စစ်ဆင်ရေးများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော မြန်မာဒုက္ခသည် ၇ သိန်းခန့်ကို လက်ခံထား ပြီးနောက် ၁၈ လအကြာတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ထပ်မံလက်ခံနိုင်ခြင်း မရှိတော့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီလက်နက်ကိုင်များက လုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်မှုကြောင့် ထိုစစ်ဆင်ရေးများ ပေါ်ပေါက်လာခဲ့ပြီး ထိုစစ်ဆင်ရေးများသည် လူမျိုးစု သုတ်သင်မှုဖြစ်ကြောင်း ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နှင့် တခြား နိုင်ငံများက ပြောသည်။
မြန်မာနိုင်ငံက ထိုစွပ်စွဲချက်များကို ငြင်းပယ်သည်။
“ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ မြန်မာနိုင်ငံက နောက်ထပ် ရောက်လာသူတွေကို နေရာချထား ပေးနိုင်တဲ့ အနေအထားမှာ မရှိတော့ဘူးဆိုတာ လုံခြုံရေးကောင်စီကို အကြောင်းကြားရတဲ့အတွက် စိတ်မကောင်းပါဘူး” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူဟက်က ပြောကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။
ဒုက္ခသည်များပြန်ပို့ရေး ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် “အနှစ်သာရ မရှိသော ကတိများပေးပြီး အတားအဆီး ဖြစ်စေသော နည်းလမ်းများ သုံးသည်”ဟုလည်း သူက စွပ်စွဲသည်။ “ဖြစ်နိုင်တဲ့အခြေအနေ မရှိတဲ့အတွက် ရိုဟင်ဂျာ တယောက်တောင်မှ ရခိုင်ကို ဆန္ဒအလျောက် ပြန်တာ မရှိသေးပါဘူး” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံသည် ဇန်နဝါရီလကပင် ဒုက္ခသည်များ ပြန်လည်လက်ခံရန် အသင့်ရှိကြောင်း ကြေညာသော်လည်း ကုလသမဂ္ဂက ထိုသို့သော အခြေအနေ မရှိဟု ဆိုသည်။ မြန်မာနိုင်ငံသို့မပြန်မီ လုံခြုံရေး အာမခံချက်နှင့် နိုင်ငံသားအဖြစ် အသိအမှတ် ပြုရန် ဒုက္ခသည်များက တောင်းဆိုကြသည်။
မြန်မာနိုင်ငံကမူ နိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသောသူများ နိုင်ငံသား ရနိုင်ပြီး နိုင်ငံသား ဖြစ်ခွင့် မရှိသူများ အဖြူရောင် ကတ်ပြား ထုတ်ပေးထားကြောင်း၊ ဒုက္ခသည်များ လက်ခံရေးစခန်း ဖွင့်ပြီးနေရာချထားရေး ပြင်ဆင်ထားကြောင်း ဆိုသည်။
အနောက်အင်အားကြီး နိုင်ငံများသည် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ အး အရေးယူဆောင်ရွက်မှု မရှိခြင်းကို စိတ်ပျက်ကြောင်း ပြောသည်။
“ဒုက္ခသည်တွေ ပြန်ဖို့ ဘာတိုးတက်မှုမှ မရှိတာရယ်၊ ဒုက္ခသည်တွေ ပြန်လို့ရပြီလို့ ခံစားရအောင် အခြေအနေ ဖန်တီးပေးခြင်း မရှိတာရယ်ကြောင့် ကျနော်တို့ စိတ်ပျက်တယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် ကာရင် ပီးယာ့စ်က လုံခြုံရေး ကောင်စီတွင် ပြောခဲ့သည်။
ဒုက္ခသည်များပြန်ရေးသည် ဘေးကင်းလုံခြုံ၊ သိက္ခာရှိပြီး ဆန္ဒအလျောက် ဖြစ်ရေး အရေးပါကြောင်း လုံခြုံရေး ကောင်စီဝင် အနောက်နိုင်ငံများက အလေးထားပြောပြီး ကုလသမဂ္ဂကို ရခိုင်ပြည်နယ်သို့ ကျယ်ကျယ်ပြန့်ပြန့် ခြွင်းချက်မရှိ သွားရောက်ခွင့်ပေးရေးကို တောင်းဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ လုပ်ကိုင်နိုင်ခွင့်မှာ လုံလောက်မှု မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ်စတင်းရှရန်နာ ဘာဂျန်နာက လုံခြုံရေးကောင်စီသို့ ပြောလိုက်သည်။
“ရိုဟင်ဂျာ မွတ်စလင်တွေကို လုပ်ထားတဲ့ အတိုင်းအတာနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရ ာဇဝတ်မှု စွပ်စွဲချက်တွေကြောင့် ဒီရာစုမှာ အထူးခြားဆုံး အခြေအနေကို ဖြစ်စေပါတယ်” ဟုလည်း သူက ဆိုသည်။
ထိုအကျပ်အတည်းကို မည်သို့ကိုင်တွယ်မည် ဆိုသည်နှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီအတွင်း သဘောထား ကွဲလွဲနေကာ အနောက်နိုင်ငံများနှင့် ရုရှား၊ မြန်မာ၏ မဟာမိတ် တရုတ်တို့ အားပြိုင်နေကြသည်။
ထိုပြဿနာသည် အဓိကအားဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ပြဿနာသာဖြစ်ပြီး ၂ နိုင်ငံ အဖြေရှာရမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ သံအမတ် ဝူဟိုင်တောင်က ပြောဆိုလိုက်သည်။
ထိုအချက်ကို ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုတိယသံအမတ် ဒီမီထရီ ပိုလီယန်စကီးက သဘောတူသည်။
ဒုက္ခသည်များ ပြန်လာရေးအတွက် အချိန်ဇယား သတ်မှတ်ရန်နှင့် တာဝန်ရှိမှုကို ဖြေရှင်းရန် ရည်ရွယ်သော ဆုံးဖြတ်ချက် မူကြမ်းတစောင်ကို ဗြိတိန်က ဒီဇင်ဘာလက လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား ဖြန့်ချိသော်လည်း တရုတ်နှင့် ရုရှားတို့က ထိုဆွေးနွေးပွဲကို သပိတ်မှောက်ခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ် ဂျိုနသန် ကိုဟင်က “နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို လျစ်လျှူရှု မထားနိုင်ဘူး” ဟု ပြောသည်။
ကိုးကား ။ ။ Reuters