆေးကာ အထောက်အထားများ ရယူခဲ့သော်လည်း ယ နေ့ အချိန်ထိ တစုံတရာ ထူးခြားမှု မရှိသေး သကဲ့သို့ လွှတ်တော်၏ အစီရင်ခံ စာနှင့် ပတ်သက်၍လည်း မည်သူ့ထံကမှ အ ကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ကာယကံရှင် များ ထံက စုံစမ်း သိရှိရသည်။
တိုင်ကြားစာ ပို့ရာတွင် ပါဝင်သည့် ထားဝယ်ဒေသခံ တဦးက “ဗဟို(NLD) ကနေ ခေါ်ပြီးတဲ့ အခါ အဂတိ ကော်မရှင် ဘက် က ထားဝယ်ကို ဆင်းလာတယ်။ ကျနော်တို့နဲ့လည်း တွေ့ဆုံတယ်။ ဒါပေမယ့် အခု အချိန်ထိတော့ ဘာမှကို မထူးခြား သေး တာ။ ၃ ရက်နေ့ဆို အဂတိက ထားဝယ်ကို ရောက် လာတာ ၁ လပြည့်ပြီ” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၃ ရက်ကြာ သွားရောက် ခဲ့သော တနင်္သာရီ ခရီးစဉ် အတွင်း မြိတ်၊ ကော့သောင်း၊ ထားဝယ်တို့မှ ဒေသခံ လူထုများနှင့် တွေဆုံပွဲများ ပြုလုပ်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမှုများနှင့် အတူ ဒေသခံ တချို့က တိုင်း အစိုးရ အဖွဲ့၏ အားနည်းချက် များအား ဆန္ဒ ထုတ်ဖော်မှုများလည်း ရှိခဲ့သည်။
အဆိုပါ ခရီးစဉ် အတွင်း ဒေါ်အောင်စုကြည်က တိုင်ကြားထားသည့် ကိစ္စများအား သက်ဆိုင်ရာ ဌာန များက စုံစမ်းစစ်ဆေး နေပြီး ယင်းဌာနများ၏ တွေ့ရှိချက်များကို ဖုံးကွယ်ထားမည် မဟုတ်ဘဲ ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်း တင်ပြမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထားဝယ် ဒေသခံ ကိုဇင်မောင်ဖြိုး က “အန်တီ လာတဲ့ အပေါ်မှာ တိုင်းအတွင်းက လူထုက တော်တော် မျှော်လင့်တယ်။ အဓိကက တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ကို တိုင်းထဲက ပြည်သူ တော်တော် များက မလိုတော့ဘူး။ အခုဆို အဂတိ ကော်မရှင်က ထားဝယ်မှာ လာစစ်နေတာ ၁ လလောက် ရှိသွား ပြီ။ ကော်မရှင်ကနေ သမ္မတရုံးကို အပြီးသတ် တင် မယ့် အစီရင်ခံစာကို ကျနော်တို့ စောင့်နေတယ်” ဟု ပြောဆိုသည်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကမူ ဝေဖန်မှုများ ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ ရှင်းစရာ မလိုကြောင်း၊ အချိန်တန်လျှင် သိသွားမည် ဖြစ်ကြောင်းနှင့် ၎င်းအား တာဝန်မှ အနားပေး မည် ဆိုပါကလည်း နားမည် ဖြစ်ကြောင်းကို ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားသည်။
ထားဝယ်၊ မြိတ် ဒေသခံတို့၏ တိုင်ကြားစာများတွင် တင်ဒါ ခေါ်ယူခြင်း မရှိဘဲ ဆွေမျိုးနီးစပ် သူများ ကို လုပ်ငန်းများ ချထား ပေးမှု၊ ဆွေးမျိုး တော်စပ်သူကို ကိုယ်ရေး အရာရှိ ခန့်ထားမှု၊ ထားဝယ် လေယာဉ်ကွင်း ခြုံရှင်းလင်းခ ကျပ်သိန်း ၄၀၀၀ ချ ထားပေးမှု စသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။
တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သလို တိုင်း NLD ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးအောင်စိုးနှင့် ခယ်မ တော်စပ်ပြီး ဦးအောင်စိုး၏ သမီးကို ၎င်း၏ ကိုယ်ရေးအရာရှိ အဖြစ် ဝန်ကြီးချုပ် စတင် တာဝန်ယူချိန်မှ စ၍ ယနေ့ အချိန်ထိ ခန့်အပ်ထားကြောင်း တိုင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီ လဆန်းပိုင်းတွင် ဧရာဝတီ၊ မကွေး၊ ပဲခူး စသည့် တိုင်းဒေသကြီးများမှ တိုင်းဝန်ကြီးချုပ် အပါ အဝင် ဝန်ကြီး တချို့ အစိုးရ အဖွဲ့မှ နုတ်ထွက်ခြင်း၊ ပါတီမှ အရေးယူခံ ရခြင်း များ ဖြစ်ပေါ်ခဲ့ပြီးနောက် တနင်္သာရီတိုင်းတွင် လည်း အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်နိုင်ပြီး ဒေါက်တာ လဲ့လဲ့မော် ပါဝင်ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
ဆက်စပ်လင့် – တနင်္သာရီ ဝန်ကြီးချုပ် ပြဿနာ စုံစမ်း စစ်ဆေးနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
တနင်္သာရီ ဝန်ကြီးချုပ် ပြဿနာ အစီရင်ခံစာ သမ္မတထံ ပေးပို့