ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကာအကွယ်မဲ့ ဖြစ်နေပြီး မလုံခြုံတော့သည့်အတွက် မတ်လ ၁ ရက်နေ့ မွန်းပွဲပိုင်းက မြောက်ဦးမြို့ပေါ် အလိုတော်ပြည် ကျောင်းတိုက် ဓမ္မာရုံတွင် အစည်းအဝေး တရပ်ကို ကျင်းပကာ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၉ ဦးက လက်မှတ်ထိုးကာ နုတ်ထွက်ရန် ဆုံးဖြတ် လိုက်ကြကြောင်း သတင်း ရရှိသည်။
တာဝန်မှ နုတ်ထွက်လိုက်ကြသည့် အကြောင်းရင်းမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေက မြောက်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပုံမှန်ကျင်းပကျ ဖြစ်သည့် လကုန် အစည်းအဝေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို အကြောင်းပြချက် မရှိဘဲ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီး သွားသည့်အတွက် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြော သည်။
မြောက်ဦးမြို့နယ် ကံစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောနိုင်က “ကျနော်တို့ လုပ်ကိုင် နေရတာတွေဟာ လုံခြုံမှု မရှိတော့တဲ့အတွက် ကျနော်တို့ အများသဘောတူ ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်လိုက်ရတာ ဖြစ်ပါတယ်။ ကျနော်တို့လည်း ကိုယ့်ဘဝ လုံခြုံဖို့အတွက် စဉ်းစားရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၀၃ အုပ်စုရှိပြီး ကျန်အုပ်ချုပ်ရေးမှူးများမှာလည်း လာရောက်ရန် ခရီးဝေးသည့်အတွက် ၎င်း နုတ်ထွက်သည့်အထဲတွင် ပါဝင်မှု မရှိခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။
ဖမ်းဆီးခံလိုက်ရသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ပြိုင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်၊ ရန်အောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျော်ဆည်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ရွှေ တို့ ဖြစ်ကြောင်းလည်း သိရသည်။
၎င်းကျေးရွာအုပ်စု အနီး ရမ်းချောင်းတောင်တန်းတွင် ပြီးခဲ့သော ဖေဖော်ဝါရီအတွင်းက ရက္ခိုင့်တပ်မတော် ( AA ) နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း အသီးသီး ထုတ်ပြန်ထားသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးသည့် အစည်းအဝေးတခု ကျင်းပနေချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပနေသော အစည်းအဝေးသို့ ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များသည် မေးမြန်းစရာရှိသည်ဟုဆိုကာ ခန်းမထဲတွင် မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သာစိန် ရောက်မလာသေးသည့်အတွက် ဦးဆောင်ဆွေးနွေးနေသော ဒုတိယ ဦးစီးမှူး ဦးဇော်ဇော်မြင့်အား ခွင့်တောင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို အစည်းအဝေး အပြင်ဘက်သို့ ခေါ်ထုတ်သွားရာမှ ပြန်လည် ရောက်ရှိမလာတော့ဘဲ ဖမ်းဆီးခံ လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး ပြန်လည်ရောက်ရှိမလာသည့်အတွက် ၎င်းတို့လက်ကိုင်ဖုန်း များကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရတော့ကြောင်း ၊ နောက်ပိုင်းတွင် အဖမ်းခံလိုက်ရသည်ကို သိရှိရသည့်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးထံ မေးမြန်းသော်လည်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမောင်သာစိန် ကိုယ်တိုင်မသိကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ရန် အကြောင်းကြားလည်း မရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြန်ပြောပြကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသည့် အကြောင်းတစုံတရာကို မသိရှိရသည့်အတွက် အစည်းအဝေး တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မြောက်ဦးမြို့မ ရဲစခန်း အပါအဝင် မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးသို့ သွားရောက်မေးမြန်း စုံစမ်းသော်လည်း တာဝန်ခံပြီး ဖြေရှင်းပေးမည့်သူ တဦးတယောက်မှ မရှိသဖြင့် ပြန်လာခဲ့ရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆိုကြသည်။
သံရှည်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက “ ကျနော်တို့ မြောက်ဦးရဲစခန်းကို လိုက်သွားတယ်။ စခန်းမှာရှိတဲ့ တာဝန်မှူးနဲ့ တွေ့ပြီး မေးတော့ သူက စခန်းမှူးနဲ့တွေ့ပြီး မေးပါတဲ့။ စခန်းမှူးနဲ့ တွေ့မယ်ဆိုပြန်တော့လည်း စခန်းမှူက မရှိဘူးလို့ ပြောတယ်။ နောက် မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးကို လိုက်သွားတယ်။ မြို့နယ်မှူးလည်း မရှိဘူးလို့ပြောတယ်။ ဘယ်သူကိုမှလည်း မေးလို့ မရဘူး။ တာဝန်ယူပြီး ဖြေကြားပေးမယ့်လူလည်း မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း မြောက်ဦးမြို့မ ရဲစခန်းကို သွားရောက်စဉ်က ၎င်းအုပ်ချုပ်ရေးမှူး ၄ ဦးနှင့် တင်းထိန်ကန်ကျေးရွာသား တဦးတို့ကို ရဲအချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို CCTV ကင်မရာနှင့် ချိပ်ထားသည့် ကွန်ပြူတာမှ တဆင့် တွေ့မြင်ခဲ့ရကြောင်းလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။ မြောက်ဦးမြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်သူမျိုးကမူ ဖမ်းဆီးခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ဖြေဆိုခွင့် မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
နောက်ဆုံး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းထံ ဆက်သွယ်မေးမြန်းရာ မြောက်ဦး အခြေစိုက် တပ်မတော် တပ်ရင်းက မတရားအသင်းဥပဒေ ပုဒ်မ ၁၇ ( ၁ ) ဖြင့် အမှုဖွင့်လာသည့်အတွက် ၎င်းတို့ကို လုပ်ထုံး လုပ်နည်း နှင့် အညီ ထိန်းသိမ်း စစ်ဆေးနေကြောင်း သိရသည်။
ရဲမှူးကြီး ကြည်လင်းက “ တပ်က အမှုလာဖွင့်တဲ့အတွက် ကျနော်တို့က လုပ်ထုံး လုပ်နည်းနဲ့ အညီ ထိန်းသိမ်း စစ်ဆေးနေပါတယ်။ စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့က ဥပဒေ အကြံတောင်းမယ်။ ဥပဒေက ခွင့်ပြုရင် သူတို့ တရားရင်ဆိုင်ရပါမယ် ။ ဥပဒေက ခွင့်မပြုရင် တော့ ပြန်လွတ်ပေးပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ယခုလို ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် အုပ်ချုပ်ရေး ယန္တရားတခုလုံးကို ခြိမ်းခြောက်ရာ ရောက်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုကြသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ဒေသတွင်းအခြေအနေများနှင့် ယခုလက်ရှိ ဖမ်းဆီးမှုခံနေရသည့် အပေါ် သုံးသပ်ချက်အရ “လုပ်ငန်း လုံခြုံမှု မရှိခြင်း၊ တာဝန်ခံ ကာကွယ်ပေးမည့် လူပုဂ္ဂိုလ် ( သို့မဟုတ် ) အဖွဲ့အစည်းနှင့် ဌာနများ မရှိခြင်း၊ အုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင် အဖွဲ့များက ပစ်မှတ်ထားလာခြင်းတို့ ကြောင်း ယနေ့မှ စ၍ ဆက်လက်တာဝန် ထမ်းဆောင်ရန် ဆန္ဒမရှိပါသဖြင့် တာဝန်မှ နုတ်ထွက်ပါရန် တင်ပြအပ်သည်”ဟု ၎င်းတို့၏ နုတ်ထွက်စာတွင် ရေးသားဖော်ပြထားသည်။