သွားလေသူ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၏ သားဖြစ်သူကို ခြေရာခံ ရှာဖွေရန် အကူအညီပေးလျှင် ဒေါ်လာ ၁ သန်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ကမ်းလှမ်းလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့၌ ကြေညာချက် ထုတ်ပြန်ရာတွင် မည်သည့်နိုင်ငံတွင်မဆို ဟမ်းဇာ ဘင်လာဒင်ရှိသည့်နေရာကို အကြောင်းကြား ကူညီလျှင် တရားဥပဒေဆိုင်ရာ ဆုအစီအစဉ်အရ ဆုကြေး ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဘင်လာဒင်၏သားသည် အယ်လ်ကိုင်ဒါး အကြမ်းဖက်အုပ်စု၏ အဓိကခေါင်းဆောင် တဦးအဖြစ် ပေါ်ထွက် လာပြီး ယင်းအုပ်စုမှာလည်း အင်အားကြီးထွားလာနေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် ပါရှိသည်။ ဖခင်ဖြစ်သူ ဘင်လာဒင်ကို အမေရိကန် စစ်ဖက်က ပါကစ္စတန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်၊ မေလက သုတ်သင်ခဲ့သည်။
“ဟမ်းဇာဘင်လာဒင်သည် ကွယ်လွန်သူ အယ်လ်ကိုင်ဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်၏ သားဖြစ်ပြီး ၎င်းသည် အယ်လ်ကိုင်ဒါး ဆက်ခံသည့် ခေါင်းဆောင်တဦးအဖြစ် ပေါ်ထွက်လာနေသည်” ဟု အယ်လ်ကိုင်ဒါးကို ကိုးကားလျက် အမေရိကန်နိုင်ငံခြားရေးဌာနက ပြောသည်။
အသက် ၃၀ ခန့်ရှိသည့် ဟမ်းဇာဘင်လာဒင်ကို “ကမ္ဘာတလွှား အကြမ်းဖက်များအတွက် အထူး လေ့ကျင့်ပေးထားသူ” အဖြစ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီက ကင်ပွန်းတပ်ခဲ့ကြောင်း ဆိုသည်။
အနောက်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ရန် အင်တာနက်ပေါ်တွင် ဟမ်းဇာ ဘင်လာဒင်က အသံဖိုင်နှင့် ဗီဒီယိုဖိုင်များ ထုတ်လွှင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်က အမေရိကန်တပ်များ သတ်ဖြတ်ခဲ့သော ၎င်းဖခင်အတွက် လက်စားချေမည်ဟု ခြိမ်းခြောက်ထားကြောင်း နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အိုစမာဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ၊ အဘူတာဘတ်မြို့ အနီးရှိ ခြံဝင်းတခုအတွင်း ခိုအောင်းနေရာမှ အမေရိကန် အထူးတပ်ဖွဲ့များ၏ လျှို့ဝှက်စစ်ဆင်ရေးအရ သတ်ဖြတ်ခံခဲ့ရသည်။
ထို့အပြင် ၉/၁၁ တိုက်ခိုက်မှုတွင် လေယာဉ်အပိုင်စီး ခေါင်းဆောင်နှင့် ကြိုးကိုင်သူ မိုဟာမက်အက်တာ၏ သမီးနှင့် ဟမ်းဇာက လက်ထပ်ထားကြောင်း စွပ်စွဲထားသည်။
အမေရိကန်နိုင်ငံတွင် ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုနှင့် တခြားနာမည်ဆိုးဖြင့် ကျော်ကြားသော လုပ်ရပ် များမှာ ၎င်းတို့လက်ချက် ဖြစ်ကြောင်း ဘင်လာဒင်နှင့် အယ်လ်ကိုင်ဒါးက အခိုင်အမာထုတ်ဖော်ခဲ့သည်။
အခင်းဖြစ်ပွားသည့်နေ့က အကြမ်းဖျင်း နိုင်ငံ ၇၇ နိုင်ငံမှ နိုင်ငံသားများ အပါအဝင် လူ ၃၀၀၀ နီးပါး သေဆုံး ခဲ့ရသည်။
ဆီးရီးယားမြေပေါ်တွင် အစ္စလာမ်မစ်နိုင်ငံတော် (IS) ဝါဒီများ၊ အစွန်းရောက်များ ဦးကျိုးသွားလင့်ကစား ဂျီဟတ် ပြန့်ပွားရေးအတွက် ၎င်းဖခင်၏ အရိုက်အရာကို သားဘင်လာဒင်က ဆက်ခံနေခြင်းအပေါ် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ အနေဖြင့် အလေးပေး စောင့်ကြည့်နေကြသည်။
၂၀၁၅ ခုနှစ်က ဆီရီးယားနိုင်ငံထဲတွင် ဂျီဟက်ဝါဒီများ ပေါင်းစည်းကြရန် လှုံ့ဆော်ထားသည့် အသံဖိုင်ကို သား ဘင်လာဒင်က ဖြန့်ဝေခဲ့ပြီး စစ်ပွဲကြောင့် ကြေမွနေပြီဖြစ်သော ဆီးရီးယားနိုင်ငံသည် ပါလက်စတိုင်း လွတ်မြောက်ရေး အတွက် သွားလာရန်လမ်းဟု ဆိုထားသည်။
ပြီးခဲ့သည့်တနှစ်က ဖြန့်ဝေခဲ့သော အသံဖိုင်ထဲတွင် ၎င်းဖခင်ခြေရာနင်းလျှက် သားဘင်လာဒင်က ၎င်းတို့မွေးရပ်မြေ ဆော်ဒီအာရေဗျတွင် ခေါင်းဆောင်မှုကို ဖြုတ်ချရန် တိုက်တွန်းထားသည်။
ဘင်လာဒင် သတ်ဖြတ်ခံရပြီးနောက် ကျန်ရစ်သူဇနီး ၃ ဦးနှင့် သားသမီးများကို ဆော်ဒီအာရေဗျသို့ ပြန်ဝင်ခွင့် ပေးခဲ့သည်။
သို့သော် ဟမ်းဇာဘင်လာဒင် ရှိနေသည့်နေရာနှင့် ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ အငြင်းပွားစရာ ဖြစ်ခဲ့သည်။ ရှီးယိုက်မွတ်စလင် လွှမ်းမိုးရာ တိုင်းပြည်တွင် အယ်လ်ကိုင်ဒါးအပေါ် ရှုတ်ချသံများ ကျယ်လောင်ခဲ့သော်လည်း ၎င်းသည် ထိုနှစ်များက မိခင်နှင့်အတူ အီရန်တွင် တောက်လျှောက် ရှိနေခဲ့သည်ဟု ယုံကြည်ရသည်။
တီဟီရန်ရှိ ဘာသာရေး ခေါင်းဆောင် ကြီးစိုးသော အာဏာရှင်အစိုးရက ပြိုင်ဘက် ဆော်ဒီအာရေဗျနှင့် အယ်လ်ကိုင်ဒါးတို့ အပေါ် ဖိအားပေးမှု ထိန်းထားရန် သားဘင်လာဒင်ကို နေအိမ် အကျယ်ချုပ်ထားခြင်းဖြင့် ဆွန်နီ စစ်သွေးကြွများ အီရန်သို့ လာတိုက်ခြင်းကို ထိန်းညှိ ချွေးသိပ်ပေးထားနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောကြသည်။
ဟမ်းဇာဘင်လာဒင်၏ ဖအေတူမအေကွဲ ညီအစ်ကိုများက ဂါးဒီးယန်း သတင်းစာသို့ ပြောကြားရာတွင် ယမန်နှစ်က ဟမ်းဇာ ရောက်ရှိနေသည့်နေရာကို တိတိကျကျ မသိရသော်လည်း ၎င်းသည် အာဖဂန် နစ္စတန်တွင် ရှိကောင်းရှိနိုင်ကြောင်း ဆိုထားသည်။
ကိုးကား။ ။ AP နှင့် Reuters